အောင် ရဲ့ အောင်

 

အောင် ရဲ့ အောင်

 

ယမန်နေ့မှအဆက်

 

    အမျိုးသမီးတွေရဲ့  အိမ်မှုဘဝဟာ ဘာမဟုတ်တဲ့    ထောင်သောင်းများစွာ အသေးအဖွဲလေးတွေနဲ့ အချိန်ကုန်နေပြီး မိန်းမတွေရဲ့ နေ့စဉ်ဘဝဟာ   အနစ်နာခံ နေရတာတွေ လီနင်ရဲ့ On The Emancipation Of Women ထဲက ကိုလတ်က ကောက်နုတ်ရေးပေးပြီး    ငါ့ကို   အစားအသောက်ကို ကျန်းမာရေးအတွက် သင့် တင့်ရုံချက်စားပြီး   အဆောင်မှာဖြစ်ဖြစ်၊ အိမ်မှာဖြစ်ဖြစ် အချိန်တွေ အလဟဿဖြုန်း မပစ်ဖို့၊  စာများများဖတ်ဖို့၊ အသေးအဖွဲတွေမှာ အချိန်ကုန်မယ့်အစား အရေးကြီး တဲ့ကိစ္စတွေကို တွင်တွင်ကျယ်ကျယ် လုပ်နိုင်ဖို့ရယ်၊ ကိုယ့်ကိုယ်ပိုင် အချိန်မှာတော့ ကိုယ်စိတ်သက်သာရာ ရကြောင်း  အနားယူပြီး  စိတ်တူတဲ့ အပေါင်းအသင်းတွေနဲ့ ရယ်စရာ၊  မောစရာတွေပြောတာတွေဟာလည်း    ဦးနှောက်ဆေးခြင်း တစ်မျိုးပါပဲတဲ့။ သူလည်း စိတ်ညစ်တဲ့အခါ၊ ခေါင်းရှုပ်လာတဲ့အခါမှာ သူငယ်ချင်းတွေထဲမှာ ရော နေလိုက်တာပဲတဲ့။

အဲဒီညနေက  ကိုအောင်နဲ့  ခြံထဲက ခုံတန်းလျားပေါ်မှာ ထိုင်ပြီး စကားပြောနေတာ အတော်ကြာတယ်။ ဘကြီးက လမ်း လျှောက်ထွက်နေတော့ အိမ်မှာ ခြံအလုပ် လုပ်နေတဲ့ ဆုကူသီးဆိုတဲ့ ကုလားကြီးက လွဲလို့ ဘယ်သူမှမရှိဘူး။ ပြောနေမိတာက ကိုလတ်အကြောင်းတွေ အတော်များများပါတယ်။

ကိုလတ်ကွယ်ရာမှာ ကိုလတ်နား ရောက်အောင် သတင်းပို့ပေးမယ့် လူတွေရှေ့မှာ အတင်းပြောရတာ  ဘယ်လိုမြိန်မှန်းမသိဘူး။ ကိုလတ်က ရှုတည်တည်ကြီးနေပြီး ရယ်စရာပြောတတ်တဲ့ အကြောင်း၊ ငါ့ကို ခဏခဏငိုအောင် စတတ်တဲ့အကြောင်း၊ လေချိုတသွေးသွေးနဲ့ ဘယ်သူ့အပေါ်မှာ မဆို အနိုင်ယူတတ်တဲ့အကြောင်း ငါလည်း တဖွဖွနဲ့ပြောလိုက်တာ ခုမှပဲသတိထားမိ တယ်။ ကိုလတ်အကြောင်းချည်းပဲ။

ခါတိုင်းဆိုရင်    ကိုအောင်က   သူ့သူငယ်ချင်းအကြောင်း ပြောရင်း မျက်လုံး တွေက   အရောင်တောက်လာပြီး သူ့သူငယ်ချင်းကို နောက်ချင်ပြောင်ချင်သလို မျက်နှာနဲ့    ပြုံးချင်ပြုံးလာတတ်တယ်။

အများအားဖြင့် ကြင်နာရိပ်သန်းတဲ့ စကားတွေနဲ့ အထင်ကြီးလေးစားတဲ့ အပြုအမူတွေနဲ့  ကိုလတ်ကို   ကာကွယ်နေတတ်တယ်။ ဒီညနေကတော့ ကိုအောင့်မျက်နှာ ညှိုးနေတယ်။

သူ့မျက်လုံးအရောင်တွေကလည်း မှိန်နေတယ်။ ခါတိုင်း အင်မတန်ဖျတ်လတ်တဲ့ အမူအရာကလည်း  လေးနေပြီး   ငိုင်တိ ငိုင်တိုင်နဲ့၊ ခုံတန်းလျားရှေ့က ခပ်အုပ်အုပ် ယုဇနပန်းရုံကြီးကို ငေးစိုက်နေတယ်။ ဒီ ပန်းရုံကြီးဟာ ပွင့်တဲ့ရာသီဆိုရင် ဖွေးဖွေး လှုပ်ပြီး မွှေးကြိုင်နေတာပဲ။  ကိုလတ်က အဲဒီပန်းနံ့သိပ်ကြိုက်တာ။   ကျွန်တော်က အနံ့ပြင်းလို့ သူ့ကို စံပယ်တို့၊ ဇွန်ပန်းတို့ လောက်မကြိုက်ဘူး။ ကိုလတ် နမ်းကြည့်ချင်တယ်ဆိုလို့ ကျွန်တော့်ခေါင်းက ပန်းတောင်ဖြုတ်ပေးရသေးတယ်လို့   ငါက စကားစပ်တာနဲ့ အသေးစိတ်ပြန်ပြောပြတော့ ကိုအောင်က ပြုံးရုံသာပြုံးပြတယ်။ သူ့အပြုံးက  လုံးလုံးအသက်မပါဘူး။ ငါသိတာပေါ့။

နေရောင်ဟာ   ပန်းချုံနွယ်တွေကနေ တဖြည်းဖြည်း ဆုတ်ခွာစပြုလာတော့   မိုး ချုပ်တော့မယ်၊  ငါပြန်မှပဲလို့   ကိုအောင် က ရုတ်တရက် စကားအစမသတ်သေးခင် ထလိုက်တယ်။  ခုံတန်းရဲ့နောက်ဘက်မှာတော့   ခွာဖြူတွေပွင့်နေလို့   သူ့ရနံ့က ပတ်ဝန်းကျင်တစ်ခုလုံး သင်းသင်းလေး မွှေးနေတယ်။ ခြံစည်းရိုးမှာ ကပ်ပေါက်နေတဲ့  ဇီဇဝါပန်းပင်တွေက  ပန်းတွေလည်း မွှေးနေတာပဲ။  ငှက်တွေ တစ်အုပ်ပြီးတစ် အုပ် ငါတို့ခေါင်းပေါ်က ပျံသွားကြတယ်။ သူတို့ဟာ လယ်ကွင်းတွေ၊ စိုက်ခင်းတွေ က  ဖြတ်ပျံလာကြပြီး  ငါတို့အိမ်နောက် ဘက်က ဝါးရုံတောတန်းဘက်ကို အိပ်တန်း တက်ကြတာပဲ။  ကိုအောင့်ကို ခြံဝအထိ လိုက်ပို့တော့လည်း တစ်ချိန်လုံး ကိုအောင် က   အတွေးတွေနဲ့  နှုတ်ဆိတ်နေတယ်။ တံခါးဝရောက်တော့    ကိုအောင်ဘာဖြစ် နေတာလဲလို့  ငါမေးတယ်။ ကိုအောင်က ပြုံးရင်း ခေါင်းသာခါနေတယ်။ သူ့မျက်လုံး တွေမှာ  မျက်ရည်တွေ  လည်နေတာပဲ။ တစ်ခုခုတော့ဖြစ်နေပါပြီ ကိုအောင်ရယ်၊ ကျွန်တော့်ကို    အမှန်အတိုင်းပြောပါဆို တော့မှ   သူ့ဘယ်လက်မှာ  ပတ်ထားတဲ့ နာရီကို  လက်ညှိုးထိုးပြပြီး  “ကိုလတ်ရဲ့ နာရီ ယူထားမလား”လို့ မေးတယ်။

ဒီတော့မှ အခြေအနေကို ငါသိရတယ်။ ငါ့ရင်ထဲမှာ တုန်လှုပ်သွားတယ်။ အသက် ရှူဖို့လည်းမေ့သွားပြီး ရုတ်တရက်ဆိုတော့ ခေါင်းထဲ   မူးနောက်နောက်ကြီးဖြစ်သွား တယ်။ ကိုအောင့်လက်ပေါ်က ဆွစ်ဇာလန် လုပ်  “ဖေဗာလူဝါ” အမျိုးအစားဖြစ်တဲ့  ကိုလတ်ရဲ့ လေးထောင့်မှန်နဲ့ လက်ပတ် နာရီကို    အကြာကြီး   ကြောင်ငေးကြည့်နေမိတယ်။    ကိုအောင်က   “ဒီနာရီက သူငါ့ကို    ပေးသွားတာ၊   သူ့အိမ်ကိုပေးဖို့ မလိုဘူး။ 

 

ဆက်လက်ဖော်ပြပါမည်။