ကလေးငယ်များနှင့်အပူဒဏ်အန္တရာယ်ကာကွယ်ရေး

ကလေးငယ်များနှင့်အပူဒဏ်အန္တရာယ်ကာကွယ်ရေး

ယခုအခါ မြန်မာနိုင်ငံအနှံ့အပြားတွင် ပူပြင်းခြောက်သွေ့ပြီး အပူချိန်မြင့်မားလျက်ရှိသောကြောင့် အပူချိန် မြင့်တက်ခြင်းနှင့် အပူလှိုင်းရိုက်ခတ်မှုအန္တရာယ်ကို လူတိုင်းခံစားရနိုင်ပါသည်။ အထူးသဖြင့်  အသက်အရွယ်ကြီးသူများနှင့်  ကလေးငယ်များတွင်  ပို၍  ဂရုစိုက်ပေးရန်လိုအပ်ပါသည်။ ပူပြင်းသော ရာသီဥတုတွင် ခန္ဓာကိုယ်မှ ချွေးထွက်များစေခြင်းဖြင့် အပူချိန်ကို လျော့ကျစေသည်။

ကလေးငယ်များနှင့် အပူဒဏ်၏ သက်ရောက်မှု

ကလေးများတွင် လူကြီးများထက် ချွေးထွက်နှုန်းနည်းပြီး ပိုမိုမြင့်မားသော ခန္ဓာကိုယ်အပူချိန်ရောက်မှသာ ချွေးထွက်များလာသည်။ ဇီဝကမ္မလက္ခဏာများ မဖွံ့ဖြိုးသေးသော မွေးကင်းစနှင့် ကလေးသူငယ်များသည် အရွယ်ရောက်ပြီးသူများနှင့် နှိုင်းယှဉ်ပါက အပူဒဏ်၏ သက်ရောက်မှုကို ခံနိုင်ရည်နည်းပါးသည်။ကလေးများတွင် ဖွံ့ဖြိုးဆဲကိုယ်ခံအားစနစ်ကြောင့် ရောဂါ လက္ခဏာများကိုလည်း တိုက်ဖျက်နိုင်စွမ်းနည်းပါသည်။ မွေးကင်းစကလေးများတွင် ချွေးဂလင်းများ မဖွံ့ဖြိုးသေးသဖြင့်  အပူဒဏ်ကြောင့် ခံစားရသောလက္ခဏာများကို    တိုက်ဖျက်နိုင်စွမ်း နည်းပါးပြီး ချွေးထွက်ခြင်းဖြင့် အပူချိန်ကို ထိန်းညှိပေးနိုင်စွမ်း လျော့နည်းသည်။ အရွယ်ရောက်ပြီး သူများအတွက် ပူပြင်းသောပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်ရန် ပုံမှန်အားဖြင့် ခုနစ်ရက်သာ လိုအပ်ပါသည်။ မွေးကင်းစကလေးငယ်များတွင် အပူချိန်ပြောင်းလဲမှုများကို ပူပြင်းသော ပတ်ဝန်းကျင် နှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်မှုနှေးကွေးခြင်းကြောင့် အချိန် ၁၀ ရက်မှ ၁၄  ရက် လိုအပ်သည်။ ကလေးများတွင် လှုပ်ရှားမှုတစ်ခုလျှင် မြင့်မားသော အပူထုတ်လုပ်မှုဖြစ်သဖြင့် ကလေး များသည် လူကြီးများထက် အပူပိုထုတ်သည်။ ထို့ပြင် ကလေးများတွင်ကိုယ်အလေးချိန်ထက် ခန္ဓာကိုယ် မျက်နှာပြင်ဧရိယာက ပိုကြီးသောကြောင့် ပတ်ဝန်းကျင်မှအပူကို ပိုမိုစုပ်ယူသည်။ထို့ကြောင့် ကလေးများ သည် အပူဒဏ်ကို ပိုမိုခံစားရနိုင်ပါသည်။

ကလေးငယ်များတွင်ဖြစ်ပွားသော အပူလွန်ကဲခြင်းလက္ခဏာများ

အပူလွန်ကဲခြင်းသည် မွေးကင်းစကလေးများတွင် ရေဓာတ်ခန်းခြောက်ခြင်းနှင့် ခန္ဓာကိုယ်အပူချိန် မြင့်မားခြင်းကဲ့သို့သော ကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်သည်။ ကလေးများ၏ခန္ဓာကိုယ်သည် အရွယ်ရောက်ပြီးသူများထက် အပူချိန်ထိန်းညှိရာတွင် အခက်အခဲများရှိသဖြင့် အပူဒဏ်မှကာကွယ်ရန် လူကြီးများက ဂရုစိုက်ရန်လိုအပ်သည်။ မွေးကင်းစကလေးများတွင် အပူဒဏ်ကြောင့် ရောဂါပိုးကူးစက် ခံရပြီး သေဆုံးသည်အထိဖြစ်စေနိုင်သည်။ အဝလွန်သောကလေးငယ်များတွင် အထူးဖြစ်နိုင်ခြေရှိသည်။

အပူလွန်ကဲခြင်းကြောင့်    ပြင်းထန်သောလက္ခဏာများခံစားရလျှင် အရေးပေါ်ကုသရန် လိုအပ်ပါသည်။ အပူလွန်ကဲခြင်းကြောင့်ဖြစ်ပွားတတ်သော လက္ခဏာများမှာ မအီမသာဖြစ်ခြင်း သို့မဟုတ် တုံ့ပြန်နိုင် စွမ်းမရှိခြင်း၊ ခန္ဓာကိုယ်အပူချိန်မြင့်မားခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အသက်ရှူမြန်ခြင်း၊ မူးမေ့လဲခြင်း၊ တက်ခြင်းနှင့် သတိလစ်ခြင်းတို့ ဖြစ်ပွားတတ်ပါသည်။  မွေးကင်းစ ကလေးငယ်များတွင် ပြင်းထန်သော အပူလွန်ကဲခြင်းကြောင့် ရေဓာတ်ခန်းခြောက်သော လက္ခဏာများမှာ မျက်တွင်းချိုင့်ခြင်းနှင့် ငယ်ထိပ် ချိုင့်ခြင်း တို့ဖြစ်သည်။

အပူဒဏ်ကာကွယ်ရန် အကြံပြုချက်များ

အပူချိန်မြင့်တက်ခြင်းကြောင့် ဖြစ်စေနိုင်သော ကျန်းမာရေး ပြဿနာများကို ကြိုတင်ကာကွယ်နိုင်စေရန် ပြုလုပ်ဆောင်ရွက်သင့်သော နည်းလမ်းများမှာ-

၁။      ကလေးများကို အပူရှိန်မှသက်သာစေရန် အိမ်၏ အေးမြသောနေရာတွင်ထားပါ။ အိပ်ရာအတွက် ချည်သားအိပ်ရာခင်းများနှင့်    လေဝင်လေထွက်ကောင်းသောခြင်ထောင်ကို အသုံးပြုပါ။

၂။ နွေရာသီတွင် မွေးကင်းစကလေးငယ်များကို အပူဖုများနှင့် အပူလွန်ကဲခြင်း၏ ပြင်းထန်သော လက္ခဏာများမှရှောင်ရှားရန် အနှီးကို ဖြည်းညင်းချောင်ချိစွာထုပ်ပါ။ ကလေးငယ်များအား အရောင် ဖျော့သော  ချည်ထည်အဝတ်အစားများကို   ပွပွချောင်ချောင် ဝတ်ဆင်ပေးပါ။ ပေါ့ပါးပြီး ချောင်သော ဖိနပ်နှင့် ဦးထုပ်များကို ဝတ်ဆင်ပေးပါ။ 

၃။      မွေးကင်းစကလေးများ သို့မဟုတ် ကလေးငယ်များကို လေဝင်လေထွက်မရှိသောနေရာများ (ကား များ၊ အခန်းများ) တွင်ထားခြင်းမှ ရှောင်ကြဉ်ပါ။

၄။      အလွန်ပူပြင်းသောအချိန်တွင် မွေးကင်းစကလေးများကို နေရောင်ခြည်နှင့် တိုက်ရိုက် ထိတွေ့ စေခြင်းမှ ရှောင်ကြဉ်ပါ။

၅။      အသက် ၆ လအောက် ကလေးငယ်များကို မိခင်နို့သီးသန့်တိုက်ကျွေးပါ။ အပူဆုံးနေ့ရက်များတွင် မွေးကင်းစကလေးများကို မိခင်နို့မကြာခဏ တိုက်ပေးပါ။ ရေဓာတ်ခန်းခြောက်ခြင်းကြောင့် မိခင် နို့ထွက်ရှိမှုကို ထိခိုက်နိုင်သဖြင့် နို့တိုက်မိခင်များ ရေများများသောက်သင့်ပါသည်။

၆။ အသက် ၆ လနှင့်အထက် ကလေးများကို အပူရှိန်အန္တရာယ်မှ သက်သာစေရန် တစ်နေ့တာ အတွက် ရေပုံမှန်သောက်ကြောင်းနှင့် ရေငတ်ခြင်း၊ ချွေးထွက်ခြင်း၊ ကိုယ်ပူခြင်း၊ အော့အန်ခြင်း၊ ပါးစပ် ခြောက်သွေ့ခြင်း ရှိ၊ မရှိ  ပုံမှန်စစ်ဆေးပါ။

၇။ ကလေးများကို နေပူသောအခါ အပြင်ဘက်တွင် အချိန်ကြာကြာ ကစားခွင့်မပြုပါနှင့်။  အပြင်ထွက် ကစားသည့်အခါ စောင့်ကြည့်ပြီး မိနစ် ၃၀ ကြာတိုင်းတစ်ကြိမ်ခန့် အနားယူစေသင့်ပါသည်။  ကစားပြီး လျှင် ရေနှင့်အရည်များများ တိုက်ပါ။ မြင့်မားသောအပူချိန်တွင် ကစားခြင်းသည် ခန္ဓာကိုယ်တွင် ရေဓာတ် ခန်းခြောက်ခြင်းနှင့် ဆိုးရွားသောအကျိုးဆက်များကို လျင်မြန်စွာဖြစ်ပေါ်စေနိုင်သဖြင့် ကစားချိန်ကို မွန်းလွဲပိုင်း သို့မဟုတ် မနက်စောစောသို့ ရွှေ့ပါ။

၈။ ကလေးငယ်များ ကစားပြီး ချွေးအလွန်အကျွံထွက်လျှင် ဓာတ်ဆားရည်တိုက်ပါ။ အသက် ၂ နှစ် အောက်ကလေးငယ်သည် ဓာတ်ဆားရည် ၆၀ မီလီလီတာမှ ၁၂၀ မီလီလီတာခန့်အထိ သောက်ရန် လိုအပ်ပြီး အသက် ၂ နှစ်နှင့်အထက် ကလေးငယ်သည် အနည်းဆုံး ၁၂၀ မီလီလီတာမှ ၂၅၀ မီလီလီတာ အထိ သောက်ရန် လိုအပ်ပါသည်။

၉။ မျက်နှာသုတ်ပဝါများ၊ ရေဘူးများ၊ သာမိုမီတာနှင့် ဓာတ်ဆားထုပ်များပါဝင်သော အရေးပေါ်ကိရိယာ အစုံကို အိမ်တွင်ဆောင်ထားပါ။

အပူလွန်ကဲခြင်းကြောင့် ပြင်းထန်သောလက္ခဏာများ

အသက် ၄ နှစ်မှ ၁၄ နှစ်ခန့် ကလေးများတွင် အားကစားလုပ်ပြီးနောက် ကြွက်တက်ခြင်း၊ ခေါင်းကိုက် ခြင်း၊ ပျို့အန်ခြင်း၊ အထူးသဖြင့် လေ့ကျင့်ခန်းလုပ်ပြီးနောက် ပြင်းထန်သော ကြွက်သားနာကျင်ခြင်း တို့သည် အပူလွန်ကဲခြင်း၏လက္ခဏာများ ဖြစ်နိုင်သည်။

မွေးကင်းစနှင့် အသက် ၄ နှစ်အောက်ကလေးငယ်များတွင်  ကိုယ်အပူချိန်မြင့်မားခြင်း၊   ရေဓာတ်ခန်း ခြောက်ခြင်းကြောင့် အနှီးထဲတွင် အပူဖုများထွက်ခြင်း၊  မျက်ရည်မကျဘဲငိုခြင်း၊ ဆီးအထွက်နည်းခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း၊ အလွန်အမင်း စိတ်တိုခြင်းတို့ဖြစ်နိုင်သည်။ မွေးကင်းစကလေးများတွင် အပူလွန်ကဲခြင်းကြောင့် အသားဝါခြင်း၊ ရေဓာတ် ခန်းခြောက်ခြင်း၊ အာရုံကြောဆိုင်ရာ တုံ့ပြန်မှုချို့ယွင်းခြင်းများ ဖြစ်ပေါ်လာနိုင်သည်။   ပြင်းထန်သော ရေဓာတ်ခန်းခြောက်သည့်  လက္ခဏာများဖြစ်သော ပါးချိုင့်ခြင်း၊ မျက်တွင်းချိုင့်ခြင်းနှင့် ငယ်ထိပ်ချိုင့်ခြင်းတို့ဖြစ်လျှင် အရေးပေါ်ကုသမှုလိုအပ်ပါသည်။

ကလေးများကို အရေးပေါ်ပြုစုကုသနည်း

ကလေးကို လေဝင်လေထွက်ကောင်းသည့် အေးမြသော၊ အရိပ်ရှိသောနေရာသို့ ရွှေ့ပါ။ အိမ်တွင် ပန်ကာ သို့မဟုတ် လေအေးပေးစက်ဖွင့်ပါ။ မွေးကင်းစ ကလေးငယ်များ၏ ခန္ဓာကိုယ် အထူးသဖြင့် ဦးခေါင်း၊ လည်ပင်း၊ ချိုင်းကြားနှင့်ပေါင်ခြံတို့တွင် စိုစွတ်သော မျက်နှာသုတ်ပဝါ သို့မဟုတ် ရေအေးဝတ်ဖြင့် ရေဖတ်တိုက်ပေးခြင်း၊ ရေချိုးပေးခြင်းများ ပြုလုပ်ပါ။ မွေးကင်းစနှင့် ကလေးငယ်များကို အလွန်အေး သောရေခဲရေနှင့် ရေမချိုးရပါ။ အထူးသဖြင့် မွေးကင်းစကလေးများ၏ မျက်နှာကို ယပ်တောင်မခတ်ရပါ။ နှာခေါင်းသွေးထွက်နေပါက ဦးခေါင်းကို  ရှေ့သို့  အနည်းငယ်စောင်းပြီး နှာခေါင်း၏ ပျော့ပျောင်းသော အပိုင်းကို ၁၀ မိနစ်ခန့်ညှစ်ပါ။ အေးသောလက်သုတ်ပဝါ သို့မဟုတ် အဝတ်စဖြင့် သွေးမထွက်စေရန် ဖိထားပါ။  ရေဓာတ်ဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းရန်   ရေနှင့်ဓာတ်ဆားများကို တိုက်ပေးပါ။ မွေးကင်းစ ကလေးငယ်များတွင် အပူလွန်ကဲခြင်းကြောင့်   ပြင်းထန်သော လက္ခဏာများကို ခံစားရလျှင် သို့မဟုတ် အပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက်အထက်များလျှင် အိမ်တွင် ပါရာစီတမောနှင့်  တခြားအဖျား ပျောက်ဆေး များ မတိုက်ရပါ။ နီးစပ်ရာဆေးရုံဆေးခန်းသို့ အမြန်ဆုံးပို့ဆောင်ပေးရန်လိုအပ်ကြောင်း   အသိပညာပေး လိုခြင်း ဖြစ်ပါသည်။

ဒေါက်တာသိင်္ဂီကျော်