နှလုံးမှာ ဖြူစင်ကြယ်နဲ့ (၁)

နှလုံးမှာ ဖြူစင်ကြယ်နဲ့ (၁)

“အလှအချော ဖွားစော”

“အလှအယဉ် ဖျောက်ဆိပ်ပင်” ဟူသောစကားစုကို ပြုံးရွှင်စွာ ရွတ်ဆိုပြသူက နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဝန်ထမ်းငယ်တစ်ဦး။ ထိုဝန်ထမ်းငယ်သည်  မိတ္ထီလာခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဖြစ်လေ၏။ နေရာကား ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေ အတွင်းရှိ ရှေးဟောင်းရေကန်များကို ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းခွင်၌ ဖြစ်ပါသည်။

စာရေးသူသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဦးဆောင်ကျင်းပသည့် ပုဂံဒေသ ရှေးဟောင်းရေကန်များ ပြန်လည်ပြုပြင်ရေးနှင့်   စပ်လျဉ်းသည့် အစည်းအဝေးသို့    တက်ရောက်ရန်နှင့် ရှေးဟောင်းရေကန်များ ပြန်လည်တူးဖော်နေမှုလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးရန် ပုဂံရှေးဟောင်း နယ်မြေသို့ ရောက်ရှိနေခြင်းဖြစ်လေ၏။

ပုဂံဒေသ၏ တပေါင်းနွေအပူကား ပူပြင်းလွန်းပေစွ။

ရာသီကား ဂိမှာန်အစ ပူရှရှဖြစ်၏။ ဝန်းကျင်သည် စိမ်းစိမ်းစိုစို၊ ညို့ညို့မှိုင်းမှိုင်း မဟုတ်ခဲ့။ ရိုးတံကျဲကျဲနှင့် ပင်ကြီးပင်ငယ်တို့တွင် ပုရစ်ဖူးတို့ အစီအရီရှိနေကြ၏။ ထန်းပင်ကြီးငယ် အစီအရီ တမျှော်တခေါ်နှင့် အတူ မြင်တွေ့နေရသော မြင်ကွင်းတို့သည်ကား အပူလှိုင်းတို့ဖြင့် ပျပျမှိုင်းမှိုင်း၊ ညိုလွင်မောင်းမောင်း ဖြစ်ချေ၏။ နွေသရုပ်ပင်တည်း။

နိုင်ငံတော်အကြီးအကဲလမ်းညွှန်ချက်

ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသတွင် ၂၀၁၁ ခုနှစ်က မိုးသည်းထန်စွာရွာသွန်းခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် လည်း မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသည်။ အကျိုးဆက်အဖြစ် ရှေးဟောင်းအဆောက်အအုံများ၏ ပရိဝုဏ် အတွင်းနှင့် ပတ်ဝန်းကျင်တို့တွင် ရေကြီးရေလျှံမှုများနှင့် ရေဝပ်မှုများ ဖြစ်ပေါ်ခဲ့ပြီး ရှေးဟောင်း အဆောက်အအုံများ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ပါသည်။

ပုဂံခေတ်၏ မူလရေကန်၊ ရေလမ်းကြောင်းများ တိမ်ကောလာခြင်းကို ပြန်လည်ဖော်ထုတ်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၁၅-၅-၂၀၂၃ ရက်နေ့မှ ၁၆-၅-၂၀၂၃ ရက်နေ့ထိ ပုဂံဒေသခရီးစဉ်အတွင်း “ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ဒေသအတွင်း ရေကြီးရေလျှံမှုများ ထပ်မံမဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေ ရေးအတွက် ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့ကို ဖွဲ့စည်း၍ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်” လမ်းညွှန် မှာကြားခဲ့ပါသည်။

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အား အကောင်အထည်ဖော်ရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ကျောက်စာနှင့် မှတ်တမ်းအထောက်အထားများကို အခြေခံ၍ ပုဂံကမ္ဘာ့ အမွေအနှစ်ဒေသရှိ  ရေကန်များကိုကွင်းဆင်း မှတ်တမ်းစာရင်း ကောက်ယူခဲ့ပါသည်။

ရေကန်များ ပြုပြင်ထိန်းသိမ်းရာတွင် စက်ယန္တရားများဖြင့် ဆောင်ရွက်ပါက အချို့သော ကန်ပတ်ဝန်း ကျင်၌ နီးကပ်စွာတည်ရှိနေသည့် ရှေးဟောင်းအဆောက်အအုံများအား ထိခိုက်နိုင်သဖြင့် စက်ယန္တရား ဖြင့် တူးဖော်ခြင်း၊ လူအင်အားဖြင့်တူးဖော်ခြင်းတို့ကို ခွဲခြားဆောင်ရွက်ရန်လျာထားခဲ့ပါသည်။

ထို့ကြောင့် ပြန်လည်ဖော်ထုတ်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် စနစ်တကျ အဆင့်များ ခွဲခဲ့သည်။

ပထမဦးစားပေးနှင့် ဒုတိယဦးစားပေးကန်များအနက် ကန် ၇ ကန်ကို စက်ယန္တရားများဖြင့် ဆောင်ရွက် မည်ဖြစ်ပြီး လူအင်အားဖြင့် ပြုပြင်ထိန်းသိမ်းရမည့်ကန်မှာ ၄ ကန် ရှိပါသည်။ ယခုနှစ် မိုးမကျမီ ရေကန်များအား တူးဖော်ပြီးစီးနိုင်မှသာ ရေလွှမ်းမိုးမှုမှ ကာကွယ်နိုင်မည်။ ရေသုံးစွဲသူများအတွက် ထိရောက် အကျိုးရှိနိုင်မည် ဖြစ်လေသည်။ ထို့ကြောင့် ဌာနအသီးသီးမှ တာဝန်ကျဝန်ထမ်းများသည် လုပ်ငန်းများ အချိန်မီပြီးစီးရေး  နေပူပူ၊ လေပူပူ၊ သဲပူပူတွင် အင်တိုက်အားတိုက် ဆောင်ရွက်နေကြ သည်။

ဖွံ့ဖြိုးရေးဝန်ထမ်းဟူသည်

ဒေသတစ်ခုတွင် ဖွံ့ဖြိုးရေးတာဝန်ကို ထမ်းဆောင်ရသည့် ဝန်ထမ်းများ၏ဘဝမှာ နေလုံ၊ မိုးလုံ ရုံးခန်းများတွင်     နေ့စဉ်အေးဆေးစွာ ရုံးတက်ရသည့် နေ့ရက်များချည်းတော့ မဟုတ်ခဲ့။

တောလမ်း၊ တောင်လမ်း၊ ခရီးကြမ်း၊ အနေကြမ်း၊ အစားကြမ်းခဲ့ရသည့် နေ့ရက်များနှင့် ရာသီဥတုကို မမှုနိုင်ဘဲ တစ်နေကုန် နေပူပူထဲ၊ မိုးသည်းသည်းထဲ၊ ဆောင်းချမ်းချမ်းထဲတွင် ဖြတ်သန်းရသည့် ပင်ပန်းခက်ခဲသည့် နေ့ရက်များသည်လည်း မှန်မှန်ရောပြွမ်းလျက်ရှိနေလေ၏။ ဝန်ထမ်းဘဝကို မြတ်နိုးသူ၊ ဒေသဖွံ့ဖြိုးရေးကို ဝါသနာကြီးသူ၊ လုပ်ငန်းအပေါ်ကို ဇွဲကြီးသူတို့သာ ပင်ပန်းဒဏ်မျိုးစုံတို့ကို   ခံနိုင်ရည်ရှိစွာ ရေရှည်တာဝန်ထမ်းဆောင်နိုင်ကြပါလိမ့်မည်။

နယ်မြေဒေသတစ်ခုသို့ ရောက်သည့်အခါတိုင်းတွင်လည်း ထိုဒေသ၏ဓလေ့တွေကို ပစ်ပယ်ထား၍မရ။  မှတ်သားရ၏။ သူ့ရိုးရာဓလေ့တွေအတိုင်း တလေးတစား လိုက်နာဆောင်ရွက်ရပါသည်။

ဤဒေသတွင် နယ်စပ်ရေးရာဝန်ကြီးဌာနက ရှေးဟောင်းရေကန် ၅ ကန်ဖြစ်သည့် ဖျောက်ဆိပ်ပင် ကန် (၁)၊ (၂)၊ (၃)၊ ဖိုးသူတော်ကန်နှင့် မြောက်တဝက်ကန်တို့အား ရှေးမူမပျက် ပြန်လည်ဆယ်ယူ တူးဖော် ထိန်းသိမ်းကူညီဆောင်ရွက်ပေးလျက်ရှိ၏။ ဒေသအတွက်များစွာ အကျိုးရှိသည့် လုပ်ငန်းမှန်သော်လည်း လုပ်ငန်းများကို  သတိကြီးစွာ ဆောင်ရွက်ရပါသည်။

ကမ္ဘာ့အမွေအနှစ်ဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်များ၏ အကြံဉာဏ်များကို ရယူရသည်။ ပူးပေါင်းဆောင်ရွက်ရသည်။ ဒေသတစ်ခုအတွက် အကျိုးရှိအောင်လည်း အထူးအလေးထားရပါသည်။

ယခု ဖွံ့ဖြိုးရေးလုပ်ငန်းကူညီဆောင်ရွက်ပေးလျက်ရှိသည့် ဒေသသည်-

ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသဖြစ်၏။

မြန်မာတို့၏ ယဉ်ကျေးမှု အမွေအနှစ်ဒေသဖြစ်၏။

မြန်မာတို့၏ အသည်းနှလုံးဒေသလည်းဖြစ်၏။

ပုဂံသည်-

မြန်မာတို့အဖို့ စေတီပုထိုးရှိခိုးပူဇော်ရာ နေရာသာမက ပထမမြန်မာနိုင်ငံတော်ကြီး အဖြစ် သမိုင်းတွင် ဂုဏ်ယူစရာနေရာလည်း ဖြစ်ပေသည်။

ဤနေရာတွင် ဒဏ္ဍာရီများ၊ ထုံးတမ်းပုံပြင်များဖြင့် ပြည့်နှက်နေသည်။

အုတ်ရိုးနီနီ၊ နံရံဆွေးဆွေးတို့က အချိန်ကာလတို့၏ တိုက်စားခြင်းကို ပြသနေသည်။

တောက်ပသော အညာနေပူပူအောက်၌ဖြစ်စေ၊ နံနက်စောစောနှင့် ညနေဆည်းဆာ မြူနှင်းမှုန်တို့ ကြား၌ဖြစ်စေ၊ ည၏ငြိမ်သက်တိတ်ဆိတ်မှု အောက်၌ဖြစ်စေ၊ ပုဂံ၏အလှသည် မြင်ရသူ၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို မွေ့လျော်စေပါသည်။

ရေအရင်းအမြစ်များ

မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန်တွင်ပါရှိသဖြင့် ပုဂံသားတို့၏ အဓိက လိုအပ်ချက်မှာ “ရေ” ဖြစ်သည်။ ထို့ကြောင့် ရေအရင်းအမြစ်သည် အရေးပါလှ၏။

ရှေးဘိုးဘွားတို့သည် မြို့များတည်သည့်အခါ ပထမဆုံး ရေအရင်းအမြစ်ကို ကြည့်ကြမည်။ ဒုတိယ အနေဖြင့် သီးနှံစိုက်ပျိုး ဖြစ်ထွန်းအောင်မြင်ဖို့ အောက်ခံမြေလွှာ၏ အရည်အသွေးကိုစစ်ကြမည်။ ပြီးတော့မှ ကျန်သည့်ကိစ္စရပ်များကို စဉ်းစားကြမည်ဟု ယူဆနိုင်၏။

တစ်နှစ်ပတ်လုံး သိုလှောင်ထိန်းသိမ်းရန်နှင့် ရေကန်များ တည်ဆောက်ခဲ့သည့်ဓလေ့မှာ မြန်မာနိုင်ငံ အနှံ့အပြားရှိ ကျေးရွာများအနီးတွင် တွေ့မြင်ကြရပါသည်။

ပုဂံခေတ်ကလည်း ဤသို့ပင် ဖြစ်ပေလိမ့်မည်။

ရှေးဘိုးဘွားတို့သည် ဧရာဝတီမြစ်၏ အရှေ့ဘက်လွင်ပြင်ကြီးအတွင်းရှိ ပုဂံဟုဖြစ်ပေါ်လာမည့်ဒေသ၌ ခြေချခဲ့ကြသည်။ ရေအရင်းအမြစ်များ ရှာဖွေကြပေလိမ့်မည်။ လေ့လာတွေ့ရှိချက်များအရ ပုဂံခေတ်၏ ရေစီမံခန့်ခွဲမှုအတတ်ပညာကား မြစ်များ၊ ချောင်းများ၊ ရေလှောင်ကန်ကြီးများကို အဓိကထားခဲ့သည် မဟုတ်။ နန်းတော်တစ်ခု၊ ဘာသာရေးအဆောက်အအုံတစ်ခု၊ ကျေးရွာတစ်ခုချင်းစီအလိုက်   အသေးစိတ် သော ပုဂံသားတို့၏ ရေစီမံခန့်ခွဲမှုများက တိုးတက်နေပြီဖြစ်ကြောင်း  တူးဖော်ရရှိသည့် သုတေသန အထောက်အထားတို့က သက်သေပြလို့နေပေ၏။   ဂုဏ်ယူဖွယ် ကောင်းလေစွ။

ပုဂံလွင်ပြင်နယ်နိမိတ်ကို အရှေ့ဘက်တွင် အင်တိုင်းချောင်း၊ မြောက်ဘက်နှင့် အနောက်ဘက်တို့တွင်   ဧရာဝတီမြစ်၊ တောင်ဘက်တွင် နလဲချောင်း၊ အရှေ့တောင်ဘက်တွင် တုရင်တောင်တန်းတို့က သဘာဝ နယ်နိမိတ်သဖွယ် ကာရံတည်ရှိနေသည်။ ယင်းတို့အကြားတွင် ရွှေချောင်း(ဝက်ကြီးအင်း)၊ ရေအိုးစင် ချောင်း၊ မြင်းကပါချောင်းနှင့် ယင်းတို့၏ ချောင်းလက်တက်များသည် တုရင်တောင်ပတ်ဝန်းကျင် ဆင်ခြေလျှောမှ ဧရာဝတီမြစ်အနိမ့်ပိုင်းသို့ စီးဆင်းလျက်ရှိသည်။ အဆိုပါ ချောင်း၊ မြောင်းနှင့် လက်တက်တို့သည် “ပုဂံဒေသ”၏ ရေအရင်းအမြစ်များ ဖြစ်ကြပေသည်။

မိုးတွင်းကာလ၌ သဘာဝမြေပြင် အနေအထားနှင့် ချောင်းများကို အသုံးချလျက် ကန်အဆင့်ဆင့် ပြုလုပ်၊ မြောင်းအသွယ်သွယ်ဖြင့် သွယ်ယူ၍ ရေကိုသိုလှောင်ခဲ့ကြ၏။

ရေသိုလှောင်မှု အမျိုးအစားများ

“ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန” ၏ သုတေသနပြုချက်များအရ ပုဂံရေအရင်း အမြစ် အထောက်အထားများကို-

(၁)     တမံတုတ်ထားသော ရေလှောင်ကန်များ။

(၂)     ရေစစ်ကန်ပါသော ရေလှောင်ကန်များ။

(၃)     အင်းများ။

(၄)     ဘုရားကန်၊ ပရိဝုဏ်အတွင်းရှိ အုတ်ရေကန်များ။

(၅)     ရေဝင်ရိုးနှင့်   မြောင်း၊ ကျုံးဟု

အမျိုးအစားများကို ခွဲခြားထားလေ၏။

ရေစစ်ကန်ပါသော ရေလှောင်ကန်များမှာ  ပုဂံဒေသတွင်  အတွေ့ရဆုံးသော အမျိုးအစားဖြစ်သည်။ ရေစစ်ကန်တစ်ဆင့်ခံထားရခြင်းသည် မိုးသည်းထန်စဉ်ကာလအတွင်း စီးဝင်လာသောရေများအတွင်းမှ အနယ်အနှစ်များနှင့်  အမှိုက်သရိုက်များကို အနည်ထိုင်ကျန်ရစ်စေရန်ဖြစ်သည်။ ရေစစ်ကန်အတွင်း အနည်ထိုင်ပြီးမှ ပင်မ ရေလှောင်ကန်အတွင်းသို့ သီးသန့်ပြုလုပ်ထားသည့် ရေပြွန်ပေါက်မှတစ်ဆင့် ရေသွင်းသည်။ အချို့ကန်များတွင် ရေစစ်ကန်နှစ်ထပ် သို့မဟုတ် အထပ်ထပ်ဖြင့် ရေစစ်ကာ ရေကိုသန့်စင်ယူသည်။ ကန်အတွင်း သတ်မှတ်ပမာဏထက် ကျော်လွန်သောရေကို ရေလျှံပေါက်၊   ရေပိုလွှဲ (spill way) မှတစ်ဆင့် အခြားကန် (သို့) ချောင်းအတွင်းသို့  ထုတ်လွှတ်ပေး၏။ ရေပိုများ အလဟဿမဖြစ်တော့။

နယ်စပ်ရေးရာဝန်ကြီးဌာနက တာဝန်ယူအကောင်အထည်ဖော်နေသည့် ဖျောက်ဆိပ်ပင်ကန် (၁)၊ (၂)၊ (၃) တို့သည် ရေစစ်ကန်ပါသော ရေလှောင်ကန်အမျိုးအစားများပင်။

ကန်အမှတ်(၁) နှင့် (၂) က ရေစစ်ကန်ဖြစ်၏။

ကန်အမှတ်(၃)က သန့်စင်ပြီး သောက်သုံးရေကန်ဖြစ်၏။

ရေပိုပါက “ကျောက်အိုးကန်” သို့ ဆက်၍ ရေလွှဲပေး၏။

ထို့ကြောင့် ကန်(၁) မှ (၂) သို့ဆက်သွယ်သည့် ရေပြွန်ပေါက်၊ ကန်(၂) မှ (၃) သို့ပေးပို့သည့် ရေပြွန် ပေါက်များအပြင် ကန်(၂) နှင့် (၃) ၌ ရေလိုသလို အသွင်းအထုတ်ပြုလုပ်နိုင်ရန် ရေတံခါးကိုလည်း တည်ဆောက်ပေးလျက်ရှိပါသည်။

ဖိုးသူတော်ရေကန်နှင့် မြောက်တဝက်ကန်တို့ကိုလည်း သတ်မှတ်ချက်အတိုင်း ဆောင်ရွက်လျက်ရှိ ပါသည်။ ထိုကန်များ ပတ်ဝန်းကျင်၌မူ    ကျေးရွာများမရှိပါ။

စိုက်ပျိုးမြေများအတွက်သာ အဓိကအသုံးပြုသည့် ရေကန်များ ဖြစ်ပေသည်။

မိမိတို့ တာဝန်ယူဆောင်ရွက်နေသော ရေကန်များမှာ နှစ်ပေါင်း ၇၀၀ ကျော်ခဲ့ပြီဖြစ်သည်။ ရှေးဟောင်းရေကန်များ ဖြစ်သည်မှာမှန်၏။ သို့သော် မည်သည့် ရှေးဟောင်းပုထိုး၊ ဘာသာရေး အဆောက်အအုံများနှင့်မှ သက်ဆိုင်ခြင်းမရှိခဲ့။ သက်ဆိုင်ရာကျေးရွာများ၌ လက်ရှိအသုံးပြု၊ အကျိုးပြု နေသည့်   သောက်သုံးရေကန်များသာ ဖြစ်လေ၏။

နယ်စပ်ရေးရာဝန်ကြီးဌာနသည် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ရေရရှိရေးလုပ်ငန်းများဖြစ်သော သောက်သုံးရေရရှိရေးနှင့် စိုက်ပျိုးရေရရှိ ရေးတို့လည်း ပါဝင်ပါသည်။

ဤကန်များ ပြန်လည်တူးဖော်ခြင်း လုပ်ငန်းအတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ  ၁၀၉ ဒသမ ၂၀၅ သန်းဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါသည်။

ဖျောက်ဆိပ်ပင်ကျေးရွာ

ရောက်တုန်းရောက်ခိုက် ရွာအကြောင်း၊ ဒေသအကြောင်းကို ဒေသခံများမှတစ်ဆင့် သိရှိရပြန်သည်။

“ဖျောက်ဆိပ်ပင်ကျေးရွာ” သည် ဧရာဝတီမြစ်နှင့် အလှမ်းဝေးစွာတည်ရှိနေ၏။ ကျေးရွာ၏ အခြေခံ လိုအပ်ချက်မှာလည်း “ရေ” ပင်ဖြစ်၏။ အိမ်ခြေ ၅၀၀ ခန့်ရှိ၏။ လူဦးရေ   ၄၀၀၀  ကျော်ခန့်ရှိသော ကျေးရွာကြီးပင်ဖြစ်သည်။ လယ်ယာလုပ်ငန်းများ လုပ်ကိုင်ကြပြီး ပဲစင်းငုံ၊ မြေပဲနှင့် နှမ်းတို့မှာ ကျေးရွာ၏ အဓိကစိုက်ပျိုးသီးနှံများဖြစ်ပါသည်။

ဖျောက်ဆိပ်ပင်ရွာ၏ရွာတည်သက္ကရာဇ်မှာ ၁၁၁၁ ခုနှစ်ဟုဆိုပါသည်။ ရွာဦးတွင် လူကြီးလေးယောက်၊ ငါးယောက်တစ်ဖက်စာခန့်ရှိ ဖျောက်ဆိပ်ပင်ကြီးကိုအစွဲပြု၍ ရွာအမည်ခေါ်တွင်ခဲ့ကြသည်ဟုဆိုပါသည်။

စာရေးသူသည် ရွာတည်သက္ကရာဇ်ကိုသိရသော် ပုဂံကစိုးစံခဲ့သည့် မင်းဆက်စာရင်းကို ပြန်ဆန်း စစ်မိသည်။ မင်းဆက် ၄၄ ဆက်မြောက်ဖြစ်သော ကျန်စစ်သားမင်းသည် ပုဂံထီးနန်းကို ၁၁၁၂ ခုနှစ်အထိ စိုးစံစဉ်ကပင် ရွာရှိခဲ့သောကြောင့် နှစ်ပေါင်း ၉၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းပုဂံရွာဟောင်းကြီးပင်။

ရွာတွင်ရှိသည့် ရေကန်သုံးကန်အနက် အမှတ်(၁)ကန်အား အုတ်ဖုတ်သည့်အတွက် အုတ်ဖုတ်ကန် ဟုလည်း ခေါ်ကြ၏။ ကန်အမှတ်(၂)အား ကန်အသစ်သို့ သဲမဝင်စေရန်အတွက် “ဆည်ကန်” ဟု ခေါ်ကြ၏။ ကန်အမှတ်(၃)အား ကန်သစ်ကြီးဟုလည်းခေါ်ကြသည်။ ကျတ်တီးမြေရှိသည့်အတွက် “ကျတ်ကန်” ဟုလည်း ခေါ်ပါသည်။

၁၂၈၄ ခုနှစ်တွင် ထိုကန်သုံးကန်အား ကျောင်းသစ်ကျောင်း (ကံသစ်ကျောင်း) ဆရာတော် ဦးအာစိန္ဒက  လူငှားများနှင့် ကျေးရွာသူ၊ ကျေးရွာသားများ ပူးပေါင်း၍ တူးဖော်ခဲ့ကြခြင်းဖြစ်သည်ဟုဆိုပါသည်။ ရွာတည်ပြီး ၁၇၃ နှစ်အကြာ ဗီ  ၁၂၅၅ မှ ၁၂၈၆ အထိစိုးစံခဲ့သည့် “နရသီဟပတေ့” မင်းလက်ထက်တွင်မှ ဤရေကန်သုံးကန်အား တူးဖော်ခဲ့ခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရပြန်သည်။ ထို့ကြောင့် ရေကန် သက်တမ်းမှာ နှစ်ပေါင်း ၇၀၀ ကျော်ခဲ့ပေပြီ။ ရွာအနီးတစ်ဝိုက်တွင် သန့်စင်ကြယ်၊ ကုန်းတန်းကြီး၊ မင်းနန်သူ၊ အရှေ့ဖွားစော၊ အနောက်ဖွားစောကျေးရွာတို့ရှိကြပါသည်။

ဤရွာများနှင့်ပတ်သက်၍ တစ်ရွာနှင့်တစ်ရွာ အညာသူ၊ အညာသားများပီပီ ရှေးအခါကပင် ရိုးသားစွာ အပြိုင်အဆိုင် စကားနိုင်လုကြသည့် စကားရပ်များကို ပြောပြ၍   လွတ်လပ်စွာ ရယ်မောရသေး သည်။

“ဖင်တုန်ကြီးကြီး ကုန်းတန်းကြီး

          ဖင်တုန်ငယ်ငယ် သန့်စင်ကြယ်

          အလှအယဉ် ဖျောက်ဆိပ်ပင်

          အလှအချော ဖွားစော

          ကျောက်ပေါက်ခွက်ထူ မင်းနန်သူ” ဟုဆိုလေ့ရှိသည်ဟုဆို၏။  တကယ်တော့လည်း အညာသူ၊ အညာသားအားလုံး ရိုးသားစွာလှပကြပါသည်။

ဖျောက်ဆိပ်ပင်ရေကန်ဆီမှ ပင့်တိုက်လာသော  လေနုနွေးနွေးကိုခံစားရ၏။ ကန်ပေါင်ပေါ်မှနေ၍ အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ အဝေးအနီး ရှုမျှော်ခင်းတို့အား မေ့မေ့မောမောအေးချမ်းစွာ စီးမျော ကြည့်ရှုရင်း ဤသို့တွေးနေမိပါသည်။

အချို့ကိစ္စရပ်များသည် အထောက်အထားမပြနိုင်သည့် ပါးစပ်ရာဇဝင်များဟု ဆိုငြားသော်လည်း အရမ်း မပစ်ပယ်သင့်၊ အချို့ပါးစပ်ရာဇဝင်များမှာ တွေ့ရှိရသည့် အထောက်အထားများအရ မှန်ကန်နေသည်ကို တွေ့ကြရသည်။ ပါးစပ်ရာဇဝင်များကို သက်ဆိုင်ရာခေတ်၏  မြေပေါ်၊ မြေအောက်  အထောက်အထား များနှင့် ယှဉ်တွဲ၍ လေ့လာရပေလိမ့်မည်။    ။

ဝထကလသ

(နတလ)