ပွင့်ဖြူမြို့နယ် မုန်းချောင်းအတွင်း ဇီဝိတဒါနစုပေါင်းငါးလွှတ်ပွဲကျင်းပ

ပွင့်ဖြူမြို့နယ် မုန်းချောင်းအတွင်း ဇီဝိတဒါနစုပေါင်းငါးလွှတ်ပွဲကျင်းပ

ပွင့်ဖြူ၊ လူမှုရေး

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ၁၃၈၆   ခုနှစ်   မြန်မာနှစ်ဆန်းတစ်ရက် နှစ်သစ်ကူးကုသိုလ်ပြု   ဇီဝိတဒါနစုပေါင်း ငါးလွှတ်ပွဲကို ဧပြီလ ၁၇ ရက်က ပွင့်ဖြူမြို့ အနောက်ပိုင်း ရပ်ကွက်အနီး မုန်းချောင်း၌ ကျင်းပသည်။

အဆိုပါ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များ၊ ပွင့်ဖြူမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စံပါယ်လှိုင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ပြီး မြို့နယ် ငါးလုပ်ငန်းစခန်းမှ မွေးမြူထားသော ရွှေဝါ ငါးကြင်းအကောင်ရေ ၃၀၀၀၊ ငါးမြစ်ချင်း အကောင်ရေ ၂၀၀၀ စုစုပေါင်း အကောင် ရေ ၅၀၀၀ အား မုန်းချောင်းသဘာဝရေပြင်အတွင်းသို့ စုပေါင်းလွှတ်ပေးခဲ့ကြသည်။

ထို့ပြင် နှစ်သစ်ကူးအခါသမယတွင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးလက်ဒေသများ၌ ဒေသခံပြည်သူများက ဆရာတော်၊ သံဃာ တော်များအားပင့်ဖိတ်၍ အန္တရာယ်ကင်း ပရိတ်တရားများ ရွတ်ဖတ်ပူဇော်ခြင်းနှင့်  ဘုရားကျောင်းကန်များသို့ သွားရောက်ကာ ဥပုသ်သီလဆောက်တည်ခြင်းများ ပြုလုပ်ကြပြီး ဘုရား စေတီပုထိုးများ၌ ပန်း၊ ရေချမ်း၊  ဆီမီးများထွန်းညှိ၍ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကား ကြောင်း သိရသည်။     

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)