သောက်သုံးရေလိုအပ်လျက်ရှိသည့်နေရာများကို သောက်သုံးရေသွားရောက်လှူဒါန်းပေး

သောက်သုံးရေလိုအပ်လျက်ရှိသည့်နေရာများကို သောက်သုံးရေသွားရောက်လှူဒါန်းပေး

ညောင်ဦး၊ လူမှုရေး

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ချောင်းရှည်ကျေးရွာ၌ ဒေသခံပြည်သူများ သောက်သုံးရေ အခက်ကြုံနေကြောင်းသိရ၍ ဧပြီလ ၁၉ ရက်နံနက်ပိုင်းတွင် ညောင်ဦးမြို့နယ် တောင်ဇင်းနယ်မြေ မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက ရေသယ်ယာဉ်ဖြင့် ရေဂါလန် ၁၆၀၀ သွားရောက်ဖြန့်ဝေ လှူဒါန်းပေးကြောင်း သိရသည်။

ထိုသို့သောက်သုံးရေများ လှူဒါန်းပေးရာတွင် တောင်ဇင်းနယ်မြေ မီးသတ်စခန်း တာဝန်ခံလက်ထောက် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးမိုးဝင်းကျော်ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ဌာနရေသယ်ယာဉ် ဖြင့် ရေဂါလန် ၁၆၀၀ အား အိမ်ထောင်စု၊လူဦးရေအလိုက် စနစ်တကျခွဲဝေလှူဒါန်းပေးပြီး လိုအပ်ပါက ထပ်မံလှူဒါန်း ပေးသွားမည်ဖြစ်သည်။ ညောင်ဦးမြို့နယ် ချောင်းရှည်ကျေးရွာ၌ အိမ်ထောင်စု ၂၀၀ ခန့်ရှိပြီး လူဦးရေ ၁၀၀၀ ကျော်ခန့် နေထိုင်လျက်ရှိပြီး ဒေသခံပြည်သူများမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်လျက်ရှိသည်။

ထို့ပြင် စဉ့်ကူနယ်မြေမီးသတ်စခန်းမှမီးသတ်တပ်ဖွဲ့ဝင်များက စဉ့်ကူနယ်မြေမြို့ကုန်းရပ် ဝေယံဘုံသာ ဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်၊ သံဃာတော်များအတွက် သောက်သုံးရေဂါလန် ၁၆၀၀ ကိုလည်း ကောင်း၊ လေးထပ်ဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်၊ သံဃာတော်များအတွက် ရေဂါလန် ၁၆၀၀ ကိုလည်းကောင်း သွားရောက်လှူဒါန်းပေးကြောင်း သိရသည်။

ရဲဝင်းနိုင်(ညောင်ဦး)