ယူကရိန်းနှင့် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်မည်မဟုတ်ဟု ရုရှားပြော

ယူကရိန်းနှင့် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်မည်မဟုတ်ဟု ရုရှားပြော

မော်စကို၊ ငြိမ်းချမ်းရေး

ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းနှင့် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်မည်မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလက်ရော့ဗ်က ဧပြီလ ၁၉ ရက်တွင် ပြောသည်။

ယူကရိန်းအစိုးရသည် ၎င်းတို့၏ ကတိကဝတ်ကို လိုက်နာမည်ဟု ရုရှားက မယုံကြည်ကြောင်း၊ အကယ်၍ ရုရှားနှင့် ယူကရိန်းတို့ကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ ကျင်းပနေလျှင်ပင် ရုရှားက အပစ်အခတ်ရပ်စဲမည်မဟုတ်ကြောင်း လက်ရော့ဗ်က ရုရှားမီဒီယာတစ်ခုနှင့် လုပ်ဆောင်သည့် တွေ့ဆုံ မေးမြန်းခန်း၌ ပြောခြင်းဖြစ်သည်။

ထို့ပြင် ရုရှားအစိုးရသည် အပစ်အခတ်ရပ်စဲရေးဆွေးနွေးရန် အသင့်အနေအထား ရှိခဲ့ပြီးဖြစ်သော်လည်း   ယူကရိန်းအစိုးရသည် ယုံကြည်ရသည့် အဖွဲ့အစည်းတစ်ခု မဟုတ်ကြောင်းကို သက်သေပြခဲ့ပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း   ၎င်းက ဆက်လက် ပြောကြားသည်။

ရုရှားနှင့်ယူကရိန်းနိုင်ငံတို့သည် ၂၀၂၂ခုနှစ် မတ်လနှောင်းပိုင်းတွင် တူကီယဲနိုင်ငံအစ္စတန်ဘူလ်မြို့၌ ဆွေးနွေးပွဲများ ကျင်းပခဲ့ပြီးနောက်ပိုင်းမှစ၍ နှစ်နိုင်ငံကြား တိုက်ရိုက်ဆွေးနွေးမှုများ ပြန်လည် ကျင်းပနိုင်ခြင်းမရှိသေးကြောင်း သိရသည်။ အစ္စတန်ဘူလ်ဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် ရလဒ်ကို ကြိုဆိုသည့်အနေဖြင့် ရုရှားအစိုးရက ၎င်းတို့၏တပ်များကို ကိယက်ဗ်မြို့ ဆင်ခြေဖုံးအရပ်မှ ပြန်လည် ရုပ်သိမ်းပေးရန် ကနဦးပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် ယူကရိန်းအစိုးရသည် တူကီယဲနိုင်ငံတွင် ကျင်းပခဲ့သည့် ဆွေးနွေးပွဲမှရလဒ်များကို ချိုးဖောက်ခဲ့သည်ဟု စွပ်စွဲပြောကြားခဲ့ကြောင်း သိရသည်။

Ref: RT