အောင် ရဲ့ အောင်

 

အောင် ရဲ့ အောင်

 

ယမန်နေ့မှအဆက်

“တစ်ခါတလေ စိတ်ညစ်ရင် စာဖတ်လို့မရဘူး ကိုအောင်ရ၊ ကျွန်တော် လျှောက် သွားချင်နေတယ်”

“ကဲ...လာ၊    ဒီလောက်တောင် လျှောက်သွားချင်ရင် နင့်ကို ငါခေါ်သွား မယ်”

“ဘယ်ခေါ်သွားမှာလဲ”

“ဘယ်ဖြစ်ဖြစ်ပေါ့၊ လိုက်သာလိုက်ခဲ့၊ ငါသွားတဲ့နေရာတိုင်း နင်လိုက်ရမယ်၊ ငါ ခေါ်မယ်၊ နင်စားချင်တာကျွေးမယ်၊ ကိုလတ်အကြောင်းကို နင်ပြောရင် ထိုင်ပြောစမ်း၊ နင်ပြောချင်သလောက်ပြော၊ လူသူလေးပါးမရှိရင် ငိုချင်သလောက်ငို၊ နင်ငို လို့ဝတော့မှ  ငါနင့်ကို  ပြန်ခေါ်လာမယ်၊ နင်သွားချင်တဲ့ နေရာလည်းသွား၊ ငါ လိုက် ခဲ့မယ်၊ ဒီနေ့ကစပြီး နင်တစ်ယောက်တည်း ဘယ်မှမသွားရဘူး”

“ကျွန်တော့်ကို ကိုအောင်က ချုပ်ချယ်တာပေါ့၊ ကျွန်တော်သွားချင်တဲ့နေရာတွေ လျှောက်သွားတော့ ကိုအောင်လိုက်နိုင်မှာ မို့လား”

“လိုက်မယ်၊ နင် အဝတ်အစားသာသွား လဲ၊ ရေချိုးချင်လည်းချိုးဦး၊ ငါ စောင့်နေ မယ်၊ ငါသွားစရာရှိတဲ့ တစ်နေရာ၊ နှစ်နေရာတော့ နင်လိုက်ခဲ့ရမယ်၊ ပြီးတော့ နင်သွား ချင်တဲ့နေရာသွား”

“တကယ်လား”

“သြော်...ခက်လိုက်တာအောင်ရာ၊ ကဲ...သွား...သွား”

“သွားမယ်လေ၊ ကျွန်တော်က အဝတ်အစားလဲပြီးသား၊ ရေလည်း မနက်အစော ကြီးကတည်းက ချိုးပြီးသား”

ကိုအောင်သည် အောင့်မျက်နှာကိုကြည့်ကာ ရယ်လိုက်သည်။

အောင်က ခဏနေဦးဆိုကာ မမစံ၏ အခန်းသို့ပြေးပြီး သော့အပ်ခဲ့လေသည်။

“မိချောစုကြီး ပြန်လာရင် သော့မရှိလို့ ဆဲနေဦးမယ်}} ပြောလိုက်သည်။

ထွက်လာလာချင်း   သုံးဘီးကားကို ကိုအောင်က တားလိုက်သည်။

နှစ်ယောက်သား သုံးဘီးပေါ်သို့ ရောက် ကြသောအခါ အောင်က...

“ကျွန်တော် ဘိုင်ကျနေလို့ သုံးဘီးမစီး တာ တော်တော်တောင်ကြာနေပြီ၊ ဘတ်စ ကားတစ်လှည့်၊ ခြေကျင်တစ်လှည့်ပဲ၊ တစ် နေ့တစ်နေ့ ကျွန်တော်လမ်းလျှောက်တဲ့မိုင် တွေ တွက်ရင်မနည်းဘူး”

“နင်လမ်းလျှောက်တဲ့     မိုင်တွေဟာ အလေ့အကျင့်ရအောင်၊   အကြမ်းခံနိုင် အောင် လျှောက်တာဆိုမမှားပါဘူး၊ အလဟဿ အချိန်တွေဖြုန်းပစ်တာမျိုးဆိုရင် တော့ နှမြောစရာကြီးပဲ အောင်၊ နင်က စိတ်ဓာတ်ခိုင်မာမလိုလိုနဲ့ နင့်စိတ်တွေက နုလွန်းတယ်၊ စိတ်ပျော့လွန်းတယ်၊ နင့်စိတ် ကို  နင်ပြင်မှဖြစ်မယ်၊  ငါပြောတာ  နားထောင်ပါ”

“ကျွန်တော်   မငြင်းပါဘူး၊   ကိုလတ်လည်း တစ်ခါကပြောဖူးတယ်၊ ကျွန်တော့် ကိုယ်ကျွန်တော်သိပါတယ် ကိုအောင်ရယ်၊ ကျွန်တော့်ကို ခွင့်လွှတ်ပါ”

အောင့်ခေါင်းက  အောက်ကို  ငုံ့သွားသည်။ မျက်ရည်ဝေနေသော မျက်လုံးတွေကို  ဖုံးကွယ်ရန်  မျက်လွှာချလိုက်သော်လည်း မျက်ရည်နှစ်စက်က အောင့်ပေါင်ပေါ်သို့ ခုန်ဆင်းလာလေသည်။

သည်တော့ ကိုအောင်က ကိုလတ်လို ဖွယ်ဖွယ်ရာရာတွေ   မပြောတတ်သဖြင့် စကားတွေ  ရောက်တတ်ရာရာ  ပြောဆို လာလေသည်။

သို့သော် သူစိတ်ဝင်စားသောအကြောင်း အရာကိုတော့ စီကာပတ်ကုံးပြောတတ် လေသည်။

ကိုလတ်နှင့်ကိုအောင်မှာ စကားပြောပုံ မတူ။ ကိုလတ်က ခပ်အေးအေးနှင့် နှေး နှေးမှန်မှန်ပြောတတ်သည်။

ကိုအောင်က နောက်က လူလိုက်သလို စကားကိုခပ်မြန်မြန်ပြောပြီး တစ်ခါတစ်ခါ ထစ်နေတတ်သည်။

သူ စကားထစ်တာကို အောင်က လိုက် ပြောင်လျှင် စိတ်ဆိုးတတ်သည်။

လေးလေးနက်နက်  အကြောင်းအရာ ပြောသည့်အခါကျတော့   ကိုအောင်၏လေသံသည်  ခါတိုင်းထက်ပျော့ပျောင်းလာ၍ စကားထွက်သောနှုန်းထားသည် နှေးကွေးသွားလေသည်။ အံ့သြဖွယ်ရာပင်။  လူကိုသာမကြည့်နှင့်၊  ကိုလတ်နှင့် ကိုအောင်တို့ စကားပြောတာ တဖြည်းဖြည်းတူလာသည်ဟု ထင်မိသည်။

မှတ်မှတ်ရရ ထိုနေ့နံနက်က သုံးဘီး ကားပေါ်တွင်   ကိုအောင်ပြောလာသော စကားတွေမှာ ပြည်ပနိုင်ငံရေးတွေဖြစ်သည်။

(Le Point) ဆိုသော ပြင်သစ်မဂ္ဂဇင်း တစ်စောင်မှ သတင်းထောက် မီယာဒေဂရို နှင့် တရုတ်အမျိုးသမီးစာရေးဆရာ Han- suyin အမေးအဖြေ၊ အီတလီအမျိုးသမီး သတင်းစာဆရာမ ဟိုဖယ်လက်ဝီနှင့် မင်းသားကြီးသီဟာနုတို့၏ အမေးအဖြေတွေကို  မမေ့မလျော့  ဒိုးဒိုးဒေါက်ဒေါက်နှင့် ပြောလာလေသည်။

အခန်း(၃၀)

နောက်ဆုံးတော့ သုံးဘီးကားလေးသည် အောင်ဆန်းကွင်းဘေးလမ်းကို ပတ်လျက် မောင်းလာသည်။

ကားသည် ကန်တော်လေးဘက်သို့ဦး တည်၍ မောင်းနှင်လာသည်။

“ငါ  အိမ်ကို  ခဏဝင်ဦးမယ်အောင်၊ ပိုက်ဆံရော ဘောက်ချာတွေရော ယူစရာရှိတယ်၊  နင်လည်း  ခဏတက်ခဲ့ဦးပေါ့၊ နောက်မှ တက္ကစီထပ်ငှားမယ်”

“သိပ်မကြာစေနဲ့နော်”

“အေးပါ”

မတ်စောက်နေသောလှေကားကို ခပ်သုတ်သုတ်တက်လာကြတော့ ကိုလတ်၏ ပြုံးနေသော မျက်နှာတွေသည် လှေကား နံရံများတွင် ထင်နေသည်။

ဘယ်နေရာကြည့်ကြည့်    ကိုလတ်၏မျက်နှာ။

သွားတက်  သွားစွယ်များပေါ်အောင် ပြုံးလိုက်သော ခွန်အားရှိသောအပြုံး...။

“လှေကားက မတ်တော့မတ်တယ်၊ ပြီး တော့   မှောင်လိုက်တာဟာ၊  သတိထား တက်”

ကိုအောင်က  ရှေ့မှ  လှမ်းသတိပေး တော့...

“ဟုတ်ကဲ့”

စကားတိုးတိုးလေးပြောလိုက်သော အသံတွင်ပင် ရှိုက်သံပါသွားသည်။

 

ဆက်လက်ဖော်ပြပါမည်။