တစ်ရက်ကို ရွှေ ၅ ကျပ်သားနီးပါး ထုတ်ပေးနေတဲ့ အဲရဲဘတ်မီးတောင်

 

တစ်ရက်ကို ရွှေ ၅ ကျပ်သားနီးပါး ထုတ်ပေးနေတဲ့ အဲရဲဘတ်မီးတောင်

 

    ရွှေဆိုတာ လူတိုင်းကြိုက်ကြတဲ့ တန်ဖိုးထားစရာ ရတနာပစ္စည်းတစ်ခုပါ။ နိုင်ငံတကာမှာတောင်မှ   ရွှေကို နိုင်ငံတော် ဘဏ္ဍာအဖြစ် အရန်အနေနဲ့ ထားကြလေ့ရှိပါတယ်။

ရွှေကိုဘယ်ကနေရလဲဆိုရင် မြေအောက်ထဲကနေရပါတယ်။ တချို့သော ချောင်းတွေ၊ မြောင်းတွေမှာလည်း ရွှေတိုရွှေစလေးတွေ မျောပါလာလေ့ရှိပါတယ်။

တကယ်လို့များ   မိတ်ဆွေအနေနဲ့ တွင်းထဲကနေ   သူ့အလိုလိုထွက်နေတဲ့ ရွှေကိုတွေ့ရင် ဘာလုပ်မှာလဲ။ အပြေးလေး သွားပြီးတော့ ကောက်မှာလား။ မသိချင်ယောင်ဆောင် သွားမှာလား။

အရင်ဆုံးမေးစရာရှိတာက ဒီလိုမျိုး ရွှေထွက်နေတဲ့တွင်းက  တကယ်ရှိလို့လား ဆိုပြီးတော့ပါ။ ဟုတ်ပါတယ်။ အဲဒီလို ရွှေထွက်နေတဲ့ တွင်းက ကျွန်တော်တို့ကမ္ဘာမှာ  တကယ်ရှိပါတယ်။ အန္တာတိကတိုက်မှာပါ။

မကြာသေးမီက လုပ်ဆောင်တဲ့ လေ့လာမှုတွေအရ    အန္တာတိကဒေသမှာရှိတဲ့ မီးတောင်ရှင်တစ်လုံးကနေ  ရွှေမှုန်လေး တွေကို မှုတ်ထုတ်နေတယ်ဆိုတာ တွေ့လိုက်ရပါတယ်။   မီးတောင်ဓာတ်ငွေ့တွေနဲ့အတူပေါ့။

အဲဒီမီးတောင်ကတော့   အဲရဲဘတ် မီးတောင်ပဲဖြစ်ပါတယ်။  တကယ်တမ်းကျတော့ အဲဒီမီးတောင်က  ရွှေတွေမှုတ် ထုတ်ပေးနေတယ်ဆိုတာကို အမေရိကန် ဘူမိဗေဒပညာရှင်များက ၁၉၉၁ ခုနှစ်မှာ တွေ့ရှိခဲ့တာပါ။

အခုလတ်တလောမှာဆိုရင်လည်း အဲဒီမီးတောင်က ၁၉၉၁ ခုနှစ်တုန်းကအတိုင်းပဲ မီးတောင်ဓာတ်ငွေ့များနဲ့ အတူ  ရွှေတွေကို မှုတ်ထုတ်နေဆဲပါပဲ။

သုတေသီတွေက   အဲဒီရွှေတွေကို မီးတောင်ဓာတ်ငွေ့များနဲ့အတူ  သာမက မီးတောင်ပတ်ဝန်းကျင်မှာရှိတဲ့  နှင်းမှုန်များ ကြားမှာလည်း တွေ့ရှိကြရပါတယ်။

သုတေသီတွေရဲ့ ခန့်မှန်းတွက်ချက်မှု အရဆိုရင် အဲဒီမီးတောင်က တစ်ရက်ကို ရွှေ ၅ ကျပ်သားနီးပါး မှုတ်ထုတ်ပေးနေတယ်လို့ သိရပါတယ်။   ဒါဟာနည်းတဲ့ ပမာဏတော့မဟုတ်ပါဘူး။

တစ်ရက်ကို ရွှေအလေးချိန် ၅ ကျပ်သား နီးပါးမှုတ်ထုတ်ပေးမှုဟာ ၁၉၉၁ ခုနှစ်ကတည်းကနေ   အခုအချိန်အထိကို မပြောင်းလဲရှိနေသေးတာကိုလည်း  တွေ့ရပါတယ်။

အဲဒီရွှေတွေက ဘယ်ကနေရောက်လာတာလဲဆိုတာကို   သိပ္ပံပညာရှင်တွေက အဖြေရှာရာမှာတော့     ရွှေတွေဟာ မီးတောင်ကျောက်တွေ ကြားထဲမှာ  စတင်အနည်ထိုင်  ဖြစ်ပေါ်နိုင်ဖွယ်ရှိတယ်လို့ဆိုပါတယ်။

အမြင့်ပေ ၁၂၄၄၈ ပေရှိတဲ့ အဲရဲဘတ်မီးတောင်က ဓာတ်ငွေ့ပူတွေကို မှုတ်ထုတ်ချိန်မှာ   ကျောက်ကြိုကျောက်ကြားမှ ရွှေတွေက အဲဒီဓာတ်ငွေ့နဲ့အတူ ပါလာတာပါ။

အဲရဲဘတ်မီးတောင်ကနေ မှုတ်ထုတ်တဲ့ ရွှေမှုန်တွေရဲ့အရွယ်အစားက   သုည ဒသမ ၁ မှ ၂၀ မိုက်ခရိုမီတာအထိရှိပြီး ပတ်ဝန်းကျင် နှင်းတောထဲမှာတော့   ၆၀ မိုက်ခရိုမီတာ အထိရှိတဲ့ ရွှေမှုန်တွေကိုတွေ့ရပါတယ်။

အန္တာတိကဒေသမှာ မီးတောင်အရှင်ပေါင်း ၁၃၈ လုံးအထိရှိပါတယ်။ အဲရဲဘတ်မီးတောင်က အဲဒီမီးတောင်တွေထဲကမှ  တစ်လုံး အပါအဝင်ပါ။

Geo News သတင်းဌာနရဲ့ ထုတ်ပြန်ချက်အရဆိုရင်  အဲရဲဘတ်မီးတောင်က ဒေသတွင်းမှာရှိတဲ့ မီးတောင်အရှင်နှစ်လုံး အနက်တစ်လုံးဖြစ်ပြီး    တစ်ရက်ကို အမေရိကန်ဒေါ်လာ ၆၀၀၀ ဖိုးလောက်ရှိတဲ့ ရွှေတွေကို မှုတ်ထုတ်ပေးနေတာလို့ သိရပါတယ်။

NASA  ရဲ့  ကမ္ဘာမြေလေ့လာရေးအဖွဲ့က ထုတ်ပြန်မှုမှာဆိုရင်လည်း အဲရဲဘတ်မီးတောင်က မှုတ်ထုတ်တဲ့ရွှေတွေကို  အဲဒီ မီးတောင်ကနေ   ၆၂၁  မိုင်အထိမှာပါ တွေ့ရတယ်လို့ဆိုပါတယ်။

ဒီလိုမျိုးဖြစ်စဉ်ဟာ တကယ့်ကိုရှားပါးလွန်းတဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အန္တာတိကဒေသဟာ အေးခဲအရပ်ဒေသဖြစ်ပေမယ့် မီးတောင်တွေကနေ ဓာတ်ငွေ့ပူတွေ မှုတ်ထုတ်နိုင်တာရယ်။ အဲဒီလိုမှုတ်ထုတ်တဲ့ထဲကမှ  ရွှေမှုန်ရွှေစတွေ ပါဝင်နေတာရယ်တို့ဟာ   ဘယ်တုန်းကမှ မကြားဖူးတဲ့ဖြစ်စဉ်ဖြစ်နေလို့ပါ။

ဒါဆိုရင် အန္တာတိကဒေသမှာ ရှိရှိသမျှသော မီးတောင်တွေကနေ အခုလိုမျိုးပဲ ရွှေမှုန်ရွှေစတွေကို  မှုတ်ထုတ်ပေးနေတာလား။ အဲရဲဘတ်မီးတောင်တစ်ခုတည်းကပဲ ဒီလိုမျိုးဖြစ်နေတာလား ဆိုတာကို သိရှိနိုင်ဖို့အတွက် နောက်ထပ်လေ့လာမှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေပါသေးတယ်။

Ref: IE