ပူတာအို-ခေါင်လန်ဖူး လမ်းပန်းဆက်သွယ်ရေးဖော်ဆောင်ပေးနိုင်ခဲ့ပြီ ပြည်တွင်း/ပြည်ပ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးလာပါက ဒေသခံတို့၏ လူမှုစီးပွားဘဝများ တိုးတက်လာမည်

ပူတာအို-ခေါင်လန်ဖူး လမ်းပန်းဆက်သွယ်ရေးဖော်ဆောင်ပေးနိုင်ခဲ့ပြီ ပြည်တွင်း/ပြည်ပ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးလာပါက ဒေသခံတို့၏ လူမှုစီးပွားဘဝများ တိုးတက်လာမည်

ရန်ကုန်  ဧပြီ ၁၉

မြန်မာပြည်မြောက်ဖျား   ရေခဲဖုံးလွှမ်းသည့်ပူတာအိုမြိုနှင့်   အရှေ့မြောက်တွင်တည်ရှိသည့် ခေါင်လန်ဖူး မြို့အား နိုင်ငံတော်မှ ၂၀၂၀ ပြည့်နှစ်တွင် ဒေသခံတိုင်းရင်းသားတို့၏ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးကဏ္ဍများ အဆင်ပြေချောမွေ့စေရန် ၅၆ မိုင်ခရီးကိုဖောက်လုပ်ခဲ့ရာ တစ်ချိန်က ခက်ခဲကြမ်း တမ်းသောလမ်းခရီးတွင်  ယခုအခါ မိုးရာသီမှလွဲ၍ သွားလာရေးအဆင်ပြေလျက်ရှိပြီး ရာသီမပြတ် နှင်းမှုန်ဖွေးဖွေး အစဉ်ရစ်သိုင်းနေသည့် တောင်ပေါ်ဒေသသို့ ပြည်တွင်း/ပြည်ပ ခရီးသွားလာရောက် လည်ပတ်နိုင်ခြင်းဖြင့် ခရီးသွားကဏ္ဍဖွံ့ဖြိုးလာမှုမှ ဒေသခံတို့၏ လူမှုစီးပွားဘဝများ ပြောင်းလဲ တိုးတက်လာ မည်ဖြစ်ကြောင်း သိရသည်။

အာဆီယံနိုင်ငံများကြားတွင်   ရေခဲဖုံးလွှမ်းသောဒေသကို ပိုင်ဆိုင်သည့် မြန်မာနိုင်ငံမြောက်ဖျား ပူတာအို ဒေသရှိ ဖုန်ကန်ရာဇီနှင့် ခါကာဘိုရာဇီရေခဲတောင်သို့ နှစ်စဉ် တောင်တက်ခရီးသွားများ ဝင်ရောက် လျက်ရှိရာ ပူတာအိုမှ ခေါင်လန်ဖူးမြို့သို့ ၁၃၂ မိုင်ဝေးကွာပြီး ၇၆ မိုင်ခရီးအကွာအဝေးရှိသော ဆန်းလွှတ် ချက်တောင်သို့ ကားလမ်းဖောက်လုပ်ထားကာ ကျန်ရှိသော ၅၆ မိုင်လမ်းပိုင်းအား  နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မှုဖြင့် ယခုအခါ ၁၃၂ မိုင်လမ်းပိုင်းတွင် တံတားများ လည်းတည်ဆောက်ပြီးစီးခဲ့၍ ဒေသခံတိုင်းရင်းသားများ နေ့/ည ချိန်ခါမရွေး သွားလာနိုင်လျက်ရှိသည်။

“တစ်ချိန်က   ခေါင်လန်ဖူး၊ နောင်မွန်ကနေ အခက်အခဲမျိုးစုံနဲ့ ပူတာအိုမြို့ကို သွားလာခဲ့ရတဲ့ တောင်ပေါ် လမ်းဟာ ဖောက်လုပ်ပြီးစီးလို့ သွားလာနေကြပါပြီ။ မြစ်ကူး/ ချောင်းကူး တံတားတွေလည်း ပြီးစီးသွား ပါပြီ။ မိုးတွင်းနဲ့ရာသီဥတု ဆိုးရွားချိန်ဆိုရင် တောင်ပြိုတာတွေတော့ ရှိတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက တောင်ပြိုလို့ လမ်းပိတ်နေတာ ပြုပြင်ပြီးတဲ့အတွက်  ဧပြီလ ၁၇ ရက်က ပူတာအိုမြို့ကို  ကုန်စည် စီးဆင်းနေပါပြီ။ နယ်စပ်ဂိတ်မရှိတဲ့အတွက် ပူတာအိုမြို့ကိုပဲ စားသောက်ကုန်နဲ့ ကုန်စည်စီးဆင်းဖို့ အဓိက အမှီပြုရပါတယ်။ ခေါင်လန်ဖူးက နာမည်ကြီးရှားကောလို့ခေါ်တဲ့ ဓနိဖူးလိုအသီးကို ဟင်းခတ် အမွှေးအကြိုင်အဖြစ် ပူတာအိုမှာ ရောင်းတာများတယ်။ ပူတာအိုကနေ စားသောက်ကုန်ပစ္စည်းတွေ ပြန်သယ်ကြတယ်။ မြေပြန့်မရှိတဲ့အတွက်   အခြားစိုက်ပျိုးရေးလုပ်ငန်း  လုပ်ဖို့မလွယ်ဘူး။ တောင်ကုန်း တောင်တန်းတွေမှာ ဟင်းခတ်အမွှေးအကြိုင်စိုက်ပြီး ဘဝရပ်တည်ကြတာများတယ်။ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမယ်ဆိုရင် ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ပွင့်လန်းလာစေမှာပါ။ သဘာဝ အလှပြည့်စုံတဲ့ ခေါင်လန်ဖူးဒေသမှာ ခရီးသွားကဏ္ဍလမ်းပွင့်လာရင် မြန်မာ့ခရီးသွားကဏ္ဍကို ကမ္ဘာကပိုပြီးသတိပြုမိစေမှာပါ” ဟု ပူတာအိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွန်းက ပြောသည်။

ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၆၈၀ တွင်ရှိသော ခေါင်လန်ဖူးမြို့လေးသည် တောင်ပေါ် မြို့လေးဖြစ်ပြီး   ဒေသစားသုံးရန်   လှေခါးထစ်တောင်ယာစပါး၊ ပြောင်းဖူးနှင့် တောင်ပေါ်မြေတွင် ဖြစ်ထွန်း သည့် ချင်းပင်ကဲ့သို့အပင်ရင်းတွင် ဆပ်သွားဖူး၊ ဓနိဖူးကဲ့သို့ အသီးလေးများပါဝင်သည့် ဟင်ခတ် အမွှေးအကြိုင်ကို ပူတာအိုမြို့လက်ရင်းဒိုင်တွင် ရောင်းချလေ့ရှိကာ ထိုဒိုင်များက တရုတ်နိုင်ငံသို့ တစ်ဆင့် ပြန်လည် ရောင်းချလျက်ရှိသည်။ ပူတာအိုဒေသတွင် ဂရိတ်ဖရုအသီး အဓိကထွက်ရှိပြီး ဆေးမြစ်၊ ဆေးဥများ၊   ရေခဲငါးများနှင့် ဟင်းသီးဟင်းရွက်များ ထွက်ရှိသည်။ ပူတာအိုဒေသအား ကမ္ဘာက ရေခဲတောင်ခရီးစဉ် ဒေသတစ်ခုအဖြစ် သိရှိကြပြီး ပူတာအိုမှအရှေ့မြောက်တွင်ရှိသည့် တောင်ပေါ် သဘာဝ အလှတို့ကြွယ်ဝရာ ခေါင်လန်ဖူးဒေသတွင် ခရီးသွားဒေသအဖြစ်  ပွင့်လန်းလာပါက   ပြည်တွင်း/ ပြည်ပခရီးသွားတို့ နှစ်ခြိုက်စေမည့် ခရီးစဉ်ဒေသတစ်ခုအဖြစ် မြန်မာ့ခရီးသွားကဏ္ဍတွင် ပိုမိုထင်ရှား လာစေမည်ဖြစ်သည်။

ခေါင်လန်ဖူးမြို့သည် အေးမြသောရာသီဥတုနှင့်အတူ နှင်းမှုန်တို့ရစ်သိုင်းလျက်ရှိပြီး ခေါင်လန်ဖူးမြို့ တောင်ခြေ၌ မေခမြစ်နှင့်အာချန်ခမြစ်တို့ ပေါင်းစုံသောနေရာအား ဒေသခံများက မြစ်ဆုံဟုခေါ် ဆိုကြသည်။

နှစ်စဉ် နိုဝင်ဘာလမှ မတ်လအထိ ရေခဲလေ့ရှိ၍ ကျန်သောလများတွင် မြူနှင်းများအုံ့ဆိုင်းလျက်ရှိကာ ပေ ၉၀၀၀ ကျော်နှင့် ပေ ၁၀၀၀၀ ကျော်မြင့်သည့် ရှိန်းခေါင်တောင်၊ ဇီးထန်တောင်၊ ဂီထော့တောင်နှင့် အူရိန်တောင်တို့သည် ရေခဲလေ့ရှိသည်။ အရှေ့ဘက်နှင့်မြောက်ဘက်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အနောက်ဘက်တွင် နောင်မွန်နှင့်မချမ်းဘော့၊ တောင်ဘက်တွင် ဆွမ်ပရာဘွမ်နှင့်ဆော့လော်မြို့တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး   ကိုလိုနီခေတ်မှစ၍ မြို့တည်ခဲ့သောမြို့လေးဖြစ်ရာ  သမိုင်းနောက်ခံ နှင့် သဘာဝရေမြေတောတောင်အလှတို့ကြွယ်ဝလျက်ရှိသည်။

နိုင်ငံနယ်နိမိတ်လုံခြုံရေးတွင်လည်းအရေးပါပြီးသဘာဝကိုအခြေခံသည့် ခရီးသွားလုပ်ငန်းတို့ပွင့်လန်းရာ     တိမ်ဆိုင်၊ တိမ်လိပ်နှင့်မြူနှင်းငွေ့များ အစဉ်ရစ်သိုင်းလျက်ရှိသည့် ခေါင်လန်ဖူးဒေသတွင် ပြည်တွင်း/ ပြည်ပခရီးသွားလုပ်ငန်းများ ပွင့်လန်းလာပါက ဒေသခံတို့အလုပ်အကိုင်အခွင့်အလမ်းများ ပွင့်လန်းစေ မည့်အပြင် ဝန်ဆောင်မှုလုပ်ငန်းများနှင့်  ခရီးသွား  ကဏ္ဍမှ နိုင်ငံခြားဝင်ငွေရရှိစေမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - KML

ညိမ်းသူ(သတင်းစဉ်)