သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ စုပေါင်းဒုလ္လာဘ ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ်အလှူတော် မင်္ဂလာအခမ်းအနား ကျင်းပ

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ စုပေါင်းဒုလ္လာဘ ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ်အလှူတော် မင်္ဂလာအခမ်းအနား ကျင်းပ

 

နေပြည်တော် ဧပြီ ၂၁

    သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ စုပေါင်းဒုလ္လာဘရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော် မင်္ဂလာရှင်လောင်း လှည့်လည်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပသည်။

ဦးစွာ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ ရောက်ရှိကြပြီး စေတီတော်ကို လက်ယာရစ် လှည့်လည်ပူဇော်၍ စေတီတော်မြတ်ကြီး၏ လိုဏ်ဂူတော်အတွင်းရှိ ဂေါတမမြတ်စွာဘုရားရှင် ဗုဒ္ဓရုပ်ပွားတော်မြတ်အား ရှိခိုးကန်တော့ကြကာ ရင်ပြင်တော်ရှိ အောင်မြေဌာန၌ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်းများ ဆက်ကပ်လှူဒါန်း ပူဇော်ကြပြီး မေတ္တာပို့အမျှဝေကြသည်။

ထို့နောက် ဒုလ္လာဘရဟန်းလောင်းများ၊ ရှင်သာမဏေလောင်းများ၊ သီလရှင်လောင်းများနှင့် ဧည့်ပရိသတ်တို့သည် မဟာဝိဇိတာရုံ သာသနာ့ဝန်ဆောင်ကျောင်းတိုက် မဟာနာယက ဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဉာဏိဿရထံမှ   ငါးပါးသီလခံယူဆောက်တည်ကြပြီး ဒုလ္လာဘရဟန်းလောင်း ၃၉ ပါးတို့အား မဟာဝိဇိတာရုံ သာသနာ့ဝန်ဆောင် ကျောင်းတိုက်  မဟာနာယကဆရာတော်   ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဉာဏိဿရထံ သံဃာ့ကိစ္စများဖြစ်သည့် ဥပဇ္ဈာယ်ယူခြင်း၊ ရဟန်းလောင်းဆုံးမခြင်း၊ ဥပသမ္ပဒကမ္မဝါရွတ်ဖတ် ဥပသမ္ပဒ ကံဆောင်ခြင်းတို့ကို ဆောင်ရွက်ကြ၍ ရဟန်း၊ သာမဏေများအဖြစ်သို့ သာသနာ့အမွေ ခံယူကြသည်။

ယင်းနောက် သီလရှင်လောင်း ၃၆ ပါးတို့အား လယ်ဝေးမြို့ ပုဏ္ဏမီဂုဏ်ဝေသီလရှင် စာသင်တိုက် ဆရာကြီး ဒေါ်ဇေယျသိင်္ဂီအမှူးပြုသော  သီလရှင်ဆရာကြီးများက ကေသစ္ဆေဒန မင်္ဂလာစုပေါင်းဆံချခြင်းကို ဆောင်ရွက်ကြပြီး သာသနာနွယ်ဝင် သီလရှင်အဖြစ် သာသနာ့အမွေ ခံယူကြသည်။

ဆက်လက်၍    သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်  အလှူရှင်များက မဟာဝိဇိတာရုံသာသနာ့ဝန်ဆောင်ကျောင်းတိုက်   မဟာနာယက ဆရာတော်ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဉာဏိဿရ အမှူးပြုသော     ဥပဇ္ဈာယ်နှင့် ကာရက ဆရာတော် ၁၂ ပါးနှင့် ဒုလ္လာဘရဟန်း ၄၂ ပါးတို့ကို သိမ်ဆင်းလောင်းလှူ ပူဇော်ကြသည်။

ယနေ့နံနက်ပိုင်းတွင်   မဟာဝိဇိတာရုံ သာသနာ့ဝန်ဆောင်ကျောင်းတိုက်   မဟာနာယက ဆရာတော်  ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဉာဏိဿရ အမှူးပြုသော ဆရာတော် ၁၂ ပါးတို့က  ဒုလ’ဘရဟန်းအဖြစ်ခံယူကြမည့် ရဟန်းလောင်း သုံးပါး၊ ရှင်သာမဏေလောင်း ၁၁ ပါးတို့အား ဆံချခြင်းနှင့် ရှင်ပြုပေးခြင်း၊ ရဟန်းခံခြင်းဆိုင်ရာ   ဆောင်ရွက်ဖွယ်ရာ သံဃာ့ကိစ္စများဖြစ်သည့်  ဥပဇ္ဈာယ်ယူခြင်း၊ ရဟန်းလောင်းဆုံးမခြင်း၊ ဥပသမ္ပဒကမ္မဝါ ရွတ်ဖတ်ဥပသမ္ပဒ ကံဆောင်ခြင်းတို့ကို ဆောင်ရွက်ကြရာ   ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ကြည်ညို ကြသည်။

ထို့နောက် အလှူတော်မင်္ဂလာတရားတော်နာ ရေစက်ချ အခမ်းအနားကို မဟာဝိဇိတာရုံသာသနာ့ ဝန်ဆောင်ကျောင်းတိုက်ရှိ ဓမ္မဝိဇိတဗိမာန်တော်ကြီး၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိသတ်များက မဟာစည်သာသနာ့ရိပ်သာ ပဓာနနာယက ဆရာတော် ကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တအာစိဏ္ဏထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ သံဃာတော် အရှင်သူမြတ်များ     ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော မေတ္တသုတ် ပရိတ်တရားတော်အား နာယူကြည်ညိုကြပြီး ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ    ဆက်ကပ်လှူဒါန်းကြသည်။