ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့်ရှေးဟောင်းဆင်ကျုံး၊ အနောက်နန်းတော်ကုန်းနေရာများ ထိန်းသိမ်း ဆောင်ရွက်နေမှုများအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့်ရှေးဟောင်းဆင်ကျုံး၊ အနောက်နန်းတော်ကုန်းနေရာများ ထိန်းသိမ်း ဆောင်ရွက်နေမှုများအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး  ဧပြီ  ၂၁

ပဲခူးတိုင်းဒေသကြီး     ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယနေ့နံနက်ပိုင်းတွင်  အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများနှင့်အတူ ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် ရှေးဟောင်း ဆင်ကျုံး၊ အနောက် နန်းတော်ကုန်းနေရာများ ထိန်းသိမ်းဆောင်ရွက်နေမှုများအား ကွင်းဆင်း ကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ် ဘုရားလေးကျေးရွာအုပ်စု ဥက္ကံကျေးရွာသို့ ရောက်ရှိခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ မိရိုးဖလာစိုက်ပျိုးနည်းစနစ်မှ စက်မှု လယ်ယာသို့ အချိန်တိုအတွင်း ကူးပြောင်းနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိစေရေး လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးသွားရန်၊ တောင်သူဝင်ငွေတိုးပြီး သီးထပ်စွမ်းအား တိုးတက် စေရေးနှင့် နွေစပါးနှစ်သီး စိုက်ပျိုးနိုင်ရေး ကြိုတင်ပျိုးထောင်သည့်စနစ်အားအသုံးပြုသွားရန်၊ ရေမြေ သဘာဝအလိုက် အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးသွားရန် တာဝန်ရှိ သူများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် ဥက္ကံကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် တစ်ကွင်းတစ်ဆက်တည်း မြေဧရိယာ ဧက ၂၀၀ နွေစပါးစံကွက် ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ရာ တစ်ဧကလျှင် အစိုတင်း ၁၅၅ တင်း ထွက်ရှိကြောင်း သိရသည်။

ယင်းနောက် ပဲခူးမြို့အနီး ဟံသာဝတီခေတ် ရှေးဟောင်းဆင်ကျုံးနေရာ ရှာဖွေဖော်ထုတ်ထိန်းသိမ်း ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုခဲ့ပြီး ဆင်ကျုံးအတွင်း စိုက်ထူထားသည့် ရှေးဟောင်းကျွန်း တိုင်များအား မူလအတိုင်းစနစ်တကျ ထိန်းသိမ်းသွားရန်၊ ဆင်ကျုံးပတ်လည်ရှိ အုတ်ရိုးများ၊ ဆင်ကျုံး အဝင်လမ်းများ   စနစ်တကျဖော်ထုတ်ရန်၊ တူးဖော်ရရှိသည့် အထောက်အထားများဖြင့် အများပြည်သူ လာရောက် လည်ပတ်နိုင်စေရေး   ခရီးစဉ်သစ်များ ထည့်သွင်းဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် သည်   ပဲခူးမြို့နယ် မဲခုန်ကျေးရွာရှိ ဘုရင့်နောင်မင်းတရားကြီး ခေတ္တနန်းစိုက်ခဲ့သည့် အနောက်နန်းတော်ကုန်းမြေနေရာအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး နန်းတော်ကုန်းမြို့ရိုးများ စနစ်တကျပြန်လည်ဖော်ထုတ်ထိန်းသိမ်းရန်၊ နန်းတော်နေရာ၊မြို့ရိုးနေရာ၊   အကျယ်အဝန်းကျုံးနေရာ စသည်တို့အား မြေပုံမှတ်တမ်းနှင့်တကွ နယ်နိမိတ်သတ်မှတ်ထားရန် မှာကြားခဲ့ပြီး အနောက်နန်းတော်ကုန်းမှ မဟာစေတီသို့ထွက်ခွာသည့် ရှေးဟောင်းလမ်းမကြီး နေရာအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။          

(၄၀၁)၊ တင်စိုး(ပဲခူး)