နာမည်ကျော်ကို ယ်ပျောက်တိုက်လေယာဉ်များကိုပါ ရှာဖွေထောက်လှမ်းနိုင်မယ့် ရေဒါအသစ်

 

နာမည်ကျော်ကို ယ်ပျောက်တိုက်လေယာဉ်များကိုပါ ရှာဖွေထောက်လှမ်းနိုင်မယ့် ရေဒါအသစ်

 

ကိုယ်ပျောက်တိုက်လေယာဉ်တွေဆိုတာ တကယ့်ကို   စွမ်းဆောင်ရည်မြင့်မားတဲ့ တိုက်ခိုက်ရေး လက်နက်တွေပါ။ သူတို့ဟာ တစ်ဖက်ရန်သူရဲ့ ရေဒါထောက်လှမ်းမှုကနေ ရှောင်ကွင်းနိုင်တယ်ဆိုတဲ့ အားသာချက်ကြောင့် သူတို့ကို ကိုယ်ပျောက်တိုက်လေယာဉ်လို့ တင်စားကြတာပါ။

တကယ့်လက်တွေ့မှာလည်း စမ်းသပ်မှုတွေအရ လက်ရှိအသုံးပြုနေတဲ့ ရေဒါများရဲ့ ထောက်လှမ်းမှုကနေ   ရှောင်ကွင်း နိုင်တာကို တွေ့ရပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ စွမ်းဆောင်ရည်ဟာ အခုတော့ အရာမထင်ဖြစ်လာပါတော့မယ်။

တရုတ်လေတပ်နဲ့ပူးပေါင်း ဆောင်ရွက်လျက်ရှိတဲ့ တရုတ်သုတေသန ပညာရှင်များက မကြာသေးခင်ကပဲ ရေဒါနည်းပညာ အသစ်တစ်မျိုးကို  ထုတ်ဖော်ပြသလိုက်ပါတယ်။

အဲဒီရေဒါနည်းပညာက အမေရိကန်တို့ရဲ့ နာမည်ကျော်ကိုယ်ပျောက် တိုက်လေယာဉ်ဖြစ်တဲ့  F-22 ကိုတောင်မှ ထောက်လှမ်းနိုင်စွမ်း ရှိတယ်လို့လည်း ဆိုထားပါတယ်။

ဒါကြောင့် ကိုယ်ပျောက်တိုက်လေယာဉ်တွေရဲ့ အခန်းကဏ္ဍက မှေးမှိန်သွားတော့မှာလားလို့ မေးခွန်းထုတ်စရာ ရှိလာတာပါ။ ဒီနေရာမှာ F-22 အကြောင်း အနည်းငယ် ပြောပြချင်ပါတယ်။

F-22 ဆိုတာက သူ့ရဲ့ကိုယ်ပျောက်နိုင်တဲ့ စွမ်းဆောင်ရည်များကြောင့် ကမ္ဘာကျော်လာ တာပါ။ အမေရိကန်က ထုတ်လုပ်ထားတာကြောင့်လည်း ပါတာပေါ့လေ။

အမေရိကန်စစ်ဘက်ရဲ့အဆိုအရ ပြောရမယ်ဆိုတာ F-22 ဆိုတာက သူ့ရဲ့သူမတူတဲ့ ဒီဇိုင်းပိုင်းကြောင့် ကမ္ဘာပေါ်မှာ အဆင့်မြင့်ဆုံး တိုက်လေယာဉ်ဖြစ်တယ်လို့ဆိုရမှာပါ။

F-22 ကို ရေဒါကနေမြင်နိုင်စွမ်းရှိတဲ့ ပမာဏက အလွန်ကိုသေးငယ်တယ်လို့ ဆို ရပါလိမ့်မယ်။ သုည ဒသမ ၁၆ လက်မ ပတ်လည်သာရှိလို့ပါ။

ဒါကြောင့်လည်း သမားရိုးကျရေဒါတွေက F-22 ကိုထောက်လှမ်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီအတွက်ကြောင့်ပဲ F-22 ဟာ ကိုယ်ပျောက်တိုက်လေယာဉ်ဆိုပြီး နာမည်ကြီးလာနေရတာပါ။

ဒါပေမဲ့ ရှန်းရှီးပြည်နယ် ရှီအန်းမြို့မှာရှိတဲ့ လေတပ်အင်ဂျင်နီယာ တက္ကသိုလ်မှ ရှီကျန်းဝေ ဦးဆောင်တဲ့    သုတေသန ပညာရှင်အဖွဲ့ တစ်ဖွဲ့က ပေကျင်းလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် ဂျာနယ်မှာ သူတို့ရဲ့တွေ့ရှိချက်ကို  ဖော်ပြလိုက်ချိန်ကစပြီး F-22  သည်လည်း သာမန်လေယာဉ် တစ်စင်းကဲ့သို့ဖြစ်သွားရတာ ဖြစ်ပါတယ်။

သူတို့ရဲ့တွေ့ရှိချက်အရ အသစ်ဖန်တီးလိုက်တဲ့ ရေဒါနည်းပညာဟာ ကိုယ်ပျောက် တိုက်လေယာဉ်တစ်စင်းရဲ့  ရေဒါလက်ခံ တုံ့ပြန်နိုင်မှု ပမာဏကို တိုးမြင့်စေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် F-22 လိုမျိုး စွမ်းဆောင်ရည်ရှိတဲ့ တိုက်လေယာဉ်တွေဟာ  ဒီရေဒါအသစ်နဲ့ တွေ့တဲ့အခါ ရေဒါလက်ခံ တုံ့ပြန်မှုပမာဏ ၆ မီတာပတ်လည်ရှိတဲ့ သမားရိုးကျ လေယာဉ်တွေနဲ့မခြား  ဖြစ်သွားစေမယ်လို့ သုတေသန ပညာရှင်များက သတ်မှတ်ထားပါတယ်။

ဒီလိုမျိုးရေဒါအသစ်ရဲ့ စွမ်းဆောင်ရည်ကြောင့် F-22  ရဲ့ရေဒါလက်ခံ တုံ့ပြန်နိုင်မှု ပမာဏဟာ   သာမန်ထက်အဆပေါင်း ၆၀၀၀၀ လောက်အထိ တိုးမြင့်လာတယ်လို့ ဆိုရပါလိမ့်မယ်။  ဒီတစ်ချက်ကလည်း သမားရိုးကျ ရေဒါစနစ်တွေနဲ့ ကြီးစွာသော ကွာဟမှုကိုဖြစ်စေတာဖြစ်ပါတယ်။

ဒါ့အပြင်  F-22  တိုက်လေယာဉ်ကို မိုင်ပေါင်း  ၂၄၃၀၀  ပတ်လည်ရှိတဲ့ တိုက်ပွဲနယ်မြေ အတွင်းမှာ    ရှာဖွေထောက်လှမ်းနိုင်စွမ်း ရှိမယ်လို့လည်း တရုတ် သုတေသီများက ဆိုပါတယ်။

အဲဒီလိုရှာဖွေ ထောက်လှမ်းနိုင်ရုံတင်ပဲလား ဆိုတော့မဟုတ်ပါဘူး။ ရေဒါက F-22 ကိုတွေ့ရှိပြီဆိုတာနဲ့ သူသွားလေရာ နေရာတိုင်းကို အချိန်နဲ့တစ်ပြေးညီ ထက်ကြပ်မကွာလိုက်ပါ ခြေရာခံနိုင်စွမ်းလည်း ရှိပါတယ်။

ဒီလိုထောက်လှမ်းခြေရာခံနေစဉ်မှာလည်း အမှားအယွင်းဖြစ်နိုင်မှု နယ်ပယ်အကုန်က ၆၅ ပေအောက်သာ ရှိတာကို လည်းတွေ့ရပါတယ်။

ဒါပေမဲ့   ဒီလောက်လေးသာရှိတဲ့ ကွာဟချက်က ကြားဖြတ်တိုက်လေယာဉ်များ၊ ကြားဖြတ်ဒုံးကျည်များနဲ့ F-22  ကို ပစ်ချဖို့အတွက် လုံလောက်တဲ့ ပမာဏဖြစ်နေပါတယ်။

တရုတ်နိုင်ငံရဲ့ ကာကွယ်ရေးစနစ်တွေကို ကြည့်မယ်ဆိုရင် မြောက်မြားလှစွာသော စွမ်းဆောင်ရည်မြင့် ရေဒါများကို အသုံးပြုနေနိုင်ပြီ ဆိုတာကိုတွေ့ရမှာပါ။

ဒီအချိန်မှာ  အခုဖန်တီးလိုက်နိုင်တဲ့ ရေဒါနည်းပညာအသစ်ကြောင့် တရုတ်တို့ရဲ့ရေဒါဖြင့် ထောက်လှမ်းမှုစွမ်းရည်ကို ပိုမိုတိုးတက် သွားစေတော့မှာဖြစ်ပါတယ်။

အခုနည်းပညာအသစ်က ထောင့်ပေါင်းစုံကနေပြီး နောက်ထောက်လှမ်းမှုတွေ လုပ်နိုင်ဖို့အတွက် ရေဒါတစ်ခုနဲ့ အထက်ကို အသုံးပြုထားပါတယ်။ စမတ်အရင်းအမြစ် လုပ်ငန်းစဉ်ဆိုတဲ့   စနစ်နဲ့တွဲပြီးတော့ အလုပ်လုပ်တာပါ။

အဲဒီစနစ်က    ကိုယ်ပျောက်တိုက်လေယာဉ်ရဲ့ အမြင်ရနိုင်ဆုံးသော နေရာတွေကို ပြောင်းလဲထောက်လှမ်းမှုတွေ လုပ်ဆောင်ခြင်းဖြစ်တာကြောင့် ရေဒါထောက်လှမ်းမှု အတွက် တိကျမှုကိုပိုမို သေချာစေတာဖြစ်ပါတယ်။

ဒီနည်းပညာကို အသုံးပြုဖို့အတွက်ဆိုရင် မြေပြင်၊ ကျွန်းစု၊ သင်္ဘော ဒါမှမဟုတ် လေယာဉ်တွေပေါ်မှာ   ထားရှိနိုင်တဲ့ ရေဒါသုံးလုံးပဲ လိုတယ်လို့ ပညာရှင်များက ပြောထားပါတယ်။

တကယ်လို့     တရုတ်ပညာရှင် တွေပြောထားသလိုမျိုး သူတို့ရဲ့ရေဒါ နည်းပညာအသစ်က  တကယ်ပဲ အစွမ်းထက်တယ်ဆိုရင် F-22 တိုက်လေယာဉ်ရဲ့ တိုက်ပွဲဝင် စွမ်းဆောင်ရည်အပေါ် များစွာသော ရိုက်ခတ်မှုတွေရှိလာမှာအမှန်ပါပဲ။

ဘာကြောင့်လဲဆိုရင်   F-22   တိုက်လေယာဉ်က   ထိရောက်မှု အကွာအဝေးအနေနဲ့ ၆၂ မိုင်အတွင်းကနေ ရန်သူ့ပစ်မှတ်ကို ထိမှန်အောင် ပစ်ခတ်နိုင်ဖို့ဆိုရင် ရန်သူရဲ့လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ဦးစွာထိုးဖောက် ဝင်ရောက်ရပါမယ်။ ဒီလိုထိုးဖောက် ဝင်ရောက်နိုင်ဖို့အတွက် သူ့ရဲ့ကိုယ်ပျောက်နည်းပညာအပေါ် များစွာ အားကိုးအားထားပြုနေရတာပါ။

တကယ်လို့များ   တိုက်လေယာဉ်က မြေပြင်ပေါ်မှာရှိတဲ့ ပစ်မှတ်ကို တိကျပဲ့ထိန်းဗုံးတွေနဲ့ တိုက်ခိုက်မယ်ဆိုရင်တော့ ပစ်မှတ်ကနေ အကွာအဝေး ၁၂ မိုင်အတွင်းကို မဖြစ်မနေ ဝင်ရောက်ရမှာဖြစ်ပါတယ်။

အခုတရုတ်ရဲ့ရေဒါနည်းပညာ  အသစ်က F-22 ရဲ့ဒီလိုအားသာချက်ကို အချည်းနှီး ဖြစ်သွားစေဖို့အတွက်  ရည်ရွယ်ဖန်တီး ထားတာပါ။

ဒီအတွက်  F-22 ရဲ့ တည်နေရာနဲ့ အမြန်နှုန်းကို သုည ဒသမ ၀၀၈ စက္ကန့် အတွင်းမှာ      တွက်ချက်နိုင်စေဖို့နဲ့ ထိုးဖောက်ဝင်ရောက်လာတဲ့  F-22 ရဲ့ပုံစံကို သုည ဒသမ  ၀၂  စက္ကန့်အတွင်းမှာ ခြေရာခံလိုက်နိုင်စွမ်း ရှိအောင် စနစ်ကိုဖန်တီးထားတာဖြစ်ပါတယ်။

အခုဆိုရင် အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကြားက ခေတ်မီလေကြောင်း စစ်ပွဲနည်းပညာ အားပြိုင်မှုက ပိုမိုပြင်းထန်လို့ လာနေပါပြီ။   နှစ်ဖက်စလုံးကလည်း တိုက်ခိုက်ရေးနဲ့    ကာကွယ်ရေးစနစ်တွေကို   ပိုပြီးအဆင့်မြှင့်တင် လာကြပါတယ်။  အထူးသဖြင့်  အမေရိကန်ဘက်က  တိုက်ခိုက်ရေးစွမ်းရည်ကို တိုးမြှင့်လာချိန်မှာ  တရုတ်နိုင်ငံဘက်က    ကာကွယ်ရေးစွမ်းရည်ကို အဆင့်မြှင့်တင်လာတာပါ။

ဒါကလည်း  အမေရိကန်တို့အနေနဲ့ လက်ဦးမှုယူ တိုက်ခိုက်မှုတွေကို လုပ်လေ့လုပ်ထရှိတဲ့ အတွက်ကြောင့် ရန်လိုတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ တည်ရှိနေချိန်မှာ တရုတ်နိုင်ငံကတော့  ဖြစ်လာနိုင်တဲ့ တိုက်ခိုက်မှုတွေကို  အကောင်းဆုံး ကာကွယ်နိုင်ဖို့အတွက် လုပ်ဆောင်နေတယ်ဆိုတဲ့ ကမ္ဘာ့စင်မြင့်ထက် ရပ်တည်မှုနဲ့အမြင်ကိုပါ ပြောင်းလဲသွားစေမှာ ဖြစ်ပါတယ်ခင်ဗျာ။   ။

ထက်မြတ်