သင်္ကြန်ကာလအတွင်း ယာယီရပ်နားခဲ့သည့် ရန်ကုန်မြို့ပတ်ရထားခရီးစဉ်များ ပုံမှန်ပြန်လည် ပြေးဆွဲပေးနေ

သင်္ကြန်ကာလအတွင်း ယာယီရပ်နားခဲ့သည့် ရန်ကုန်မြို့ပတ်ရထားခရီးစဉ်များ ပုံမှန်ပြန်လည် ပြေးဆွဲပေးနေ

ရန်ကုန် ဧပြီ ၂၁

သင်္ကြန်ကာလအတွင်း ယာယီရပ်နားခဲ့သည့် ရန်ကုန်မြို့ပတ်ရထားခရီးစဉ်များကို ယခုအခါ ပုံမှန် ပြန်လည်ပြေးဆွဲပေးနေပြီး ခရီးသည်လိုက်ပါစီးနင်းမှု အနေအထားပေါ်မူတည်၍ တိုးချဲ့ပြေးဆွဲပေး မည်ဖြစ် ကြောင်း မြန်မာ့မီးရထား (ရန်ကုန်ဘူတာကြီး) မှ သိရသည်။

ရန်ကုန်မြို့ပတ်ရထားများကို ယခုနှစ် သင်္ကြန်ရက်များဖြစ်သော ဧပြီလ ၁၄ ရက်၊ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ပြေးဆွဲမှု ယာယီရပ်နားခဲ့ပြီး မြန်မာနှစ်ဆန်းတစ်ရက် နေ့ဖြစ်သော ဧပြီလ ၁၇ ရက်မှစ၍ ပုံမှန် ပြန်လည်ပြေးဆွဲလျက်ရှိကြောင်းနှင့် ရထား လက်မှတ်ခများကိုလည်း   ယခင်အတိုင်း ငွေကျပ် ၂၀၀ နှင့် ၃၀၀ သာ သတ်မှတ် ကောက်ခံလျက်ရှိကြောင်း သိရသည်။

“ရန်ကုန်မြို့ပတ်ရထားတွေကို သင်္ကြန်အကျနေ့၊  အကြတ်နေ့နဲ့  အတက်နေ့တွေမှာ ပြေးဆွဲမှုယာယီ ရပ်နားခဲ့ပြီးတော့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ကစပြီး ပုံမှန် ပြန်လည်ပြေးဆွဲပေးနေပါတယ်။ အခု  တစ်ရက်ကို   မြို့ပတ်ရထားစီးနင်းတဲ့ခရီး သည်  ၉၀၀၀ ကျော်ရှိပါတယ်။ လက်ရှိမှာ နေ့စဉ်  RBE  တွဲဆိုင်းခြောက်ဆိုင်းနဲ့ လက်ဝဲရစ်၊   လက်ယာရစ်   စုစုပေါင်း အခေါက်ရေ  ၃၅  ခေါက်  ပြေးဆွဲနေပြီး ခရီးသည်စီးနင်းမှုအနေအထားပေါ်မူတည် ပြီး တိုးချဲ့ပြေးဆွဲပေးဖို့ စီစဉ်ဆောင်ရွက်နေ ပါတယ်”  ဟု မြန်မာ့မီးရထား အမှတ် (၇) တိုင်းမန်နေဂျာ ဦးယဉ်မင်းဦးကပြောသည်။

ထို့ပြင် မြန်မာ့မီးရထားအနေဖြင့် ယခု နှစ် မြန်မာနှစ်သစ်ကူးရုံးပိတ်ရက်များဖြစ် သော ဧပြီလ ၁၃ ရက်မှ ၂၁ ရက်အထိ ကာလအတွင်း ဌာနဆိုင်ရာဝန်ထမ်းများ နှင့် ခရီးသွားပြည်သူများ ခရီးသွားလာမှု အဆင်ပြေစေရန် ရန်ကုန်-မန္တလေးလမ်းပိုင်း၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းနှင့် ရန်ကုန်-ပြည်လမ်းပိုင်း တို့တွင် အထူး ရထားများ စီစဉ်ပြေးဆွဲပေးခဲ့ကြောင်း သိရသည်။

သင်္ကြန်ကာလအတွင်း ရထားလက် မှတ်ခနှုန်းထားများကို သင်္ကြန်မတိုင်မီ နှုန်းထားများအတိုင်းသာ ရောင်းချပေးခဲ့ပြီး ယခုအခါ ရထားလက်မှတ်ဝယ်ယူသူ များအနေဖြင့်   မှတ်ပုံတင်မူရင်း   ပြသဝယ်ယူရန် လိုအပ်ကာ အထက်တန်းလက် မှတ်များကို သုံးရက်ကြိုတင်ဝယ်ယူနိုင်ပြီး ရိုးရိုးတန်းလက်မှတ်များကို တစ်ရက်ကြို တင်ဝယ်ယူနိုင်ကြောင်း သိရသည်။

ဆောင်းဦး