သရက်မြို့ရေပေးဝေရေး ဂါလန် ၂ ဒသမ ၆ သိန်းဆံ့ ရေစုကန်အမိုးတည်ဆောက်ခြင်း လုပ်ငန်း ပြီးစီးမှုအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် သွားရောက်ကြည့်ရှုစစ်ဆေး

သရက်မြို့ရေပေးဝေရေး ဂါလန် ၂ ဒသမ ၆ သိန်းဆံ့ ရေစုကန်အမိုးတည်ဆောက်ခြင်း လုပ်ငန်း ပြီးစီးမှုအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် သွားရောက်ကြည့်ရှုစစ်ဆေး

သရက်  ဧပြီ  ၁၉

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများသည် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ခဲ့သည့်မြို့ရေပေးဝေရေး ဂါလန် ၂ ဒသမ ၆ သိန်းဆံ့ ရေစုကန် အမိုးတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ယနေ့နံနက် ၁၁ နာရီတွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

အဆိုပါမြို့ရေပေးဝေရေးဂါလန် ၂ ဒသမ ၆ သိန်းဆံ့ ရေစုကန်အမိုးတည်ဆောက်ခြင်း၊ (၁၀၀ ပေ x ၁၀၀ ပေ x ၁၁ ပေ)ကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၁၇၆ ဒသမ ၅၈ သန်းဖြင့် ၂၀၂၃ ခုနှစ် သြဂုတ်လမှ စတင်ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလ ၂၈ ရက် တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးကာ မြို့နေလူဦးရေ ၂၀၄၈၂ ဦးအတွက် ရေပေးဝေနိုင်ခဲ့သဖြင့် မြို့နေပြည်သူ များ စိတ်ချမ်းမြေ့လျက်ရှိကြောင်း သိရသည်။ ယခင်က မြို့ရေပေးရေးအတွက် ရတနာမာန်အောင် ပွန်တွန်းရေတင်စက်နှင့် ဘောဂလလမ်းပွန်တွန်းရေတင်စက် နှစ်ခုဖြင့် မြို့ပေါ်ရှစ်ရပ်ကွက်သို့ ရေဖြန့်ဝေ ပေးခဲ့ရာ အလှည့်ကျစနစ်ဖြင့် ဆောင်ရွက်ခဲ့ပြီး ရေတိုင်ပေါင်း ၁၁၄၈ တိုင်အား နှစ်ရက်၊ သုံးရက်ခြားသာ ဖြန့်ဝေပေးနိုင်ခဲ့သည်။ ရေပေးဝေရေး ပိုမိုကောင်းမွန်စေရေးအတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းညွှန်မှုဖြင့် သရက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ရေကန်သန့်ရှင်းပြီး မြို့နေပြည်သူများအား ကောင်းမွန်သည့် ရေပေးဝေနိုင်ခဲ့ကြောင်း သိရသည်။

ယင်းနောက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေစုကန်အားလှည့်လည်ကြည့်ရှု၍   လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)