အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများတွင် စာသင်ကြားနေမှုများကို ကြည့်ရှုအားပေး

အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများတွင် စာသင်ကြားနေမှုများကို ကြည့်ရှုအားပေး

သာပေါင်း  ဧပြီ  ၂၁

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် သာပေါင်းမြို့နယ်၌ ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေခံ စာတတ်မြောက်ရေး လုပ်ငန်း အဖြစ် စာသင် ဝိုင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ ယနေ့ နံနက် ၁၁ နာရီတွင် သာပေါင်းမြို့နယ် အတွင်းရှိ ကျေးလက် ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် စာသင်ဝိုင်းများ သင်ကြားနေမှု အခြေအနေအား ကြည့်ရှုအားပေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးပညာရေးဌာနမှ တာဝန်ရှိသူများသည် ဇီးဖြူကွင်း ကျေးရွာအုပ်စု ဇီးဖြူ ကွင်းကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း၊ ဂုံမင်းကျေးရွာအုပ်စု အခြေခံပညာ မူလတန်းကျောင်း(ဂုံမင်း)တို့၌ အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းအဖြစ် ဆရာ၊ ဆရာမများက စာသင်ဝိုင်းများဖြင့် စာသင် ကြားပေးနေမှုများကို ကြည့်ရှုအားပေးကာ နည်းပြဆရာ၊ ဆရာမများနှင့် စာသင်သားများအား အချိုရည်နှင့်ရေသန့်ဘူးများ ပေးအပ်ခဲ့ပြီး နေ့စဉ်ရက်စွဲတပ်ပေးပြီး အခန်းလိုက် သင်ကြားပေးရန်၊ အရေး၊ အဖတ်၊ အတွက်လေ့ကျင့်ပေးရန်တို့ကို အသေးစိတ်မှာကြား  ခဲ့သည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂုံမင်းကျေးရွာ အုပ်စု ကွင်းအမှတ်(၅၅၉ C)၊ တောင်သူ ဦးကျော်ဆန်းနိုင်၏ နွေစပါးသီးထပ်ငါးဧက စိုက်ကွင်းအားကြည့်ရှုကာ တောင်သူများ နှင့် ရင်းရင်းနှီးနှီးဆွေးနွေးပြောကြားခဲ့ပြီး အမှတ်(၁၂)ကုန်ထုတ်မြောင်းကူးကွန်ကရစ် တံတား (၄၅ ပေ x ၁၄ ပေ x ၁၅ ပေ)၊ ၆၄ ဒသမ ၂၀ ကျပ်သန်းဖြင့် တည်ဆောက် ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။

မျိုးဇော်သိန်း(သာပေါင်းပြန်/ဆက်)