သီတဂူဆရာတော် အရှင်ဉာဏိဿရ၏ ၁၃၈၆ ခုနှစ် နှစ်သစ်ကူးသြဝါဒကထာ

 

သီတဂူဆရာတော် အရှင်ဉာဏိဿရ၏ ၁၃၈၆ ခုနှစ် နှစ်သစ်ကူးသြဝါဒကထာ

 

နှစ်ဟောင်းကုန်၍ နှစ်သစ်ကူး အထူးပင် ဓမ္မကထာဖြင့် နှုတ်ခွန်းဆက်ပါသည်။

    တရားချစ်ခင်သူတော်စင်အပေါင်းတို့-

ယခုအခါ  ၁၃၈၅  ခုနှစ်ဟူသော နှစ်ဟောင်းတစ်နှစ် ကုန်သွားပါပြီ။ ၁၃၈၆ ခုနှစ်ဟူသော နှစ်သစ်တစ်ခုသို့ ရောက်လာပြန်ပါပြီ။ ကုန်လွန်သွားသော ဒီ ၁၃၈၅ခုနှစ်ဟူသော နှစ်ဟောင်းဟာ လွန်ခဲ့တဲ့နှစ်က နှစ်သစ်ဖြစ်ခဲ့ပါတယ်။ ယခုတော့ ဟောင်းနွမ်း ကုန်ဆုံးခဲ့လေပြီ။ ထိုနည်းတူစွာ ယခုရောက်ရှိလာတဲ့ ၁၃၈၆ ဟူသော နှစ်သစ်ဟာလည်း တဖြည်းဖြည်းဟောင်းဟောင်းပြီး ကုန်ဆုံးသွားမှာပဲဖြစ်ပါတယ်။ ဖြစ်ပေါ်လာသမျှ အသစ်အသစ်တွေအားလုံးဟာလည်း သတ္တဝါတွေပါမကျန် ဟောင်းဟောင်းသွားကြပြီး ပျောက်ပျက်ကုန်ကြရမှာချည်းပါပဲ။ အသစ်အသစ်တိုင်း   အဟောင်းအဟောင်း ဖြစ်သွားကြရပြီး ပြောင်းပျက်ကြရမှာချည်းပါပဲ။ ဒီသဘောဟာ-မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ ဝယဓမ္မာသင်္ခါရာဆိုတဲ့ သင်္ခါရတို့ရဲ့ သဘောပါပဲ။ အဲ့ဒီသင်္ခါရ သဘောကို စောင့်ကြည့်နိုင်တဲ့ ပုဂ္ဂိုလ်ဟာ လူစွမ်းကောင်းပါပဲ။ အသစ်အသစ်တို့ရဲ့ အဟောင်းအဟောင်းဖြစ်ပြီး ပြောင်းပျက်ရတဲ့ သဘောကို စောင့်ကြည့်ကြဖို့ ဗုဒ္ဓရှင်တော်က  “ဝယဓမ္မာ သင်္ခါရာ အပ္မမာဒေန သမ္မာဒေသ” လို့ မိန့်ကြားတော်မူခဲ့ပါတယ်။

    ကမ္ဘာ့သမိုင်းဦးကျမ်းလို့ ဆိုလောက်တဲ့စက္ကဝတ္တိသုတ်တော်ကြီးမှာ စက္ကဝတ္တိမင်းကြီး နတ်ရွာစံခါနီးသားတော်ကြီးကို ထီးနန်းလွှဲတော့မှာထားတဲ့ မှာကြားချက်ရှိပါတယ်။

အဲ့ဒီမှာကြားချက်ဟာ ပါဠိတော်မှာ ဒီလိုရှိပါတယ်။  “ဓမ္မိတံ  ရက္ခာဝရဏပုတ္ထိ သံဝိဒဟိ၊  အဓနာနံ ဓနံ မနုဂ္ဂဒါယိ”လို့ဟောထားတာရှိပါတယ်။ အဲ့ဒီပါဠိတော်တွင် ပြောထားသည်မှာ   “တိုင်းသားပြည်သူလူအားလုံးကို ဓမ္မနှင့်ညီညွတ်သော အာရက္ခ-အစောင့်အရှောက်၊ အာဝရက- ပိတ်ပင်တားမြစ်မှု၊ ဝုတ္ထိ-လုံခြုံမှု ပေးရမည်”ဟုပြောထားပါတယ်။ ထို့ပြင် အဓနာနံဓနံ အနုပ္ပဒါသိ- ဆင်းရဲသားတို့ကိုလည်း ချီးမြှောက်ထောက်ပံ့ရမည်ဟု ဟောထားပါတယ်။

ဒါကြောင့် ဆင်းရဲသူဆင်းရဲသား ချီးမြှောက်စောင့်ရှောက်ခြင်း၊ အလုပ်တွေကို စက္ကဝတ္တိမင်း၏ နောက်မင်းဆက်တွေဟာ မဆောင်ရွက်ကြတော့သဖြင့် တိုင်းသူပြည်သားတွေပို၍ ဆင်းရဲလာကြတယ်။ ထို့နောက်ဖြစ်ပေါ်လာသော မကောင်းမှု အကျိုးဆက်တွေက ခိုးဝှက်လုယက်မှုတွေပါပဲပေါ့။ ကံ၊ ဉာဏ်၊ ဝီရိယ သို့မဟုတ် စိတ်စေတနာနဲ့ ဉာဏ်ဝီရိယတို့ သိမ်ဖျင်းသည့်  လူတချို့က- ခိုးဝှက်၊ လုယက်၊ တိုက်ခိုက်ကြတယ်။ ဆိုလိုသည်မှာ ကမ္ဘာဦးကာလက လူဖျင်း/လူပျင်းတွေကြောင့် တိုက်ခိုက်၊ ခိုးဝှက်၊ လုယက်ခြင်းဆိုတဲ့ အဒိန္ဒဒါနမှု စပေါ်တယ်လို့ဆိုတာပါပဲ။ အဒိန္ဒဒါနမှု စတင်ပေါ်လာတော့- ဘုရင်ကဖမ်းဆီးပြီး အပြစ်ကျူးလွန်သူတို့ကို သတ်ပစ်တယ်။ ဒုတိယပေါ်လာတာကတော့ ပါဏာတိပါတမှု ပေါ်လာတယ်။ ပါဏာတိပါတမှုပေါ်လာတော့-အသတ်ခံရမှာ ကြောက်လို့ ရုံးတော်မှာ လိမ်ကြတယ်။ မုသာဝါဒမှုပေါ်လာတယ်။ သိသူမြင်သူတွေကတို င်ကြတယ်။ အဲ့ဒါ ဝိသုဏဝါစာပဲ။

ဤသို့အားဖြင့် တဖြည်းဖြည်းနဲ့နှစ်တွေ ကြာညောင်းလာတော့-လူသက်တမ်းနှစ်တစ်ထောင် ရောက်တဲ့အခါ မိစ္ဆာဒိဋ္ဌိတရားတွေအထိ ပေါ်လာပါတယ်။  ထို့နောက်လူ့သက်တမ်း နှစ်တစ်ရာရောက်လာတော့- အဓမ္မရာဂ၊ ဝိသမလောဘ၊ မိစ္ဆာဓမ္မ ဆိုတဲ့မကောင်းတရားတွေ ပေါ်လာတယ်လို့ အကျဉ်းချုံး၍  မှတ်ရအောင်။ ဒီတော့ ဆိုလိုတာက-မကောင်းတရား ၁၈ ပါး စုံပြီပေါ့။ အဲ့ဒီမကောင်းတရား ၁၈ ပါးရဲ့ ရေသောက်မြစ်က-လောဘ၊ ဒေါသ၊ မောဟဒီသုံးပါးပဲဖြစ်ပါတယ်။ ဒီတရားသုံးပါး ပေါ်လာတော့ ကမ္ဘာကြီးမှာဖြစ်လာမယ့် အကျိုးဆက်တွေက-

၁။      လောဘထူပြောတဲ့ခေတ်မှာ- ဒုဗ္ဘိက္ခန္တရကပ်- အငတ်ဘေးရောက်တတ်ပါတယ်။

၂။       ဒေါသထူပြောတဲ့ခေတ်မှာ- သတ္တန္တရကပ်-လက်နက်မျိုးစုံနဲ့ သတ်ဖြတ်တဲ့ဘေး ရောက်တတ်ပါတယ်။

၃။      မောဟထူပြောတဲ့ခေတ်မှာ- ရောဂန္တရကပ်-ရောဂါမျိုးစုံဘေး ရောက်တတ်ပါတယ်။

    ဒီအကြောင်းအရာတွေကို  ကမ္ဘာဦး သမိုင်းကျမ်းလို့ဆိုရတဲ့ စက္ကဝတ္တိသုတ်မှာ ဟောတော်မူတာကို အကျဉ်းချုံးပြတာဖြစ်ပါတယ်။ အဲ့ဒီတော့ ဒီနေ့ဒီခေတ်မှာ လောကပျက်စီးကြောင်း မကောင်းတရားတွေ စုံနေပါပြီ။ ဒီမကောင်းတရားတွေကို ထိန်းချုပ်နိုင်မှ ဘုရားဟောသုတ်တော်ကြီး အတိုင်း ပြောရလျှင် ဆင်းရဲသားတွေကို ထမင်းကောင်းမွန်စွာစားရဖို့၊ အေးချမ်းစွာ နေနိုင်ဖို့ အားထုတ်ပေးကြမှသာ အတော်အတန်  အေးချမ်းသာယာရှိလိမ့်မည် ဆိုတာကို ပြောချင်ပါတယ်။

 နိဂုံးချုပ်အားဖြင့် မကောင်းတရား တစ်ဆယ့်ရှစ်ပါးနှင့်   ဘေးကြီးသုံးပါးတို့ရဲ့ အကြောင်းရင်းမူလသုံးပါးဖြစ်တဲ့- လောဘ၊ ဒေါသ၊ မောဟ ဤတရားသုံးပါး တို့ကို ထိန်းချုပ်နိုင်ကြပါစေ၊ ပယ်သတ်နိုင်ကြပါစေလို့ နှစ်သစ်မှာ ဆုတောင်းပါတယ်။

နှစ်သစ်ကူးတဲ့လတန်ခူးမှာ-

တောအုပ်ကြီးတစ်ခုလုံး    ရွက်သစ်နဲ့

တဝေဝေ

ပန်းမျိုးစုံနဲ့ သင်းပျံ့ပျံ့မွှေးကြိုင်ကြိုင် နေသလို-

နိုင်ငံတစ်ဝန်းငြိမ်းချမ်းသာယာရှိပါစေလို့

ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”

သီတဂူဆရာတော်

နိုင်ငံတော်သြဝါဒါစရိယ၊

 

ရွှေကျင်နိကာယသာသနာပိုင်

အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂ

မဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊

သီတဂူဆေးရုံတော်များနှင့် သီတဂူဗုဒ္ဓ

တက္ကသိုလ်များ၏ အဓိပတိ