အသေးစားလက်မှု အတတ်ပညာဖြင့် မိသားစုဝင်ငွေတိုးပွားရေးအတွက် တစ်နိုင်တစ်ပိုင်လုပ်ကိုင် ဆောင်ရွက်နေသည့် စစ်ကိုင်းမြို့မှ ဂီတာလုပ်ငန်း

အသေးစားလက်မှု အတတ်ပညာဖြင့် မိသားစုဝင်ငွေတိုးပွားရေးအတွက် တစ်နိုင်တစ်ပိုင်လုပ်ကိုင် ဆောင်ရွက်နေသည့် စစ်ကိုင်းမြို့မှ ဂီတာလုပ်ငန်း

စစ်ကိုင်းတိုင်းဒေသကြီး   စစ်ကိုင်းမြို့ သည် အထင်ကရမြို့ဖြစ်ပြီး လူမှုစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လျက်ရှိသည့်မြို့ဖြစ်သည်။ စစ်ကိုင်းမြို့၌နေထိုင်သည့် ဒေသခံများသည်     အသေးစားလက်မှု အတတ်ပညာဖြင့် မိသားစုဝင်ငွေတိုးပွားရေးအတွက် ကြိမ်ထည်လုပ်ငန်း၊ ငွေထည်လုပ်ငန်း၊ ကြေးထည် လုပ်ငန်း၊ မြေအိုးလုပ်ငန်းများကို တစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြသည်။ ထို့ပြင် စစ်ကိုင်းမြို့၏ အထင်ကရ လုပ်ငန်းများတွင် ဂီတာလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

အဆိုပါ ဂီတာလုပ်ကိုင်ခြင်းလက်မှု အတတ်ပညာဖြင့် မိသားစုတစ်နိုင်တစ်ပိုင် ဝင်ငွေရရှိစေရေး   လုပ်ဆောင် နေသည့် စစ်ကိုင်းမြို့ ထုံးဘိုရပ်ကွက်မှ ဂီတာများ ပြုလုပ်ရောင်းချလျက်ရှိသော လုပ်ငန်းပိုင်ရှင် ဦးဇော်မင်းနှင့် တွေ့ဆုံမေးမြန်းချက်များကို ရေးသားဖော်ပြလိုက်ရပါသည်။

ဆရာ့အမည်နဲ့   လုပ်ငန်းအမည်ကို သိပါရစေ။

ကျွန်တော့်အမည်က ဦးဇော်မင်းဖြစ်ပါတယ်။ ဂီတာလုပ်ငန်းကိုတော့ “မိုးမင်း” အမည်နဲ့ လုပ်ကိုင် နေပါတယ်။

ဂီတာလုပ်ငန်းကို ဘယ်အချိန်လောက်က စတင်လုပ်ကိုင်ခဲ့ပါသလဲ။

ဂီတာလုပ်ငန်းကိုတော့ ၁၉၈၉ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာဆိုတော့ အခုဆိုရင် ၃၅ နှစ်လောက်ရှိပါပြီ။

ဂီတာလုပ်ငန်းအတွက်   ကုန်ကြမ်းပစ္စည်းအနေနဲ့ ဘာတွေကိုအဓိကထား အသုံးပြုရပါသလဲ။

အဓိက ကုန်ကြမ်းအနေနဲ့ကတော့ သစ်သားပေါ့။ အထပ်သား၊ နောက်ပြီး သစ်မာတွေဖြစ်တဲ့ ကျွန်း၊ ပိတောက်၊ ပျဉ်းကတိုး၊ သစ်ဝံနဲ့ ထင်းရှူးသားတွေကို အသုံးပြုတာဖြစ်ပါတယ်။

လိုအပ်တဲ့သစ်သားတွေကိုရော ဘယ်ကနေဝယ်ယူရပါသလဲ၊ ဝယ်ရတာရော အဆင်ပြေမှုရှိပါသလား။

လိုအပ်တဲ့ သစ်သားတွေကိုတော့ ကျောက်ဆည်မှာရှိတဲ့ အထပ်သားစက်ရုံ တွေကနေ ဝယ်ယူရရှိပါ တယ်။ ဝယ်ယူရတာလည်း အဆင်ပြေပါတယ်။

ဂီတာအမျိုးအစား ဘယ်နှမျိုးလောက်ထုတ်လုပ်ပါသလဲ။

ဂီတာအမျိုးအစားကတော့ ငါးမျိုးလောက်ထုတ်လုပ်နေပါတယ်။ အဲဒါတွေကတော့ ကလေးတီး၊ လူကြီးတီး၊ သင်တန်းကျောင်းတွေကမှာတဲ့ ကလေးတီးသာသာ(ချစ်စမ်းမောင်ဒီဇိုင်း) ဂီတာအမျိုးအစား ကတော့ လူလတ်ပိုင်းလည်း တီးလို့ရပါတယ်။ နောက် ဂီတာအိုးကြီး၊ နိုင်ငံခြားအဆင့်မီ ဈေးအမြင့်ဆုံး ဖြစ်တဲ့ ဂီတာတွေလည်း လုပ်ပါတယ်။

လက်ရှိ ဂီတာလုပ်ငန်းလုပ်ကိုင်ရာမှာ အလုပ်သမား   ဘယ်နှယောက်လောက်ရှိပါသလဲ။

လက်ရှိလုပ်ကိုင်နေတာကတော့ အလုပ်သမားဦးရေ ၂၀ ရှိပါတယ်။ ဒေသခံတွေပါပဲ။ ပညာသင် လုပ်ကိုင်ရင်းနဲ့ ကျွမ်းကျင်လို့ ဆိုင်ခွဲဖွင့်တဲ့လူတွေလည်း ရှိပါတယ်။

ဂီတာအချောထည်တွေကို ဘယ်မြို့တွေကို တင်ပို့ရောင်းချပါသလဲ။

ထွက်ရှိလာတဲ့ ဂီတာအချောထည်တွေကိုတော့ မြန်မာနိုင်ငံအနှံ့ကို ပို့ပေးရပါတယ်။ တောင်ကြီး ဘက်ကို  အများဆုံးပို့ပေးရတယ်။ စစ်ကိုင်းမြို့ပေါ်မှာလည်း အလွယ်တကူဝယ်ယူလို့ရအောင် ဆိုင်ခွဲဖွင့်လှစ်ပေး ထားပါတယ်။

တစ်ရက်ကို ဂီတာဘယ်နှလုံးလောက်ထွက်ရှိပါသလဲ၊ ဂီတာဈေးကွက်အနေနဲ့ ဘယ်လိုရှိပါသလဲ။

တစ်ရက်ကို ဂီတာအချောထည် အလုံး ၂၀ ကနေ ၂၅ လုံးအထိ ထွက်ရှိပါတယ်။ ဈေးနှုန်းအနေနဲ့တော့      အမျိုးအစားပေါ်မူတည်ပြီး ကွာခြားသွားပါတယ်။ အနိမ့်ဆုံး ငွေကျပ် လေးသောင်းကနေ သိန်းကျော် တန် အထိရှိပါတယ်။    အခုအခြေအနေမှာတော့   ဈေးကွက်ကစားရတာ    တော်တော် လေးခက် ပါတယ်။

ကုန်ကြမ်းပစ္စည်းဝယ်ရတာက ဈေးမြင့်ပေးပြီးဝယ်ရတယ်။ ပြည်တွင်းဖောက်သည်တွေကိုလည်း   အဆင်ပြေအောင် ဒီတစ်ခေါက် ဈေးမတက်နိုင်ရင်တောင် နောက်တစ်ခေါက် ဈေးတက်ရတော့မှာ ဖြစ်တဲ့အတွက် ညှိနှိုင်းရတယ်။ နားလည်တဲ့ ဖောက်သည်တွေရှိသလို နည်းနည်းခက်ခဲတဲ့ ဖောက်သည် တွေလည်းရှိတယ်။ ဘာပဲဖြစ်ဖြစ် အားလုံးအဆင်ပြေအောင် လုပ်ကိုင်သွားမှာပါ။

လုပ်ဆောင်ရတဲ့ပစ္စည်းတွေ ဝယ်ယူရတာကျတော့ ပြည်တွင်းကပဲလား၊ တခြားကရော ဝယ်ယူရပါ သေးလား။

ကီးတွေကျတော့ တရုတ်နိုင်ငံက ဝယ်ရပါတယ်။   အရင်က   ကီးတစ်ဖာဆိုရင် ငွေကျပ် ၂၅၀၀၀၀ လောက်ပေးရပြီး အခုကျတော့ ငွေကျပ် ၇၀၀၀၀၀ လောက်ပေးဝယ်ရတယ်။ သူတို့ဆီမှာတော့ ဈေးကဒီလောက်ပါပဲ။ ဒီဘက်တွေရောက်လာတော့ ခရီးစရိတ်တွေ တက်တာပေါ့။ လေယာဉ်၊   သင်္ဘောတွေနဲ့ တင်ရတယ်။ အနိမ့်ဆုံးရောင်းရတဲ့ ငွေကျပ်လေးသောင်းတန် ဂီတာတစ်လက်ရဲ့  ကုန်ကျစရိတ်ကို တွက်ကြည့်လိုက်ရင်  ငွေကျပ်  ၃၈၀၀၀ လောက်ကျတော့ ငွေကျပ် ၂၀၀၀ လောက်ပဲ အကျိုးအမြတ်ရတော့တာပေါ့။ တင်ပို့ရောင်းချရတာလည်း ဈေးနှုန်းအနိမ့်ဆုံးဂီတာတွေ အများဆုံး တင်ပို့ရပါတယ်။

ဂီတာတစ်လုံးကို လူတစ်ယောက် ဘယ်နှရက်လောက် လုပ်ရတယ်ဆိုတာနဲ့ လက်မှုပညာပဲလား၊ တခြားအကူ ပစ္စည်းတွေပါသေးလားဆိုတာ သိပါရစေ။

အလုပ်သမားတစ်ယောက်တည်း ဂီတာတစ်လက်လုပ်မယ်ဆိုရင် တစ်ပတ်လောက်ကြာပါတယ်။ အခု ကျွန်တော်တို့က အများစုနဲ့လုပ်တာဆိုတော့ တစ်ရက်နှစ်ရက်ဆိုပြီးပါတယ်။ အရင်ကတော့  လက်မှု ပညာ သက်သက်ပါပဲ။ အခုတော့ စက်ကိရိယာအကူအညီတွေပါတော့ အဆင့်မြင့်လာတဲ့သဘောပေါ့။    လုပ်ငန်းတွင်ကျယ်မှုတော့ရှိပါတယ်။ နိုင်ငံခြားစတိုင်ပေါ့လေ။ တစ်ယောက်တည်းမလုပ်ရတော့ဘဲ သူ့အပိုင်းနဲ့သူ အဆင့်ဆင့်ပေါ့။ ပိုပြီးတော့လည်း အရည်အသွေးတွေကောင်းလာပါတယ်။ ထုတ်လုပ်မှု လည်း ပိုပြီးတော့စနစ်တကျ၊  သေသပ်မှုရှိပြီး  မြန်ဆန်လာပါတယ်။ နိုင်ငံတကာ အဆင့်မီ ထုတ်လုပ်လာနိုင်ပါတယ်။

ဂီတာလုပ်ငန်းနဲ့ပတ်သက်ပြီး ချေးငွေရရှိမှု အခြေအနေကို သိပါရစေ။

ချေးငွေအနေနဲ့တော့ အရင်က နိုင်ငံတော်ကပေးတဲ့ချေးငွေ ငွေကျပ် သိန်း ၅၀ ရရှိပါတယ်။ ငွေက  အခုထိတော့ မကောက်သေးဘူး။ ဒါပေမဲ့ သတ်မှတ်စည်းကမ်းအတိုင်း တစ်နှစ်ကို တစ်ကျပ်အတိုးနှုန်းနဲ့  အတိုးသွင်းရတာတော့ရှိပါတယ်။  အဲဒီချေးငွေလေးတွေရတော့ ကျွန်တော်တို့လို   လုပ်ငန်းလုပ်ကိုင်သူ တွေအနေနဲ့  လုပ်ငန်းကိုဆက်လက်တိုးချဲ့ လုပ်ကိုင်လို့ရတာပေါ့။ ဒါမှလည်း လုပ်ငန်းရှင် တွေရော အလုပ်သမားတွေပါ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုရရှိပြီး မိသားစု စားဝတ်နေရေး ပိုမိုအဆင်ပြေ လာကြမှာ ဖြစ်ပါတယ်။         

နေလင်းအောင်