နှစ်သစ်ကိုကြိုဆို၍ လူသစ်စိတ်သစ်ခွန်အားသစ်တို့ဖြင့် ဖြတ်သန်းကြပါစို့

နှစ်သစ်ကိုကြိုဆို၍ လူသစ်စိတ်သစ်ခွန်အားသစ်တို့ဖြင့် ဖြတ်သန်းကြပါစို့

အချိန်ယန္တရားတို့သည် စောင့်ဆိုင်းရပ်တန့်ခြင်းမရှိဘဲ တဖြည်းဖြည်း တရွေ့ရွေ့လည်ပတ် လှုပ်ရှားမြဲဖြစ် သည်။ တစ်ရက်မှတစ်လ၊  တစ်လမှတစ်နှစ်သို့ပုံမှန်ရွေ့လျားကုန်ဆုံးလျက်ရှိရာ အဟောင်းတို့ကျန်ခဲ့ပြီး အသစ်သို့ ကူးပြောင်းနေမြဲပင်ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် ဦးတန်ခူးလဆန်း ၉ ရက်သည် မြန်မာနှစ်ကူးနှစ်ဆန်းတစ်ရက်နေ့ ဖြစ်သည်။ နှစ်ဟောင်းကုန်၍ နှစ်သစ်ပြောင်းရာတွင်  လူတစ်ဦးချင်း စီ၌ မတူညီသော အတွေ့အကြုံများ၊ အကောင်းအဆိုးများ၊ အောင်မြင်မှု၊ မအောင်မြင်မှုများ ကျန်ရှိနေကြ မည်ဖြစ်သည်။ ပြီးခဲ့သည့်နှစ်အတွင်း ရရှိခဲ့သောအတွေ့အကြုံများကို ဆင်ခြင်တွေးဆပြီး  သင်ခန်းစာ ဖော်ထုတ်ရယူကြရန်နှင့် နှစ်သစ်တွင် ပိုမိုကောင်းမွန်ပြည့်စုံသောအခြေအနေများကို ဖန်တီးရယူနိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြမှသာ နှစ်ဟောင်းကုန်၍ နှစ်သစ်ကိုကြိုဆိုသည့် အနှစ်သာရ ပြည့်စုံညီညွတ်မည် ဖြစ်သည်။

နှစ်သစ်ကူးပြောင်း၍ နှစ်ဟောင်းကုန်ဆုံးခြင်းသည် မကောင်းသောအကျင့်များ၊ မကောင်းသော လေလွင့်မှုများ၊ မကောင်းသောပြုမူ ဆောင်ရွက်မှုများအားလုံးကို ကျောခိုင်းကာ ကောင်းမှုများဆီသို့ ဦးတည်လျှောက်လှမ်းရမည့် ကာလပင်ဖြစ်သည်။ အဟောင်းကာလမှ မကောင်းသည့်အရာများကို ဖက်တွယ်ကာအမှားနယ်တွင်သာ   ဆက်လက်ကျင်လည်နေမည်ဆိုပါက နှစ်သစ်ကူးပြောင်းခြင်းသည် တန်ဖိုးမရှိ ဖြစ်သွားနိုင်သည်။ သို့ဖြစ်၍ မြန်မာနှစ်သစ်ကို လူသစ်စိတ်သစ်ခွန်အားသစ်တို့ဖြင့် ဖြတ်သန်းနိုင်ရေး ကြိုးပမ်းတည်ဆောက်ကြရမည် ဖြစ်သည်။

နှစ်သစ်၌ တိုးတက်ခြင်း၊ အောင်မြင်ခြင်းဆီသို့ လျှောက်လှမ်းနိုင်ရန် ပြင်းပြသောခံယူချက်နှင့်အတူ တိကျပြတ်သားသော ရည်မှန်းချက်ချမှတ်ထားရန် လိုအပ်သည်။  လူ့ဘဝရှင်သန်ရေးတွင် ရည်မှန်းချက် မရှိပါက ပဲ့မပါသောသင်္ဘောကဲ့သို့  လိုရာမရောက်ဘဲ အောင်မြင်ခြင်းနှင့်ဝေးကွာပြီး အသက်ရှင် နေသော်လည်း ဘဝသေသူအဖြစ်သို့ရောက်ရှိသွားတတ်သည်။  ထို့ကြောင့်  တိကျသော ရည်မှန်းချက်နှင့် အတူ ဘဝသစ်ကို စတင်သင့်လှသည်။ ရည်မှန်းချက်ချမှတ်ရာတွင် ဝန်နှင့်အား၊  လေးနှင့်မြားဆိုသလို မိမိ၏အရည်အချင်းနှင့် ကိုက်ညီပြီး အမှန်တကယ်အကောင်အထည်ဖော်နိုင်သော ရည်မှန်းချက်ကိုသာ ချမှတ်သင့်သည်။ လေထဲတိုက်အိမ်ဆောက်သလို မဖြစ်နိုင်သည့် ရည်မှန်းချက်ချမှတ်လိုက်ပါက အချိန်သာကုန်ပြီး ပန်းတိုင်မရောက်ဖြစ်တတ်သည်။ မိမိတို့အမှန်တကယ် ဆောင်ရွက်နိုင်သည့် ရည်မှန်းချက် ချမှတ်ပြီးပါကလည်း ရည်မှန်းချက် ပေါက်မြောက်သည်အထိ ဦးလည်မသုန် ကြိုးစားသင့် သည်။

အောင်မြင်မှုလမ်းကြောင်းတိုင်းသည် ရိုးသားဖြောင့်မတ်မှုကို အခြေခံမှာသာ ဖြောင့်ဖြူးတတ်သည်။ ရိုးသားမှုသည် ထုံခြင်း၊ အခြင်းမဟုတ်။ မှန်ကန်သော သစ္စာတရားပေါ်၌ အခြေတည်သည်။ မယူသင့် သည် ကိုမယူ၊ အချောင်ရလိုစိတ်မရှိ၊ မုသားကိုမဆို၊ ဟုတ်မှန်ရာကိုသာ ပြောဆိုလုပ်ကိုင်တတ်ခြင်း ဖြစ်သည်။ မယူသင့်သည်ကိုယူမိလျှင် မလိုချင်သောအရာများလည်း ပါလာတတ်သည်ကို သတိမူ၍ လျော်ကန်သင့်မြတ်ခြင်း၌ အဆုံးသတ်ခြင်းသည် ရိုးသားမှု၊ ဖြောင့်မတ်မှုပင်ဖြစ်သည်။ ရိုးသားမှုအတွက် အထင်ရှားဆုံးစကားမှာ “အရိုးဆုံးများသည်ပင် တစ်ခါတစ်ရံအဆန်းဆုံး” ဟူ၍ဖြစ်သည်။ တစ်နပ်စား ဉာဏ်သည် အန္တရာယ်ကြီးသလို ရိုးသားဖြောင့်မတ်သူတို့မှာ အစဉ်အမြဲဂုဏ်ကြီးမားနေတတ်ကြောင်း သတိချပ်သင့်သည်။

မာန်မာနမထားဘဲ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချတတ်သူသည် လူကောင်းများပင်ဖြစ်သည်။ နှိမ့်ချမှုသည် အရှုံးပေးခြင်းမဟုတ်၊ ဂုဏ်ငယ်ခြင်းမဟုတ်၊ ဘဝကိုအရိုးသားဆုံး နိုးကြား၊ ကြိုးစားနေသူတို့၏ ပြယုဂ်တစ်ခုဖြစ်သည်။ မာနထောင်လွှားတောက်ကြွားခြင်းကို လူများက မုန်းတီးတတ်ကြသော်လည်း နှိမ့်ချတတ်သူကိုလက်ခံတတ်လေ့ရှိသည်။ မည်သည့်အလုပ်တွင်မဆို နှိမ့်ချလုပ်ကိုင် ဆောင်ရွက်ကြမည် ဆိုလျှင် တိုးတက်ထွန်းကားမှုကိုရယူနိုင်သည်။ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချတတ်သူတို့၏ အပြောအဆို၊ အမူအရာ၊ လုပ်ကိုင်ဆောင်ရွက်ပုံသည် ယဉ်ကျေးသိမ်မွေ့မှုနှင့် ဆက်နွှယ်နေသဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိုအချက်က အောင်မြင်မှုဘက်သို့ သယ်ဆောင်သွားလေ့ရှိသည်။

သည်းခံခြင်းသည် လူတိုင်းလိုက်နာ ဆောင်ရွက်ရန်ခက်ခဲသော အကြောင်းတရားတစ်ရပ်ဖြစ်သည်။

“သည်းခံခြင်းသည် အောင်မြင်ရာ၏” ဟု ပညာရှိတို့က ဆုံးမသွန်သင်တတ်သည်။ သည်းခံမှုသည် အရသာဆိုးလှသော်လည်း နိဂုံးရလဒ်မှာ အလွန်ချိုမြိန်တတ်သည်။ အောင်မြင်လိုလျှင် သည်းခံ တတ်ရမည် ဖြစ်ပြီး သည်းမခံတတ်၍ အောင်မြင်မှုနှင့် လွဲခဲ့ရသော သာဓကများ ကြုံတွေ့ဖူးကြမည် ဖြစ်သည်။ သည်းခံတတ်သူသည် လောဘ၊ ဒေါသ၊ မောဟတို့ကို ထိန်းချုပ်နိုင်သူဖြစ်ပြီး ကြောင်းကျိုး ဆီလျော်မှုကို ဉာဏ်ဖြင့် ထိုးထွင်းသိမြင်နိုင်သူများဖြစ်၍ ရည်မှန်းချက်အောင်မြင်အောင် အကောင် အထည်ဖော်နိုင်ကြသူများပင်ဖြစ်သည်။

မည်သည့်အလုပ်မျိုး လုပ်ကိုင်သည်ဖြစ်စေ အမှားတွေ့တတ်သည်၊ ရှုံးနိမ့်မှုနှင့်ကြုံရတတ်သည်။ ထိုအမှား၊ ရှုံးနိမ့်မှုများကို အကောင်းဆုံး သင်ခန်းစာများဟုခံယူပြီး ပြောင်းလွယ်ပြင်လွယ်စွာ တည့်မတ်

ထိန်းကျောင်းဆောင်ရွက်နိုင်လျှင် အောင်မြင်ခြင်းပန်းတိုင်သို့ အရောက်လှမ်းနိုင်သည်။ အထူး လိုအပ် သည်မှာ မိမိကိုယ်တိုင်အကောင်းဆုံးဟု ဆုံးဖြတ်ပြီး စတင်လှမ်းလိုက်သည့် ခြေလှမ်းများအတွက် နောက်ပြန် လှည့်ရိုး ထုံးစံမရှိဟု ယတိပြတ် ကြိုးစားကြရေးပင်ဖြစ်သည်။ မိမိကိုယ်တိုင် လက်ရှိ ဆောင်ရွက်နေသောလုပ်ငန်းကို တစ်နေ့နည်းနည်းစီ တိုးတက်အောင် လုပ်ကိုင်ဆောင်ရွက်တတ်သော နည်းလမ်းမျိုးကိုရှာဖွေအသုံးချပါက တစ်ချိန်တွင်အောင်မြင်မှုကြီးကြီးမားမားရတတ်သည်။

ပရဟိတစိတ်ထား၊ ပေးကမ်းလှူဒါန်းလိုသော စိတ်ထားရှိသူတို့သည် တိုးတက်အောင်မြင်တတ်သည်။ လူသည်တစ်ဦးတည်းနေ၍မရ၊ လူ့ဘောင်အသိုက်အဝန်းအတွင်း အချင်းချင်းပေါင်းသင်း ဆက်ဆံနေထိုင် ရသည်။ သူတစ်ပါး၏ အခက်အခဲကို တတ်စွမ်းသမျှ ကူညီလုပ်ကိုင်ဆောင်ရွက်တတ်ရေး လိုအပ်သလို နည်းများမဆို ပေးကမ်းလှူဒါန်းခြင်းများ ပြုသင့်သည်။

ကူညီခြင်း၊ ပေးကမ်းလှူဒါန်းခြင်းသည် အကောင်းဆုံးကောင်းမှု ကုသိုလ်မျိုးစေ့များပင်ဖြစ်ရာ တတ်စွမ်း သမျှ ကြိုးပမ်းဆောင်ရွက်ပါက လူမှုအသိုက်အဝန်း၏အကျိုးအတွက် သယ်ပိုးထမ်းရွက်ခြင်းဟု ဆိုနိုင်သည်။

ကျန်းမာရေးသည် လူသားတိုင်းအတွက် များစွာအရေးပါသည်။ ကျန်းမာရေးပြည့်စုံ ကောင်းမွန်မှသာ လူ့ဘဝတန်ဖိုး မြင့်မားမည်ဖြစ်သည်။ လူသားတိုင်းကျန်းမာအောင်နေ၊ သန်စွမ်းအောင် လေ့ကျင့် တတ်ရေး လိုအပ်သည်။ ယနေ့သိပ္ပံနှင့် နည်းပညာခေတ်တွင်ရုပ်ဝတ္ထုပစ္စည်းများ တိုးတက်လာသလို တစ်ဖက်တွင်လည်း ကျန်းမာရေးကို ထိခိုက်စေသော အကြောင်းတရားများ ပေါ်ပေါက်လာသည်။ အသိဉာဏ်ဖြင့် ယှဉ်၍ကျန်းမာရေး စောင့်ရှောက်တတ်မှသာ အသက်ရှည်ရာ အနာမဲ့ကြောင်းကို တည်ဆောက်နိုင်မည်ဖြစ်သည်။

အသောက်အစား၊ လောင်းကစား၊ အပျော်အပါးများသည် ဆင်းရဲခြင်းသို့ရောက်တတ်သဖြင့် သတိတရား လက်ကိုင်ထား၍ ထိန်းသိမ်းဆင်ခြင်ကြမှသာ အကျိုးဖြစ်ထွန်းမည်ဖြစ်သည်။

အချိန်ကို   အကျိုးရှိစွာအသုံးချတတ်သူသည်အောင်မြင်ခြင်းလမ်းကြောင်းပေါ်၌ လျှောက်လှမ်းနေသူသာ ဖြစ်သည်။ မည်သည့်အလုပ်ကိုမျှ စွဲစွဲမြဲမြဲမလုပ်ဘဲ တန်ဖိုးရှိသောအချိန်ကို အလဟဿ ဖြုန်းတီးနေ မည်ဆိုလျှင် မည်သည့်အောင်မြင်မှုကိုမျှ ရရှိနိုင်လိမ့်မည်မဟုတ်ပေ။ အလားတူစွာ နေရာဌာနတိုင်းတွင် စည်းကမ်းလိုက်နာ တတ်ရပေမည်။ စည်းကမ်းမဲ့သူသည် မည်သို့မျှ အောင်မြင်နိုင်မည် မဟုတ်သလို သူတစ်ပါးတို့ကိုပင် ထိခိုက်စေသည့်အတွက် စည်းကမ်းနှင့်အညီ   ပြောဆိုကျင့်ကြံဆောင်ရွက်ကြမှသာ ထွန်းကားကြမည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော် ကျွန်ုပ်တို့အားလုံးသည်နှစ်သစ်အတွက် ချမှတ်ထားသော သန္နိဋ္ဌာန်များနှင့် ရည်မှန်းချက်များ အောင်မြင်အောင် အကောင်းဆုံးကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ လောကီလောကုတ္တရာရေး အဘက်ဘက်မှ  တိုးတက် အောင်မြင်ကြရေးအတွက် အစွမ်းကုန်လုံ့လ စိုက်ထုတ်ကြရေးလိုအပ်သည်။ အထူးသဖြင့် နှစ်စမှ စတင်ကာ နေ့စဉ်နေ့တိုင်းကုသိုလ်၊  ဥစ္စာ၊ ပညာ တစ်ခုမဟုတ် တစ်ခုရရှိအောင် စွမ်းဆောင်ရင်း  နှစ်သစ်ကို ကြိုဆိုကြပါစို့ဟု ဆန္ဒပြုရေးသားလိုက်ရပါသည်။    ။

လင်းအရုဏ်ဦး(ပဲခူး)