အောင်ရဲ့အောင်

အောင်ရဲ့အောင်

ယမန်နေ့မှအဆက်

သူ့ကို ပြန်မပေးခင် သိမ်းထားဖို့၊ နင် အမှတ်တရ သိမ်းထားချင်လည်း သိမ်းထား၊ ဒီတော့ ငါက အသံ ကိုထိန်းပြီး “ဟင့်အင်း...ကိုအောင်၊ ကိုအောင်ပဲ သိမ်းထားပါ၊ ကိုအောင်တို့နှစ်ယောက် အမြဲတွဲနေကြတာ၊ သူ့ကိုယ်စားပေါ့၊ ပြီးတော့ ကိုအောင်လည်း ဒါကို အမြတ်တနိုး...”စကားဆက်ပြောလို့မရတော့ ဘူး။ ငါငိုလိုက်တယ်။ “အမြတ်တနိုးသိမ်းထားချင်မှာပေါ့” ဆိုတဲ့စကားမှာ သိမ်းထားချင်မှာပေါ့ဆိုတဲ့စကား ကို ဆက်ပြောလို့ကိုမရတော့ဘူး။ ကိုအောင်ကလည်း ငါ့ကို ဘာပြောရမှန်းမသိသလို ငေးကြည့်နေတယ်။ ငါလည်း ခြံဝတံခါးတိုင်ကို မှီရပ်လိုက်ပြီး “ကိုလတ်ကို ကျွန်တော် သိပ်နှမြောတာပေါ့” လို့ ပြောပြီး ငိုလိုက်တော့ ကိုအောင်က “စိတ်ဆင်းရဲမနေပါနဲ့ဟာ၊ ဘယ်အခြေအနေမျိုးပဲရောက်ရောက်  စိတ်အား မငယ်နဲ့၊ ဘာကိုမှလည်း တွေးပူမနေနဲ့” နောက် ကိုအောင်က စကားတွေ ဆက်ပြောသေးတယ်။ ငါ့ကို အားပေးရင်း နဲ့ သူ့ကိုယ်သူလည်း စိတ်သက်သာအောင် လုပ်တာ ဖြစ်မှာပါပဲ။

သူ လှည့်ပြန်သွားတော့ သူ့ခေါင်းက အောက်ကို စိုက်နေတယ်။ ထုံးစံအတိုင်း ရှယ်သွယ်တဲ့ သူ့ကိုယ်နဲ့ အတူ သူ့လွယ်အိတ်ကလည်း ခြေလှမ်းတိုင်း လှုပ်ယိမ်း နေတဲ့မြင်ကွင်းဟာ ငါမြင်နေကျပေမယ့် ငေးကြည့်နေမိတယ်။ အားယူလွှဲသွားတဲ့ သူ့ဘယ်လက်မှာ နေရောင်အကြွင်းအကျန် အစအနတွေနဲ့ ဖေဗာလူဝါ အမျိုးအစားနာရီလေးဟာ တောက်ပနေတယ်။ အစက အကြောတွေစိမ်းနေတဲ့ လက်ဖြူဖြူ ပေါ်မှာ နေနေကျ နာရီလေးဟာ ညိုစိမ့်စိမ့်အသား၊ မွေးညင်းရှည်တွေနဲ့ လက်ပေါ်ပြောင်းနေရလို့ သူသာအသက်ရှိရင် သူစွဲမြဲချစ်မြတ်နိုးတဲ့ အရှင်သခင်ဟာ သူ့ကို အချိန်တိုတိုဖြစ်စေ၊ အချိန်ရှည် ရှည်ဖြစ်စေ၊ ရာသက်ပန်ဖြစ်စေ၊ ခွဲသွားပြီဆိုတာ သိရမှာပဲ။ ဒီအခါမယ် သူလည်း ငါ့လိုငိုနေမှာပဲ...။

အခန်း (၂၉)

စောင်းလျားပင်ကို ပန်းနုရောင်တွေ ဖုံးလွှမ်းလာတဲ့အခါ အဆောင်တွေမှာ စည်စည်ကားကား ဖြစ်လာပြန် သည်။

ရေသံတွေ၊ အိုးခွက်ပန်းကန်ဆေးသံတွေ၊ အဝတ် လျှော်သံတွေ၊ သီချင်းဆိုသံတွေ တစ်ယောက်ကို တစ်ယောက် နောက်ပြောင်ကျီစယ်သံတွေ၊ တိုးတိုး တိတ်တိတ် ကျိတ်ရယ်သံတွေ၊ ဟားတိုက်ရယ်မော သံ တွေသည် ဝေစည်နေပြန်သည်။

ပန်းနုရောင် ဖုံးလွှမ်းနေသော သစ်ပင်လေးကို အောင်က အင်္ဂလိပ်လို The Tree with The Pink Leaves (ပန်းနုရောင် အရွက်များနှင့်သစ်ပင်) လို့ နာမည်ပေးလေသည်။ သည်တုန်းက ထိုရုပ်ရှင်ကား တောင် ရန်ကုန်ရုပ်ရှင်ရုံများသို့ပင် မရောက်သေး။

သိပ်စိတ်ကူးယဉ်တဲ့ ကောင်မလေးဟု ကိုလတ်တို့၊ ကိုအောင်တို့က ဆိုပေဦးတော့မည်။

တကယ်တော့ အပြင်လောကမှာ အလိုမပြည့်တဲ့ လူတွေဟာ စိတ်ကူးယဉ်လောကလေးတစ်ခု တည်ဆောက်တာပါပဲ။ သိပ်ကဗျာဆန်တဲ့ နာမည်လေးပါ။

တကယ့် မျက်မှောက်လောကမှာ ဘယ်သစ်ပင်က များ အရွက်ပန်းရောင်တွေ ဝေမှာတဲ့လဲ။

မြန်မာနိုင်ငံမှာ သပြေပင်တောင် အနီရောင်အညွန့် တက်လာတာနဲ့ ပန်းဖြစ်လာရတာပဲ။

ပန်းနုရောင် သစ်ရွက်တွေနဲ့ သစ်ပင်ဟာ အပြင်မှာ ဘယ်နည်းနဲ့မှ မရှိနိုင်ပါဘူး။

အောင် အပြင်ကပြန်လာတော့ စောင်းလျားပင် အောက်တွင် ရှည်သွယ်သွယ်အရပ်နှင့် ရှပ်အင်္ကျီ လက်ခေါက်ထားတဲ့  လူကို  ဖေဗာလူဝါနာရီပတ်လျက် တွေ့ရသည်။

ညိုစိမ့်စိမ့်အသားနှင့် မွေးညင်းရှည်ရှည်လက်တွေ မြင်ရတော့ မျက်နှာလှမ်းမကြည့်ဘဲ ကိုလတ်မဟုတ် မှန်း သိလျက်သားနှင့် အောင်က သူ့အနားခပ်သုတ် သုတ်လျှောက်သွားပြီး...

“ကိုလတ် ရောက်နေတာ ကြာပြီလား”

အယောင်ယောင်အမှားမှားနှင့် ကိုလတ်နာမည် ကို မှားခေါ်မိသည်။ ကိုအောင်ရယ်တော့မှ ရှက်ရှက်နှင့် လိုက်ရယ်ပြီး မျက်စောင်းတစ်ချက် ဝေ့လိုက်ပြီး...

“ဒါ ရယ်စရာမဟုတ်ပါဘူး”

ခပ်တည်တည်ပြန်ပြောတော့ ကိုအောင်က အရယ် အမောမပျက်။

“နင် မနက်တိုင်း ဘယ်သွားနေတာလဲဟာ၊ ငါ နင့်ဆီလာတာ မမစံတို့ မပြောဘူးလား”

“ပြောသားပဲ၊ နောက်ရက်တွေ ဆက်လာမယ်ဆို တာ ကိုအောင်က ချိန်းမထားဘဲနဲ့”

“အေးဟာ၊  ငါလည်း  အစီအစဉ်မရှိတာနဲ့၊  ငါ မော်လမြိုင်က ပြန်ရောက်လာတော့ နင့်အကြောင်း တွေကို မမစံက တိုင်လိုက်တယ်၊ နင်ဘယ်တွေ လျှောက်သွားနေတာလဲ၊ ဘာတွေလျှောက်လုပ်နေတာလဲ၊ ကိုယ့်စိတ်ကို ကိုယ်မနိုင်တော့ဘူးလား၊ ပြောတော့ ကြီးကြီးကျယ်ကျယ်၊ လုပ်တော့တခြား”

ကိုအောင်က ရုတ်ခြည်းမျက်နှာတည်သွားကာ အောင့်ကို မာန်သလိုပြောလိုက်လေသည်။ အောင်က ကိုအောင့်အား လှမ်းကြည့်ပြီး...

“မဆူပါနဲ့ ကိုအောင်ရာ ကျွန်တော့်ကို၊ ကျွန်တော် စိတ်ညစ်လွန်းလို့ရှိရတဲ့ကြားထဲ”

“စိတ်ညစ်ရင် စာဖတ်ပေါ့”

ဆက်လက်ဖော်ပြပါမည်။