စစ်တွေမြို့ လောကာနန္ဒာ စေတီတော်မြတ်ကြီးအတွင်း သန့်ရှင်းသာယာ လှပရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

 

စစ်တွေမြို့ လောကာနန္ဒာ စေတီတော်မြတ်ကြီးအတွင်း သန့်ရှင်းသာယာ လှပရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

 

စစ်တွေ  ဧပြီ  ၂၀

    ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင်   စစ်တွေမြို့  လောကာနန္ဒာ စေတီတော်မြတ်ကြီးအတွင်း သန့်ရှင်း သာယာလှပရေး ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု အားပေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လောကာနန္ဒာ စေတီတော်မြတ်ကြီးအတွင်း ဗုဒ္ဓရုပ်ပွားတော်မြတ်နှင့် ရှေးဟောင်းသမိုင်းဝင် စင်္ကြာမုနိဗုဒ္ဓ ရုပ်ပွားတော်မြတ်များအား သွားရောက်ဖူးမြော်ကြည်ညိုကာ   ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြသည်။

ထို့နောက် လောကာနန္ဒာစေတီတော်မြတ်ကြီး ရင်ပြင်တော်နှင့်  စေတီတော်ပရိဝုဏ် အတွင်း၌ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်  ဌာနဆိုင်ရာများ သန့်ရှင်းရေး ဆောင်ရွက်နေမှုအား  လှည့်လည်ကြည့်ရှုအားပေးပြီး  လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။

လောကာနန္ဒာစေတီတော်မြတ်ကြီး အတွင်း ဘုရားဖူးလာပြည်သူများနှင့် တရားဘာဝနာ ပွားများသူများ စိတ်အေးချမ်းသာစွာ တရားအားထုတ်နိုင်ရန် စေတီတော်မြတ်ကြီး ရင်ပြင်တော်နှင့် စေတီတော်ပရိဝုဏ်အတွင်း ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများက စွန့်ပစ်အမှိုက်များ ကောက်ယူသိမ်းဆည်းခြင်း၊ မြက်ပင်များ၊  ပေါင်းပင်များ၊ ချုံနွယ်များအား ခုတ်ထွင် ရှင်းလင်းခြင်းများကို ဆောင်ရွက်ကြသည်။

ထို့ပြင် ရေမြောင်းများအတွင်းရှိ အမှိုက်သရိုက်များကို ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်ခြင်းနှင့် စေတီတော်မြတ်ကြီး ရင်ပြင်သန့်ရှင်း သာယာလှပရေး အတွက် ဆောင်ရွက်ကြကြောင်း သိရသည်။