မုဒုံမြို့နယ်ဒေသထွက် မင်းကွတ်သီးများစပေါ်ချိန်တွင် ဆွတ်ခူးရောင်းချ

မုဒုံမြို့နယ်ဒေသထွက် မင်းကွတ်သီးများစပေါ်ချိန်တွင် ဆွတ်ခူးရောင်းချ

မုဒုံ၊ စီးပွားရေး

မွန်ပြည်နယ်သည် လယ်ယာသီးနှံ၊ ဥယျာဉ်ခြံသီးနှံများနှင့် ရော်ဘာစိုက်ပျိုး ထုတ်လုပ်မှုအများဆုံးဖြစ်ရာ ကာလရှည်သီးနှံတစ်မျိုးဖြစ်သည့် ရာသီပေါ်မင်းကွတ်သီးများ စတင်ထွက်ရှိချိန်တွင် ဆွတ်ခူးရောင်းချရာ ယခင်နှစ်များကထက် ဈေးကောင်းရရှိကြောင်း မင်းကွတ်သီးစိုက်ပျိုးရောင်းချသူများ၏ပြောပြချက်အရ   သိရသည်။

မင်းကွတ်သီးပင်များသည် မြေပြန့်ပြီး မြေသြဇာကောင်းသော သဲနုန်းမြေပွနှင့် စိုစွတ်သော ရာသီဥတု မျိုးကို ကြိုက်နှစ်သက်ကြောင်း၊ အပင်များကို အစေ့မှ ပျိုးထောင်စိုက်ပျိုးခြင်းနှင့် ကိုင်းဆက် ကိုင်းကူး နည်းများဖြင့် အကျယ် ၃ ပေ၊ အနက် ၃ ပေ အတွင်းမှ တစ်ပင်နှင့်တစ်ပင် ပေ ၂၀ ခန့်အကွာ စိုက်ပျိုး နိုင်ကြောင်း၊ ပျိုးပင်များကို စိုက်ပျိုးပြီး ၁၀ နှစ်မှ ၁၂ နှစ်အရွယ်ရောက်ချိန်မှသာ အသီးစတင်ထွက်ရှိ၍ ဆွတ်ခူးရောင်းချနိုင်ကြောင်း၊ အပင်တစ်ပင်လျှင် သက်တမ်း နှစ် ၄၀ မှ ၅၀အထိ ရှင်သန်နိုင်ကာ ပိုးမွှား ကင်းစင်သည့် အပင်တစ်မျိုးဖြစ်ကြောင်း သိရသည်။

မင်းကွတ်သီး စတင်ထွက်ရှိချိန်တွင် တစ်လုံးလျှင် ငွေကျပ် ၃၀၀ မှ ၈၀၀ ရရှိပြီး ပဲခူး၊ ရန်ကုန်၊ မန္တလေးတိုင်းဒေသကြီးတို့အပြင်   တခြားမြို့နယ်များသို့လည်း တင်ပို့ရောင်းချကြောင်း သိရသည်။

မုဒုံမြို့နယ်ဒေသထွက် သစ်သီးဝလံများကို ပြည်ပသို့တင်ပို့နိုင်ရန် သုတေသနပြုစိုက်ခင်းများ     ပျိုးထောင် ထားရှိခြင်း၊ သစ်သီးဝလံ သုတေသနစိုက်ပျိုးရေးနည်းပညာများကို တောင်သူများထံ ဖြန့်ဝေပေးခြင်း၊ သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများနှင့်ပူးပေါင်း၍ စိုက်ပျိုးရေး ဦးစီးဌာနနှင့် တာဝန်ရှိသူများကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။          

အောင်မျိုးသူ(ပြန်/ဆက်)