တပ်ကုန်းမြို့နယ် ပေတောကျေးရွာရှိ ပေတောဥစားကြက် မွေးမြူရေးခြံနှင့် ရွှေမြို့မွေးမြူရေး ဇုန်များသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သွားရောက်ကြည့်ရှု စစ်ဆေး

 

တပ်ကုန်းမြို့နယ် ပေတောကျေးရွာရှိ ပေတောဥစားကြက် မွေးမြူရေးခြံနှင့် ရွှေမြို့မွေးမြူရေး ဇုန်များသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သွားရောက်ကြည့်ရှု စစ်ဆေး

 

နေပြည်တော် ဧပြီ ၂၁

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည်   ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ပေတောကျေးရွာရှိ  ပေတောဥစား ကြက်မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။ 

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက လုပ်ကွက်ငယ် မွေးမြူရေးတောင်သူများ အား အစာကျွေးမွေးမှု၊ အာဟာရပြည့်ဝစေမှု အပါအဝင် မွေးမြူမှုစနစ်များနှင့် ရောဂါထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများဆိုင်ရာ နည်းပညာပေးခြင်း၊ ပူးပေါင်းလက်တွဲ ဆောင်ရွက်ခြင်းတို့ကို အလေးထား ဆောင်ရွက်ပေးရန်၊ ဈေးကွက်ဖော်ဆောင် နိုင်စေရန်နှင့် ရှိပြီးဈေးကွက်ခိုင်မာရေးကို  ဆောင်ရွက်ကြရန် လိုအပ်ကြောင်း     ဆွေးနွေးမှာကြားသည်။

ပေတောကျေးရွာတွင် ဝန်ကြီးဌာန၊ C.P Co.,Ltd နှင့် ကျေးရွာနေပြည်သူများ ပူးပေါင်း၍ မွေးမြူရေးလုပ်ငန်း အခြေခံ အလုပ်အကိုင် အခွင့်အလမ်း ဖော်ဆောင်ပေးနိုင်ရေးနှင့် မိသားစုဝင်ငွေ တိုးပွားစေရေးအတွက် အလုံပိတ်အအေးပေးစနစ် မွေးမြူရေးခြံသုံးခြံတွင် ဥစားကြက်ကောင်ရေ ၇၅၀၀၀ မွေးမြူထားရှိပြီး တစ်နှစ်လျှင်   ကြက်ဥ  ၂၂သန်းကျော် ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိကာ ခေတ်မီမွေးမြူရေး နည်းပညာများ အသုံးပြုဆောင်ရွက်လျက်ရှိ၍ ဇီဝလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိကြောင်း   သိရသည်။

ဆက်လက်၍  ဒုတိယဝန်ကြီးသည် မွေးမြူရေးသုတေသန ဦးစီးဌာန သုတေသီများက သုတေသနပြု ဆောင်ရွက်လျက်ရှိသည့် ဒေသနွားမျိုးပြာစိမ်းကို အသားစား နွားမျိုးများဖြင့် မျိုးမြှင့်သားစပ် သုတေသနလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သုတေသန မှတ်တမ်းများ  စနစ်တကျ ထားရှိရေးနှင့် သုတေသန ရလဒ်ကောင်းများ ဖော်ထုတ်နိုင်ရေးအတွက် ဘာသာရပ်အလိုက် ကျွမ်းကျင်သော သုတေသီများ ပူးပေါင်းဆောင်ရွက်ကြရန်    ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ရွှေမြို့မွေးမြူရေးဇုန်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက  ဆောင်ရွက်လျက်ရှိသည့် ဥဖောက်စက်၊ ဥဝပ်စက်များ တပ်ဆင်ပြီးစီးမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး နေပြည်တော်ကောင်စီ နယ်မြေအတွင်း မွေးမြူရေးလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေး စီမံဆောင်ရွက်ရန် လိုအပ်ချက်များ၊ ဥစားဘဲမွေးမြူရေး၊ ဆိတ်၊ နို့စားနွား၊ ဝက်မွေးမြူရေး၊ ဥစားကြက်၊ အသားစားကြက်နှင့် ဘဲမွေးမြူရေး လုပ်ငန်းများကို ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်(GAHP- ဂျီအေအိပ်ပီ)နှင့်အညီ မွေးမြူထုတ်လုပ်မှု အားကောင်းလာစေရန် ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ မွေးမြူရေးတောင်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်း ကူညီပေးနိုင်ရေး  တိုးမြှင့်ဆောင်ရွက်ကြရန်   တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ပျဉ်းမနားခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် မွေးမြူရေး လုပ်ငန်းရှင်များ၊ မွေးမြူရေး တောင်သူများ၊ မွေးမြူရေးလုပ်ငန်း စိတ်ဝင်စားသူများနှင့် တွေ့ဆုံ၍  မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က အားပေးကူညီထောက်ပံ့ပေးနေမှုနှင့် ဝန်ကြီးဌာနက   ဆောင်ရွက်ပေးလျက် ရှိသော လုပ်ငန်းများ၊ ဖြည့်ဆည်းပေးသွားမည့် အခြေအနေနှင့် မွေးမြူရေးအခြေခံ အသေးစား အငယ်စားနှင့် အလတ်စား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးမှု အလားအလာများကို ဆွေးနွေးကြပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကာ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့်   မွေးမြူရေးတောင်သူများ၏ မေးမြန်းမှုများကို ဖြေကြား ဆွေးနွေးကြသည်။

ပျဉ်းမနားခရိုင်အတွင်း   နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန် အဆိုပြုတင်ပြထားရှိသည့် နို့စားနွား၊ အသားတိုးနွား၊ သိုး၊ ဆိတ်နှင့် ဥစားကြက်မွေးမြူရေး လုပ်ငန်းများအတွက် စုစုပေါင်း  ၁၅ ဒသမ ၂၅၅  ဘီလီယံကို သက်ဆိုင်ရာ    ကြီးကြပ်မှုကော်မတီက စနစ်တကျစိစစ်၍   ယခုလအတွင်း စီမံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။