ဂျပန်တွင် ကင်းလှည့် ရဟတ်ယာဉ်နှစ်စင်း တိုက်မိ တစ်ဦးသေဆုံးပြီး ခုနစ်ဦးပျောက်ဆုံး

 

ဂျပန်တွင် ကင်းလှည့် ရဟတ်ယာဉ်နှစ်စင်း တိုက်မိ တစ်ဦးသေဆုံးပြီး ခုနစ်ဦးပျောက်ဆုံး

 

    ဂျပန်နိုင်ငံ၏ ရေကြောင်းကာကွယ်ရေး တပ်ဖွဲ့ပိုင်  ကင်းလှည့်ရဟတ်ယာဉ် နှစ်စင်းသည် အီဇူကျွန်းစုအနီးရှိ ဝေဟင်ထက်တွင် တိုက်မိမှုဖြစ်ပွားရာ တစ်ဦးသေဆုံးပြီး ခုနစ်ဦး ပျောက်ဆုံးကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

အဆိုပါ ကင်းလှည့်ရဟတ်ယာဉ်နှစ်စင်း တိုက်မိမှုသည် ဧပြီလ ၂၁ ရက် နံနက်ပိုင်းတွင် ဖြစ်ပွားခြင်းဖြစ်ပြီး  ရဟတ်ယာဉ်များပေါ်တွင်   လူရှစ်ဦး လိုက်ပါသွားကာ ကယ်ဆယ်ခံရသည့်တစ်ဦးမှာ   သေဆုံးသွားခြင်းဖြစ်ကြောင်းနှင့် ကျန်ခုနစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း   ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ရဟတ်ယာဉ်၏ ပန်ကာဒလက်အပါအဝင်    အစိတ်အပိုင်းတချို့ကို ရှာဖွေတွေ့ရှိကြောင်းနှင့် ရဟတ်ယာဉ်များ၏    ပျံသန်းမှုမှတ်တမ်းတင် စက်နှစ်လုံးစလုံးကိုလည်း     တွေ့ရှိသိမ်းဆည်းနိုင်ပြီဖြစ်ကြောင်း   ကာကွယ်ရေးဝန်ကြီး မီနိုရူကီဟာရာက ပြောသည်။

ယခု   မတော်တဆမှုဖြစ်ပွားသော SH60K ကင်းလှည့်ရဟတ်ယာဉ်သည် တစ်စင်းလျှင် တပ်ဖွဲ့ဝင်လေးဦးကို တင်ဆောင်ကာ  ညအချိန်ရေငုပ်သင်္ဘော ရှာဖွေရေး လေ့ကျင့်ခန်းကို လုပ်ဆောင်စဉ်   ညပိုင်းကတည်းက  ပျောက်ဆုံးသွားခြင်း ဖြစ်သည်။

အဆိုပါရဟတ်ယာဉ်များတွင်  ရေငုပ်သင်္ဘောရှာဖွေရေး ရေဒါများ တပ်ဆင်ထားပြီး အထူးသဖြင့်  အစောင့်လိုက်သင်္ဘော များနှင့်အတူ လိုက်ပါကာ   စစ်ဆင်ရေးတာဝန်များကို   ထမ်းဆောင်ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ် ဧပြီလတွင် ဂျပန်မြေပြင် ကာကွယ်ရေးတပ်ဖွဲ့မှ  UH60JA ရဟတ်ယာဉ်တစ်စင်း ပင်လယ်အတွင်း ပျက်ကျမှုကြောင့် လူ ၁၀  ဦး  သေဆုံးထားကြောင်း သိရသည်။