အောင်ရဲ့အောင်

အောင်ရဲ့အောင်

ယမန်နေ့မှအဆက်

“ကောင်မလေး၊ နင် ငိုနေတာလား”

“ဟင့်အင်း”

ကိုအောင်၏အမေးကို ညာလိုက်သည်။

ကိုအောင်သည် တံခါးခေါက်လိုက်တော့ တံခါးသည် ပွင့်လာသည်။

ထုံးစံအတိုင်းပင် ကိုအောင့်အိမ်သည် တိတ်ဆိတ်နေလေသည်။

“အိမ်မှာ ခိုင်းစရာလူမရှိဘူးလား...ကိုအောင်၊ ကျွန်တော် ဗိုက်ဆာသလိုပဲ၊မနက်က ဘာမှမစားရသေးဘူး”

မျက်ရည်စတွေကို ကုန်စင်အောင် မသုတ်ထားသော အောင့်မျက်လုံး များကို ကိုအောင်က ပြုံးကြည့်ပြီး...

“ငါ့အစ်ကိုတစ်ယောက်ပဲရှိတယ်၊ နင်ဗိုက်ဆာရင်တော့ နံပြားနဲ့ပဲပြုတ် မနက်က ဝယ်ထားတာရှိတယ်၊ ကြောင်အိမ်ထဲမှာ သွားယူစားချည်၊ ငါ ဘောက်ချာတွေရှာလိုက်ဦးမယ်၊ ဘလောက်တိုက်ဘောက်ချာတွေ ကိုလတ် ထားသွားတာ ရှာလို့မလွယ်ဘူးဖြစ်နေတယ်၊ မောကြောပဲဟာ”

ဝရန်တာဘက်တွင် ကိုအောင့်အစ်ကိုနောက်ကျောကို လှမ်းတွေ့ရသဖြင့် အောင်သည် အိမ်ခန်းထဲသို့ မတွန့်မဆုတ်ဝင်သွားသည်။

ကြောင်အိမ်ကိုဖွင့်ကာ ပဲပြုတ်ဆီဆမ်းပေါ်အုပ်ထားသော နံပြားတစ် ချပ်ကိုယူစားပြီး ရေအိုးစင်မှရေကို မော့သောက်လိုက်လေသည်။

ရေအိုးစင်မှ နောက်သို့လှည့်ထွက်မည်ပြုသည်။

ထိုအခိုက် နောက်ဘက်မှ လှမ်း၍မျက်စိပိတ်လိုက်သော လက်တွေကို ကပျာကယာ လှမ်းကိုင်လိုက် သည်။

ဤလောကမြေပြင်၌ မဖြစ်သင့်တာတွေဖြစ်ကုန်ပြီလား၊ အတွေးများ နှင့် ရင်ထဲတုန်သွားကာ လန့်ဖျပ်၍ အသက်ရှူတာ တစ်အောင့်မျှရပ်သွားသည်။

ပြီးမှ လက်ကောက်ဝတ်မှ လက်မောင်း၊ လက်ဖျံအထိစမ်းလိုက်ပြီး...

“ကိုလတ်”

“ကိုလတ်”

“ကိုလတ်ပါ၊ ကျွန်တော် သိပါတယ်”

အောင်သည် ရင်ခုန်လှိုက်လှဲသောအသံနှင့် အော်သလိုပြောလိုက်သည်။

လက်တွေပြန်ရုပ်သိမ်းကာ ရယ်သံသဲ့သဲ့ကိုကြားလိုက်ရသည်။

အောင်သည် ချာခနဲနောက်သို့လှည့်လိုက်သည်။

ကိုလတ်၏မျက်နှာကိုစိုက်ကြည့်ပြီး ရုတ်တရက်ကြောင်ငေးနေသည်။

အခန်း(၃၁)

ဖြူဖွေးသောသွားစွယ်များနှင့် ကိုလတ်၏အပြုံး။ သူ့အပြုံးသည် ခွန်အားရှိနေဆဲပင်။

မျက်နှာနည်းနည်းချောင်နေသည်။

အသားသည် ခါတိုင်းဖြူတာထက် ပိုဖြူကာ အရောင်ဖျော့နေသည်။

မျက်လုံးအရောင်တွေမှာ အနည်းငယ်ဝါနေသည်။

ကိုလတ်၏ ခါတိုင်း ပုံကျကျခေတ်ပေါ်ဗိုလ်ကေဆံပင်များကို ခေါင်းတုံး ဆံတောက်ညှပ်ထားသဖြင့် ကြည့်ရတာတစ်မျိုးဖြစ်နေသည်။

ကိုလတ်၏မျက်လုံးများကား  မျက်ရည်တွေဝိုင်းနေသော အောင့် မျက်လုံးများကို စိုက်ငေးကာ...

“အောင်အောင်လေး”

“အောင်အောင်လေး ကျန်းခံ့သာလို့ နေကောင်းတယ်နော်”

ကိုလတ်မျက်နှာက တည်သော်လည်း သူ့လေသံသည် ဟာသနှင့် ရွှင်လန်းနေသည်။

အောင်သည် ဘာစကားမှပြန်မပြောနိုင်ဘဲ ကိုလတ်၏မျက်နှာကို စိုက်ငေးနေပြီး မျက်ရည်တွေ ကျလာသည်။

ကိုလတ်သည် အောင့်ကိုဆီးပွေ့ရန် လက်တွေလှမ်းလိုက်သည်။

အောင်သည် ကိုလတ်၏ရင်ခွင်တွင် မျက်နှာအပ်လျက်...

“ကျွန်တော် လှေကားမှာတက်လာတုန်းကတောင် ကိုလတ်မျက်နှာ မြင်နေတာ၊ ကိုအောင်က ကျွန်တော် ငိုနေသလားတောင် မေးသေးတယ်၊ ကျွန်တော် မငိုဘူးလို့ ညာပြောလိုက်တာ၊ အမှန်က ကျွန်တော်”

ပြောပြောဆိုဆို ကလေးလိုငိုပြန်သည်။ ကိုလတ်သည် မျက်ရည်တွေ ရွှဲနေသော အောင့်ပါးကို အထပ်ထပ်နမ်းရင်း...

“မျက်ရည်တွေ သိပ်ပေါတာပဲနော်၊ အညာမှာ ကောက်စိုက်ဖို့ ရေသွင်း ပေးရရင်ကောင်းမယ်”

သည်တော့ အောင်သည် “သွား” ဟု ကိုလတ်ကို တွန်းလိုက်သည်။

သည့်နောက် ကိုလတ်သည် ဣန္ဒြေရရပင် အိမ်ရှေ့သို့ထွက်သွားသည် ကိုအောင်က နောက်မှထွက် လိုက်ရလေသည်။

သူ့ကြည့်ရတာ အေးဆေးတည်ငြိမ်လိုက်တာ ဘာတွေမှမဖြစ်ခဲ့သလို၊ ယခုလောလောဆယ်လည်း  ဘာမှမဖြစ်သလို၊ လှုပ်ရှားမှုသည်  ဖြစ်ရိုး ဖြစ်စဉ်အတိုင်း။

မပြောင်းလွဲ။

ကိုလတ်ကိုကြည့်ရတာ မဂ္ဂဇင်းထုတ်ဖို့ ကိစ္စတွေနှင့်ခေါ်တုန်းက အတိုင်းပင်။

လောကဓံကို မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ ခံထားသည်။

ကိုလတ်မျက်လုံးတွေမှာ မျက်ရည်လည်တာတွေ့ရမလား ရှာဖွေကြည့် သည်။

မတွေ့ရ။

ခပ်စောစောက မျက်လုံးနည်းနည်းနီလာတာကို ကတ်ကတ်သတ်သတ် ဝိညာဉ်အရိပ်ကို ဖမ်းဆုပ် လိုက်ရရုံပါပဲ။ သေသေချာချာလည်း ဖမ်းမမိ။

အောင်ကတော့ လွတ်လပ်ပေါ့ပါးစွာပျံသန်းနေသော ငှက်ငယ်တွေလို အပျော်ကြီးပျော်နေသည်။

ဆက်လက်ဖော်ပြပါမည်။