ပွင့်ဖြူမြို့နယ်၌ ဖီးကြမ်းငှက်ပျောစိုက်ပျိုးတောင်သူများ လုပ်ငန်းအဆင်ပြေ

ပွင့်ဖြူမြို့နယ်၌ ဖီးကြမ်းငှက်ပျောစိုက်ပျိုးတောင်သူများ လုပ်ငန်းအဆင်ပြေ

ပွင့်ဖြူ၊ စိုက်ပျိုးရေး

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ဖီးကြမ်းငှက်ပျောဈေးကွက် ပြန်လည်ကောင်းမွန်လာခြင်း ကြောင့် တစ်နိုင်တစ်ပိုင် ငှက်ပျောစိုက်ပျိုးတောင်သူများ သီးနှံဝင်ငွေ အကျိုးအမြတ်ရရှိကာ  လုပ်ငန်း အဆင်ပြေလျက်ရှိကြောင်း  ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေအဆင်ပြေမှုကြောင့် (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကိုသာ စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြကာ အဓိကစိုက်ပျိုးသည့် သီးနှံများမှာ စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ဖူးစားပြောင်း၊ နှံစားပြောင်း၊ ကုလားပဲ၊ ပဲတီစိမ်း၊ ပဲကြီး၊ ပဲစင်းငုံ၊ ထောပတ်ပဲ၊ စားတော်ပဲ စသည့်သီးနှံများအပြင် ဟင်းသီးဟင်းရွက်သီးနှံများနှင့် ဘုရားပန်းမျိုးစုံတို့ကို စိုက်ပျိုးကြကြောင်း၊ အချို့တောင်သူများက သီးနှံဝင်ငွေတိုးပွားရေးအတွက် မြေအောက်ရေဖြင့် ငှက်ပျောသီးနှံ   စိုက်ပျိုးရေးလုပ်ငန်းကို တွဲဖက်စိုက်ပျိုးလုပ်ကိုင်ကြကြောင်း  သိရသည်။

“ကျွန်တော်တို့ဒေသက   စိုက်ပျိုးရေ အဆင်ပြေတော့ တောင်သူတွေက သီးနှံဝင်ငွေတိုးပွားရေးအတွက် ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကို အခြားစိုက်ပျိုးရေးလုပ်ငန်းနဲ့ တွဲဖက်ပြီး လုပ်ကိုင်ကြတယ်။ အဓိက စိုက်ပျိုးတဲ့ ငှက်ပျောက ဖီးကြမ်း၊ ငှက်ပျောချဉ်၊ ရခိုင်နဲ့ သီးမွှေးတို့ဖြစ်ပါတယ်။   တချို့တောင်သူတွေက ငှက်ပျောစိုက်ပျိုးရာမှာ ငှက်ပျောပျိုးပင်များကိုလည်း ပျိုးထောင်ရောင်းချကြတယ်။ ငှက်ပျောသီးနှံများ ထဲမှာ ဖီးကြမ်းငှက်ပျောက လူကြိုက်များတော့ ပိုပြီးအရောင်းသွက်တယ်။ ဖီးကြမ်းငှက်ပျော ဈေးကောင်း ရရှိတဲ့အတွက် ဒေသခံတောင်သူတွေသီးနှံဝင်ငွေ အကျိုးအမြတ်ရရှိလို့ လုပ်ငန်း အဆင်ပြေ ပါတယ်” ဟု ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ  ဒေသခံတောင်သူတစ်ဦးက ပြောသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည်   သီးနှံဝင်ငွေတိုးပွားရေးအတွက် မြေအောက်ရေဖြင့် ဖီးကြမ်းငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ အချို့တောင်သူများက ငှက်ပျောသီးရောင်းချခြင်းအပြင် ငှက်ပျောပျိုးပင်များ ပျိုးထောင်ရောင်းချခြင်းဖြင့် နှစ်သီးစားဝင်ငွေရရှိ၍  လုပ်ငန်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။  

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)