ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အမှတ်(၅)ရပ်ကွက်အတွင်း ဧပြီလ (၁၇)ရက်နေ့ နံနက်(၁၁)နာရီခန့်တွင်  ဖြစ်ပွားခဲ့သည့် မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

 

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အမှတ်(၅)ရပ်ကွက်အတွင်း ဧပြီလ (၁၇)ရက်နေ့ နံနက်(၁၁)နာရီခန့်တွင်  ဖြစ်ပွားခဲ့သည့် မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ အကြမ်းဖက် AA အဖွဲ့က တပ်မတော်မှ လုပ်ဆောင်ခဲ့ကြောင်းနှင့် ဘူးသီးတောင်မြို့နယ်နေ မွတ်စလင်များမှ လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲချက် ထွက်ပေါ်မှုများ၊ အိန္ဒိယမီဒီယာတစ်ခုမှ စွပ်စွဲရေးသား ဖော်ပြမှုများ၊ AA အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ထွန်းမြတ်နိုင်ရဲ့ လူမှုကွန်ရက်တွင် မြန်မာနိုင်ငံတွင် ဟိန္ဒူဘာသာဝင် (၁၆၀၀) နှင့် ဗုဒ္ဓဘာသာဝင် (၁၂၀)အား အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့က ဖမ်းဆီးထားကြောင်း ရေးသားချက်၊ ဖော်ပြချက်များနှင့် ပတ်သက်၍  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

 

    ဒီကနေ့မှာတော့ ကျွန်တော်တို့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ အမှတ် (၅) ရပ်ကွက်မှာ ဧပြီလ ၁၇ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်။ မီးလောင်ကျွမ်းမှုနဲ့ ပတ်သက်ပြီးတော့ အကြမ်းဖက် AA အဖွဲ့အနေနဲ့လည်း AA အဖွဲ့က တပ်မတော်က လုပ်ဆောင်တယ်။   တချို့ဘူးသီးတောင်မှာနေတဲ့ မွတ်စလင်တွေက   လုပ်ဆောင်ခဲ့တယ်ဆိုပြီးတော့   စွပ်စွဲချက်များ ထွက်ပေါ်နေတာကိုလည်း ကျွန်တော်တို့ တွေ့ရပါတယ်။ ဒါ့အပြင် အိန္ဒိယရဲ့ မီဒီယာတစ်ခုဖြစ်တဲ့ The Indian Express ဆိုတဲ့ သတင်းဌာနကလည်း ဒါနဲ့ပတ်သက်ပြီး ရေးသားနေတာလည်း  တွေ့ရပါတယ်။ ဒါ့အပြင် AA အကြမ်းဖက်  ခေါင်းဆောင် ထွန်းမြတ်နိုင်ကလည်း သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ မြန်မာနိုင်ငံမှာ ဟိန္ဒူဘာသာဝင် ၁၆၀၀ နဲ့ ဗုဒ္ဓဘာသာဝင် ၁၂၀ ကို အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့တွေက ဖမ်းဆီးထားတယ် ဆိုပြီးတော့ ရေးသားထားတာကို တွေ့ရပါတယ်။ ဒီရေးသားချက်များ ဖော်ပြချက်များသည်   ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောဒေသမှာ လူမျိုးရေး ပဋိပက္ခဖြစ်ပွားအောင် တပ်မတော်နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို အထင်အမြင်လွဲအောင်  တမင်သက်သက် ယုတ်မာတဲ့ လုပ်ကြံဖန်တီး ရေးသားမှုများသာ ဖြစ်တယ်ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဖော်ပြခဲ့တဲ့ မီဒီယာကိုလည်း ကျွန်တော်တို့အနေနဲ့ အပြင်းအထန် ရှုတ်ချပါတယ်၊ ကန့်ကွက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုလို့ရှိရင် ပထမဦးဆုံး ကျွန်တော်တို့   ဘူးသီးတောင်၊ ရပ်ကွက်ကြီး ၅ ပေါ့။ အမှတ် ( ၅ ) ရပ်ကွက်အကြောင်းကို    ကျွန်တော်ပြောပြချင်ပါတယ်။   အမှတ်(၅)ရပ်ကွက်ဆိုတာ မောင်တောဘက်ကနေဝင်ရင် ကျွန်တော်တို့ ဒီကားလမ်းရဲ့ တောင်ဘက်ခြမ်းမှာရှိတဲ့ ရပ်ကွက်ပဲဖြစ်တယ်။  သူ့ရဲ့အဝင်ဝမှာ ကျွန်တော်တို့ WFP ရဲ့ ဂိုဒေါင်တွေ၊ ယခင်တုန်းက ကျွန်တော်တို့ ဒုက္ခသည်တွေ ကူညီဖို့အတွက် ဆန်တို့ ဂျုံတို့ထားတဲ့ ဂိုဒေါင်တွေရှိတဲ့ နေရာဖြစ်ပါတယ်။ ဘူးသီးတောင်မြို့ပေါ်မှာ AA ကနေစတင်တိုက်ခိုက်ခဲ့ကတည်းက  အမှတ်(၅)ရပ်ကွက်မှာ လူနေတာ တော်တော်နည်းပါတယ်။  ဒီအမှတ်(၅)ရပ်ကွက်က လူတွေသည် ဘူးသီးတောင်မြို့ရဲ့ အနောက်တောင်ဘက်ပေါ့။ ဘူးသီးတောင်မြို့ကို ရေပေးနေတဲ့  ကန်တော်ကြီး အဟောင်းအသစ်ရှိတဲ့ နေရာတစ်ဝိုက်ကဖြစ်တယ်။  သူတို့သည် အများအားဖြင့် မြို့ထဲမှာ ရွှေ့ပြောင်းနေထိုင်တာဖြစ်တယ်။

အဲ့ဒီမှာ  ကျွန်တော်တို့  အဲ့ရပ်ကွက်မှာ ဟိန္ဒူတွေရော၊  မွတ်စလင်တွေရော၊  ရခိုင်တိုင်းရင်းသားတွေရော နေထိုင်တဲ့ ရပ်ကွက်ဖြစ်ပါတယ်။  ဘူးသီးတောင်၊ မောင်တောဒေသမှာ ဘူးသီးတောင်မြို့ရဲ့ ထူးခြားချက်ကို အရင်ပြောချင်တယ်။ ဘူးသီးတောင် မောင်တောဒေသမှာ လူမျိုးရေး ပဋိပက္ခတွေဖြစ်ပွားတိုင်း ဖြစ်ပွားတိုင်းမှာ ဘူးသီးတောင်မြို့သည် အများအားဖြင့် တော့  လူမျိုးရေးပဋိပက္ခနဲ့ ပတ်သက်ပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်နိုင်တဲ့မြို့ ဖြစ်ပါတယ်။ ဘာကြောင့် ထိန်းထိန်းသိမ်းသိမ်း လုပ်နိုင်လဲဆိုတော့ အဲဒီမှာရှိတဲ့ မွတ်စလင်အဖွဲ့အစည်းတွေ၊ ရခိုင်အဖွဲ့အစည်းတွေ၊ တပ်မတော်နဲ့မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စတဲ့ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ အစိုးရဝန်ထမ်းတွေက အမြဲတမ်း ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် လုပ်ခဲ့တဲ့အတွက်  ဘူးသီးတောင်မြို့ပေါ်မှာ မွတ်စလင်အများစု နေထိုင်တယ်ဆိုပေမယ့်  ပဋိပက္ခ အနည်းငယ်ရှိကောင်းရှိမယ်။  ကြီးကြီးမားမားဖြစ်တဲ့ ဖြစ်ရိုးဖြစ်စဉ်မရှိခဲ့ဘူး။   ဒီအချိန်ကျမှ AA အနေနဲ့ ဒါကို လူမျိုးရေး ပဋိပက္ခအသွင်ဆောင်အောင် လုပ်ဆောင်နေခြင်းသာ ဖြစ်ပါတယ်။  ပထမဦးဆုံးပြောချင်တာက ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ လူမျိုးရေးပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အစောဆုံး မှတ်တမ်းတင်နိုင်တာက ၁၉၄၂ ခုနှစ်မှာဖြစ်ပွားခဲ့တယ်ဆိုတာ မှတ်တမ်းတင်နိုင်ခဲ့တယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာ အင်္ဂလိပ်တွေက ရခိုင်ကနေဆုတ်ခွာတယ်။ စစ်ပွဲလက်ကျန် လက်နက်ခဲယမ်းတွေ ရခိုင်ပြည်နယ်မှာ  ပျံ့နှံ့နေခဲ့တယ်။ အဲဒီကြားထဲမှာပဲ ရခိုင်အဖွဲ့က ဦးပညာသီဟနဲ့ ဦးလှကျော်တို့က အင်္ဂလိပ်စစ်တပ်ကနေ လက်နက်ခဲယမ်းတွေ ခိုးထုတ်ပြီး   ရခိုင်တွေလက်ထဲကို လက်နက်တွေ ဖြန့်ဝေခဲ့တာတွေရှိတယ်။ အဲဒီလက်နက်တွေနဲ့ပဲ   တချို့စစ်ပြေး ဒုက္ခသည်တွေကို  လုယက်တာတွေရှိခဲ့တယ်။  မွတ်စလင်ရွာတွေကို တိုက်ခိုက်ခဲ့တာတွေ ရှိခဲ့တယ်။  အဲဒါကြောင့်လည်း မြေပုံမြို့၊ ရက်ချောင်းရွာပေါ့။ အဲဒီတုန်းက ရက်ချောင်းရွာက မွတ်စလင်တွေ အများစုနေရာဖြစ်တယ်လို့ သိရပါတယ်။ ရက်ချောင်းရွာကို  သူကြီးလုပ်နေတာက ရခိုင်လူမျိုးက  လုပ်နေတာဖြစ်ပါတယ်။ အဲဒီမှာ သူကြီးသားအဖကို အသတ်ခံရတဲ့အတွက် ရက်ချောင်းရွာကို မီးရှို့ခဲ့တာရှိတယ်။ အဲဒီကနေ စတင်ပြီးဖြစ်ပွားခဲ့တာ ရှိတယ်လို့သိရပါတယ်။ နောက်ပိုင်းမှာတော့ ၁၉၈၈  ခုနှစ်မောင်တော ပဋိပက္ခဖြစ်ပွားခဲ့တာ ရှိခဲ့တယ်။

၂၀၁၂ ခုနှစ်၊  မေလ ၂၈  ရက်နေ့မှာ ကျောက်နီမော်ကိစ္စ၊ မသီတာထွေးကိစ္စတွေ ဖြစ်ပွားခဲ့တာရှိခဲ့တယ်။   ကျန်တဲ့ပဋိပက္ခတွေလည်း ဖြစ်ပွားခဲ့တာတွေလည်း ရှိခဲ့တယ်။ အဲဒီမှာ ကျွန်တော်တို့ပြည်သူလူထု ရှင်းရှင်းလင်းလင်းသိဖို့က ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ လူမျိုးရေး ပဋိပက္ခတွေကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊  အစိုးရဝန်ထမ်းပိုင်းဆိုင်ရာအဖွဲ့အစည်းတွေက ဘယ်တုန်းကမှစတင်ခဲ့တာ မရှိဘူး။ လူမျိုးစုဘက် တစ်ဘက်ဘက်ကသာ စတင်ခဲ့တာရှိတယ်။ အဲဒီစတင်ခဲ့တဲ့ ပဋိပက္ခတွေကို  တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ အစိုးရဝန်ထမ်းတွေနဲ့ ပြန်လည်ထိန်းသိမ်းရတာဖြစ်တယ်။   ရခိုင်ပြည်နယ်မှာ လူမျိုးရေး ပဋိပက္ခဖြစ်ရင်   ဘယ်လောက်အထိထိန်းသိမ်းရ ခက်ခဲတယ်ဆိုတာ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊  လုံခြုံရေးအဖွဲ့တွေနဲ့ အစိုးရဝန်ထမ်းပိုင်း အားလုံးသိတယ်။

ဒါကြောင့်မလို့   ကျွန်တော်တို့အနေနဲ့ လူမျိုးရေးပဋိပက္ခ    ဘယ်တုန်းကမှလည်း မဖန်တီးခဲ့ဘူး။  ပဋိပက္ခဖြစ်လာရင်လည်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေ၊ အစိုးရဝန်ထမ်းပိုင်းဆိုင်ရာတွေသည် ခေါင်းခံရတယ်၊ တာဝန်ခံရတယ်ဆိုတာ သိပြီးဖြစ်တယ်။ ဘယ်လောက်ခက်ခဲတယ်ဆိုတာ  သိပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ ဘယ်တုန်းကမှ လုပ်ဆောင်ခဲ့တာမရှိပါဘူး။    ပဋိပက္ခတွေဖြစ်ပွားလို့ ထိန်းသိမ်းလုပ်ဆောင်တဲ့ နေရာမှာတော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ၊ အစိုးရဝန်ထမ်းတွေကို ဘယ်ဘက်ကလိုက်တယ်၊ ညာဘက်ကလိုက်တယ်   ဒီလိုမျိုးစွပ်စွဲချက်တွေ ရှိကောင်းရှိတယ်။ ဘယ်တုန်းကမှလည်း

မစတင်ခဲ့ဘူး။  နောင်မှာလည်း စတင်မှာမဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောချင်တယ်။ နောက်တစ်ခုကတော့  ကျွန်တော်ပြောခဲ့တဲ့ ဘူးသီးတောင်ဒေသရဲ့ ထူးခြားချက်  ကျွန်တော်ပြောခဲ့ပြီးပါပြီ။    ပဋိပက္ခကြီးကြီးမားမား မဖြစ်ပွားခဲ့ပါဘူး။ ဒီ AA ဝင်လာမှသာ လူမျိုးရေးနဲ့ ပတ်သက်ပြီး လှုံ့ဆော်နေတာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ရခိုင်ပြည်နယ် တစ်ပြည်နယ်လုံးမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကိုပြောနေရင် အများကြီးရှည်သွားမယ်။ ဒါကြောင့်မလို့ ဘူးသီးတောင်ဒေသမှာ ယခုအနီးကပ်ဆုံး ဖြစ်ခဲ့တဲ့အခြေအနေတွေကိုပဲ   ကျွန်တော်ပြောပါမယ်။ ၂၀၁၃ ခုနှစ် ၁၂ လပိုင်းမှာ ဘူးသီးတောင် နန်းရားကုန်း ကျေးရွာအုပ်စုမှာ AA က ဘူးသီးတောင်မြို့ ပတ်ဝန်းကျင်မှာရှိတဲ့ မွတ်စလင်ရွာတွေကို ရွာတစ်ရွာမှာ သုံးယောက် မလာ မနေရဆိုပြီး အစည်းအဝေးခေါ်တယ်။ အစည်းအဝေးခေါ်ပြီးတော့ မွတ်စလင်တွေကို  သူတို့နဲ့ပူးပေါင်းဖို့ စတင်ပြောခဲ့တယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့မှာပဲ ဘူးသီးတောင် ရပ်ကွက်(၄)မှာနေတဲ့ အာရ်မန်ဆိုတဲ့ မွတ်စလင်ကို ဆိုင်ကယ်နှစ်စီးနဲ့ AA က ဖမ်းဆီးသွားတယ်။ အဓိကကတော့ တပ်မတော်နဲ့ ပူးပေါင်းတယ်ဆိုပြီး ဖမ်းဆီးသွားတာဖြစ်တယ်။   ဒီနေ့အထိ ပြန်လွတ်လာခြင်းမရှိဘူး။ အဲ့ဒီလိုဖမ်းဆီးတဲ့အပြင် ဖမ်းဆီးပြီးနောက်ပိုင်းမှာလည်း ပူးပေါင်းရင်သူတို့လို ဖမ်းဆီးခံရမယ်ဆိုပြီး ခြိမ်းခြောက်တာမျိုး ရှိခဲ့တယ်။  နောက်တစ်နေ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့မှာ ဘူးသီးတောင် ကျောက်ဖြူသားသေကံ ကျေးရွာအုပ်စုမှာ မနက် ၁၀ နာရီမှာ AA က နိုင်ငံရေးမှူးတို့ စစ်ဒေသမှူးတို့ အမည်ခံထားတဲ့သူ ၂၀ လောက်က မွတ်စလင်ကျေးရွာတွေ အားလုံးကို အစည်းအဝေးခေါ်တယ်။ ခေါ်ပြီး မွတ်စလင်ကျေးရွာများကို ကျေးရွာတစ်ရွာမှာ လူ ၁၀ ယောက်စီ သူတို့ AA နဲ့ပူးပေါင်းဖို့ ဆောင်ရွက်ပေးဖို့ပြောတယ်။ AA ကိုထည့်ပေးဖို့ပြောတယ်။ မပေးနိုင်ဘူးဆိုရင်   သူပုန်ရွာတွေအဖြစ် သတ်မှတ်မယ်ဆိုပြီး  ပြောခဲ့တာမျိုး ရှိပါတယ်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက် နေ့မှာတော့  ညောင်ချောင်းမှာပဲ မူဆလင် ကျေးရွာတွေက    ကျေးရွာလူကြီးတွေ၊ တာဝန်ခံတွေ ငါးယောက်ကိုခေါ်တယ်။ ခေါ်ပြီးတော့ သူတို့တောင်းထားတဲ့လူတွေ ရပြီလား။ အမြန်ဆုံးပေးဖို့ ဆိုပြီး ပြောခဲ့တာရှိတယ်။ အဲ့ဒီလမှာပဲ ဘူးသီးတောင်မြို့ရဲ့ အနောက်ဘက်မှာရှိတဲ့ မွတ်စလင်ကျေးရွာတွေဖြစ်တဲ့   လက်ဝဲဒက်ပုဇွန်ချောင်း ကျေးရွာကို AA ဝင်ရောက်လာပြီးတော့ သူတို့နဲ့မပူးပေါင်းဘူး ဆိုပြီး ရွာတစ်ရွာလုံးကို မီးရှို့ခဲ့တယ်။ အဲ့ဒီလို မီးရှို့ခဲ့တဲ့အတွက် အဲ့ဒီက ဒုက္ခသည်တွေ အားလုံးကို မွတ်စလင်ဒုက္ခသည်တွေ အားလုံးကို  ကျွန်တော်တို့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ၊ အစိုးရဝန်ထမ်းတွေနဲ့ မြို့ထဲကိုပြောင်းရွှေ့ပေးရတာ ရှိပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အစိုးရဝန်ထမ်းတွေ အနေနဲ့ မြို့ထဲကို ပြောင်းရွှေ့ပေးရတာတွေ ရှိတယ်။၂၀၂၄ ခုနှစ်  မတ်လ ၁၀  ရက်နေ့မှာတော့ ယခင်က မွတ်စလင်အဖွဲ့အစည်းတွေ ဖြစ်ခဲ့တဲ့ မွတ်စလင်အဖွဲ့အစည်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ ဦးထွန်းခင်နဲ့ နေဆန်းလွင်တို့ဟာ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဒုက္ခသည်စခန်းတစ်ခုကို ရောက်လာတယ်။AA က ခေါင်းဆောင်ပိုင်းတချို့နဲ့တွေ့တယ်။တွေ့ပြီးတော့ကျ Refugees Camp ကနေပြီးတော့ မွတ်စလင်လူငယ် ၅ သောင်းလောက်ကို AA နဲ့ပူးပေါင်းအောင် ဆောင်ရွက်ပေးဖို့ဆိုပြီး  ဆွေးနွေးခဲ့တာတွေ ရှိတယ် ဆိုတာကို သတင်းရရှိပါတယ်။ ရှိတယ်။

၂၀၂၄  ခုနှစ်  မတ်လ ၁၃  ရက်နေ့မှာတော့ AA အနေနဲ့ ဘူးသီးတောင်မြို့မှာ ဘူးသီးတောင်မြို့ကနေ  မွတ်စလင်တွေ   ထွက်ခွာသွားဖို့ဆိုပြီး   စာတွေဖြန့်ဝေခဲ့တာရှိတယ်။ ဒါကြောင့်မလို့ မတ်လ ၁၉ ရက်နေ့မှာ မွတ်စလင် ၅ ထောင်လောက်  AA ကို အလိုမရှိတဲ့အကြောင်း  ဆန္ဒပြတာတွေရှိတယ်။ ၂၃ ရက်နေ့မှာလည်း  ထပ်မံပြီး ဆန္ဒပြခဲ့တာရှိပါတယ်။ အဲ့ဒီ ၂၃ ရက်နေ့မှာပဲ AA အနေနဲ့ ညောင်ချောင်းရယ် စိမ်းညှင်းပြားရယ် ဂူဒါပြင်မွတ်စလင်တွေကို AA ကိုထောက်ခံကြောင်း တန်ပြန်ဆန္ဒပြဖို့ဆိုပြီးတော့ အတင်းအကျပ် စေခိုင်းခဲ့တာရှိတယ်။ သို့သော်သွားရောက်ခဲ့ခြင်း မရှိတဲ့အတွက် ကျေးရွာတွေကို ခြိမ်းခြောက်စာတွေ ပို့ခဲ့တာလည်း တွေ့ရပါတယ်။ မတ်လ  ၂၆ ရက်နေ့မှာတော့    ဘူးသီးတောင်က  နုရ်ဘော်ရှိရ်ဆိုတဲ့ မွတ်စလင်အမျိုးသား တစ်ယောက်ကို ဆန္ဒပြပွဲတွေ လုပ်ခဲ့တယ်ဆိုပြီးတော့ AA က ဖမ်းဆီးသွားတာရှိပါတယ်။ မတ်လ ၃၀ ရက်နေ့မှာတော့ ဘူးသီးတောင်မြို့ ပြည်သူ့ဆေးရုံက ဝန်ထမ်းတွေကို ခြိမ်းခြောက်ပြီးတော့  AA အနေနဲ့ ဆေးရုံကိုပိတ်ပစ်လိုက်တယ်။   ဆေးရုံကိုပိတ်ပြီး အဲ့ဒီကဝန်ထမ်းတွေကို စေတီတောင်  AA အခြေပြုနေတဲ့ စေတီတောင်ကို   ခေါ်သွားပြီးတော့   AA ကိုကုသဖို့ ဆိုပြီးတော့ ဆေးရုံဖွင့်လှစ်ခဲ့တာ ရှိပါတယ်။ 

ဒီလပိုင်း  ဧပြီလ ၉ ရက်နေ့မှာတော့ ဘူးသီးတောင်အရှေ့ဘက်နဲ့  အနောက်ဘက်ကူးနေတဲ့ ပန်းဇင်းတံတားနားလေးမှာရှိတဲ့  နန်းရားကုန်းကျေးရွာ  မွတ်စလင်ရွာ ဖြစ်ပါတယ်။    နန်းရားကုန်းကျေးရွာ မွတ်စလင်တွေကို AA အနေနဲ့ပန်းဇင်းတံတားကို သိမ်းဖို့ဆိုပြီးတော့   အတင်းနှင်ထုတ်ခဲ့တာတွေ ရှိပါတယ်။  သူတို့နဲ့ မပူးပေါင်းခဲ့တဲ့ရွာတွေဖြစ်တဲ့  ကွန်တိုင်၊ ရွက်ညိုတောင်၊ ဦးလှဖေ အဲ့ဒါမွတ်စလင် ရွာကြီးတွေဖြစ်ပါတယ်။ အဲ့ဒီရွာသုံးရွာကို ဧပြီလ ၁၂ ရက်နေ့ ညနေ ၃  နာရီခွဲအချိန်လောက်မှာ   AA က လက်နက်ကြီး၊  လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်။ ဗုံးသီး အလုံး ၁၀၀ ကျော်လောက် ကျခဲ့တယ်။  မွတ်စလင်များ သေကျေပျက်စီးမှုတွေလည်းရှိတယ်။   အဲ့ဒီကနေ ရွာကိုစွန့်ခွာလာပြီးတော့   ဘူးသီးတောင်ဘက်ခြမ်းမှာရှိတဲ့ ကကျက်ဘက်တို့၊  အလယ်ချောင်းတို့၊  ကန်ပြင်တို့ ဘူးသီးတောင်မြို့ပေါ်တို့ကို  ပြောင်းရွှေ့ပေးခဲ့တာရှိပါတယ်။  သင်္ကြန်အတက်နေ့ ၁၆ ရက်နဲ့ နှစ်ဆန်းတစ်ရက်နေ့ ၁၇  ရက်နေ့မှာတော့   AA  အနေနဲ့ ဘူးသီးတောင်တစ်ဝိုက်မှာ ရှိတဲ့ရွာတွေကို  အသံချဲ့စက်နဲ့ မွတ်စလင်ရွာတွေကို  အသံချဲ့စက်နဲ့ လိုက်အော်ပြီးတော့ ကျေးရွာအုပ်စုတစ်စုကို လူလတ်ပိုင်းအယောက် (၂၀၀) AA ကိုပေးဖို့ တောင်းဆိုနေတာရှိတယ်။

ပြီးရင် တပ်ကိုဆန့်ကျင်ဖို့ မပေးရင်သူတို့အနေနဲ့ အတင်းအကျပ် ဖမ်းဆီးရမယ်၊ ပြီးရင် နေရာပြောင်းမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ရှိနေတာကို တွေ့ရပါတယ်။ ဒါတွေက တကယ့်လက်တွေ့မြေပြင်မှာဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေဖြစ်တယ်။     ဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ဖုံးကွယ်ချင်တဲ့ အတွက် မဟုတ်မမှန် စွပ်စွဲပြောဆိုတာမျိုးဖြစ်တယ်ဆိုတာ ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့   ဒီဘူးသီးတောင်-မောင်တောဒေသ    လုံခြုံမှုရှိစေရေး၊ ဘူးသီးတောင် - မောင်တောဒေသမှာ ရှိနေတဲ့ တိုင်းရင်းသားများ၊ မွတ်စလင်များ၊ အားလုံးနေထိုင်ကြသူများ အနေနဲ့ ပဋိပက္ခများ မဖြစ်ပွားစေရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။    AA နဲ့ပတ်သက်လာပြီး   ဘူးသီးတောင်မြို့- မောင်တောမြို့ပေါ်မှာ  ပြောဆိုနေတာက သူတို့ကိုယ်သူတို့ (AA -Arakan Army)) ဆိုပြီး ပြောကြတယ်။ အဲဒီဘက်ဒေသမှာတော့ လူတိုင်းမေးကြည့်ရင် သိနိုင်ပါတယ်။ AA မဟုတ်ပါဘူး ADA ပါ။ (Arakan Drug Army)) ဖြစ်ပါတယ်။  သူတို့ရဲ့ အဓိကစီးပွားရေး လုပ်ငန်းသည်   မူးယစ်ဆေးဝါးသယ်ယူ/ ပို့ဆောင်နေတဲ့ လုပ်ငန်းပဲဖြစ်ပါတယ်။ ရန်ကုန်မှာမိလိုက်ရင်လည်း AA အဖွဲ့နဲ့ပတ်သက်နေတာပဲ၊ မန္တလေးမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး၊   စိတ်ကြွဆေးတွေနဲ့ ပတ်သက်ပြီး   ကျွန်တော်တို့  ဖော်ထုတ်ဖမ်းဆီးရမိရင်လည်း   ဗဗ နဲ့ ပတ်သက်နေတာပဲဖြစ်ပါတယ်။ ဒီလိုမျိုး မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းကို  အားပေးထောက်ခံနေတာ၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး အကြမ်းဖက်အဖွဲ့အစည်းအတွက် လှုံ့ဆော်ပေးနေတာမှန်သမျှသည်  အကြမ်းဖက်လုပ်ရပ်များ  ကမ္ဘာမှာ  မူးယစ်ဆေးဝါးပြန့်ပွားရေးလုပ်ရပ်များကို အားပေးကူညီနေသူတွေ ဖြစ်တယ်ဆိုတာကို    သိစေချင်ပါတယ်။  အားလုံးကို  ကျေးဇူးတင်ပါတယ်။