အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ၏ နှစ်သစ်ကူးမင်္ဂလာစကား

 

အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ၏ နှစ်သစ်ကူးမင်္ဂလာစကား

 

    မြန်မာသက္ကရာဇ်  ၁၃၈၅  ခုနှစ် လွန်မြောက်လို့  ၁၃၈၆ ခုနှစ် မြန်မာ့နှစ်သစ်ကူးနေ့ အခါသမယ။

ကုသလံ အနဝဇ္ဇသုခဝိပါကလက္ခဏံ။

ကုသိုလ်ကောင်းမှုဆိုတာ အနဝဇ္ဇ- အပြစ်ကင်းတယ်။ သုခဝိပါကလက္ခဏံ- ကောင်းကျိုးချမ်းသာတွေကို အကျိုးပေးတဲ့ သဘောရှိတယ်။ ကုသိုလ်ကိုယ်တိုင်ကလည်း အပြစ်ကင်းတယ်။ ထိတွေ့ဆက်ဆံသူတွေကိုလည်း အပြစ်ကင်းစေတယ်။ ပြီးတော့ ကောင်းကျိုးချမ်းသာ အမျိုးမျိုး တွေကိုလည်း ပေးတယ်။

မည်သည့်အလုပ်ကိုပဲလုပ်လုပ်၊ မည်သည့်အပြောကိုပဲပြောပြော၊ မည်သည့်အတွေးကိုပဲ တွေးတွေး အပြစ်ကင်းပြီး ကောင်းကျိုးချမ်းသာတွေကို ရရှိစေတာက ကုသိုလ်ရဲ့ သဘောပါပဲ။ ဒါ့ကြောင့်လည်း လူတွေက ကောင်းကျိုးချမ်းသာတွေကို နှစ်သက်မြတ်နိုး လိုလားကြတဲ့အတွက် ကုသိုလ်ကို ပြုလုပ်ချင်ကြပါတယ်။

အတတ်လည်းသင်၊ ဉာဏ်နဲ့ယှဉ်လျက်၊ ဆင်ခြင်ရှေ့နောက်၊ မျှော်ရှုထောက်၍၊ ထက်အောက်ဝန်းကျင်၊ ကောင်းကျိုးဆင်ဖို့၊ ကောင်းပင်စိုက်ပျိုး၊ ကောင်းအောင်ကြိုးသည်၊ ကောင်းမျိုးစုံဝေပြည့်စေသောဝ်။

ကုသိုလ်ပြုရာမှာလည်း သာမန်ကုသိုလ်ထက် အသိဉာဏ်နဲ့ ပြုတဲ့ကုသိုလ်က ပိုပြီး စွမ်းပကားကြီးမားပါတယ်။

ဒါ့ကြောင့် အတတ်ပညာကိုလည်း သင်ကြပါ။ ဆင်ခြင်ဉာဏ်လည်းရှိကြပါ။ ရှေ့ရေးအနာဂတ်ကောင်းဖို့ အတွက် ပြီးခဲ့တဲ့ အတိတ်အရေးအရာတွေကို အကောင်းအဆိုး နှစ်မျိုးစလုံးကို မြော်တွေးရှုမြင်ဖို့ အသိဉာဏ်နဲ့ ဆင်ခြင်ကြပါ။

ထက်အောက်ဝန်းကျင်ဆိုတဲ့ အရပ်ဆယ်မျက်နှာစလုံးကို ကောင်းသည်ထက် ကောင်းအောင် ကောင်းကျိုးတွေဆင်ဖို့ စွမ်းနိုင်သမျှ  လုပ်ပေးချင်စိတ်တွေကို မွေးမြူကြပါ။

ဒါ့ကြောင့်  မိမိတို့ကိုယ်တိုင် ကိုယ်စီကိုယ်စီ ကုသိုလ်ကောင်းမှုမျိုးစေ့တွေကို ကြဲချစိုက်ပျိုးကြပါ။ အားလုံး ကောင်းကျိုးချမ်းသာတွေ စံစားရဖို့အတွက် ကောင်းအောင်ကြိုးစားကြပါ။ စီးပွားရေး၊ လူမှုရေး ပညာရေး  ဘယ်အရေးကိစ္စတွေမှာပဲဖြစ်ဖြစ် ကောင်းမြတ်တဲ့ကုသိုလ်စိတ်နဲ့ ဆောင်ရွက်ကြရမှာပါ။

အဲဒီလိုသာ သူရောကိုယ်ပါ အားလုံးက ကောင်းမြတ်တဲ့ အမြင်နဲ့ကောင်းတဲ့ အလုပ်တွေကို လုပ်ကြရင်၊ ကောင်းတဲ့အပြောတွေကို ပြောကြရင်၊ ကောင်းတဲ့အတွေးတွေကို တွေးကြရင်  နေရာတိုင်းမှာ ကောင်းကျိုးချမ်းသာ အမျိုးစုံတွေဟာ ဝေဆာပွင့်လန်း  တိုးတက်အောင်မြင်လာကြမှာ သေချာပါတယ်။

ဒါ့ကြောင့် မိမိကိုယ်တိုင်ပြုတဲ့ ကောင်းမှုကုသိုလ်အလုပ်ကြောင့်   မိမိအကျိုး၊ တိုင်းပြည်အကျိုး၊ အများအကျိုးတွေကို ဖြစ်ပေါ်တိုးတက်အောင် ဆောင်ရွက်နိုင်ကြတဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေကုန်သောဝ်။    ။