မိသားစုဝင်ငွေတိုးပွားစေမည့် မိရိုးဖလာရာသီပေါ် သီးနှံစိုက်ပျိုးရေးလုပ်ငန်း

မိသားစုဝင်ငွေတိုးပွားစေမည့် မိရိုးဖလာရာသီပေါ် သီးနှံစိုက်ပျိုးရေးလုပ်ငန်း

စာရေးသူသည် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ကုလားကြီးကုန်းကျေးရွာ သို့ မကြာခဏ အလည်အပတ်ရောက်သွား တတ်သည်။  အဆိုပါကျေးရွာမှ  ရွာသူ၊ ရွာသားများသည်  အညာသူ၊ အညာသား များဖြစ်သည်။ ရှေးယခင်နှစ်ပေါင်းများစွာ က ကုလားကြီးကုန်းရွာသူ၊ ရွာသားစစ်စစ် များ ရှိခဲ့ဖူးသည်။ ထိုရွာသို့ အထက်အညာ ဒေသမှ မိသားစုများရောက်ရှိလာကာ ခြံငှား၍နေထိုင်ကြပြီး ငှားထားသောခြံထဲ တွင်  ရာသီပေါ်သီးနှံများကို  စိုက်ပျိုးကြ သည်။ သို့နှင့် သည်ရွာတွင် ခြံငှားပြီးနေထိုင် စိုက်ပျိုးကြသော  အညာသူ၊  အညာသား များသည်ထက်များလာသည်။  ကာလကြာသော်  ရွာခံရွာသူ၊ ရွာသားများက  တခြား နေရာသို့  ပြောင်းရွှေ့သွားကြပြီး အညာသားအများစု ဖြစ်သွားသည်။

ကုလားကြီးကုန်းကျေးရွာမှ ခြံစိုက်ပျိုးသူ ဦးလှသောင်းနှင့် တွေ့ဆုံစကားပြောဖြစ်ခဲ့ရာ ဦးလှသောင်း သည် မိရိုးဖလာခြံစိုက် ပျိုးရေးလုပ်ငန်းကို ငယ်စဉ်ကတည်းကပင် လုပ်ကိုင်လာခဲ့သူဖြစ်သည်။   ကုလားကြီး ကုန်းကျေးရွာသည် စိုက်ပျိုးရေးလုပ်ငန်းနှင့် ပတ်သက်ပြီး နာမည်ကျော်သည်။ မြေဧက လိုက်ကျယ်ဝန်းသောခြံထဲတွင် ရာသီပေါ် သီးနှံများကို   တစ်နှစ်ပတ်လုံးစိုက်ပျိုးကြ သည်။

သင်္ကြန်ကာလကျော်သည်နှင့် စိုက်ပျိုး ရေးခြံထဲတွင် မြေဘောင်များကို စတင် ပြုပြင်ကြပြီး အမှိုက်၊ နွားချေး၊ မြေဆွေး တို့ကိုစုပုံ၍ မီးရှို့ကြသည်။ အမြင့် ၈ လက်မ၊ အကျယ် ၁၂ လက်မ၊ အလျား ၃၂ ပေရှိသော မြေဘောင်များကို ပြုလုပ် ကြသည်။ ရာသီပေါ်သီးနှံပင်များက သဲနှင့် မြေစေးရောသည့် မြေမည်းကို ပို၍ကြိုက် နှစ်သက်သည်။ မြေကိုမီးရှို့လျှင် မြေစေးက ဖွယ်လာသည်။ စပါးခွံဖွဲမီးနှင့် နာနာမီး တိုက်ပေးလျှင် ပို၍ကောင်းသည်။

အဆိုပါကျေးရွာတွင် မိရိုးဖလာစိုက်ပျိုး နည်းအရ သခွား၊ ခဝဲနှင့် ပဲတောင့်ရှည်ကို တစ်ချိန်တည်း စိုက်ပျိုးကြသည်။ မြေမြောင်း ဘောင်ပေါ်တွင် သခွားမျိုးစေ့တစ်စေ့နှင့် တစ်စေ့ကို နှစ်လက်မခန့်ခွာပြီး ချထားရ သည်။  တစ်ပြိုင်တည်းတွင် ခဝဲမျိုးစေ့ကို တစ်စေ့နှင့်တစ်စေ့ တစ်ပေခြားခွာ၍ ချထား ရသည်။ ထိုနည်းတူစွာပင် ပဲတောင့်ရှည် မျိုးစေ့ကိုလည်း တစ်စေ့နှင့်တစ်စေ့ တစ်ပေ ခြားခွာပြီး  ချထားရသည်။  ထို့နောက် အပေါ်မှ မြေပါးပါးပုံပေးရသည်။ စပါးခွံ ဖွဲကိုလည်း ပါးပါးဖုံးပေးထားရသည်။

မျိုးစေ့ချရာတွင်   မိုးရွာမည့်အချိန်ကို မှန်းဆပြီး မျိုးစေ့များကိုချရသည်။ ဤသည် ကို အခြောက်မျိုးစေ့ ချနည်းဟုခေါ်သည်။ အဆိုပါနည်းသည် ပိုးမကျစေပါ။ မိုးရွာပြီး မှ  မျိုးစေ့ချလျှင်  ပိုးကျစေတတ်သည်ဟု သိရသည်။  မျိုးစေ့များပေါ်သို့  မြေသား ကိုထူထူဖုံးလျှင် အစေ့ပေါက်ရန် မလွယ် ကူပေ။ ထို့ကြောင့် မြေသားကို ပါးပါးဖုံးအုပ် ပေးထားရခြင်းဖြစ်သည်။ မျိုးစေ့ပေါ်တွင် စပါးခွံကို ဖုံးပေးထားခြင်းက မိုးရွာသွန်း လျှင် မိုးဒဏ်ကိုခံနိုင်စေရန်ဖြစ်သည်။

မိုးရွာသွန်းပြီး ခုနစ်ရက်ခန့်ကြာလျှင် မျိုးစေ့များမှ အပင်ပေါက်လာသည်။ ၁၅ ရက်သားတွင် မြေဘောင်ဖို့ ပေးရသည်။

မြေဘောင်မဖို့မီ သခွားပင်နှင့် သုံးလက်မ အကွာတွင် ပုလဲဓာတ်မြေသြဇာနှစ်ဆ၊ လချေးကျောက်မှုန့် တစ်ဆရောပြီး  အပင် တစ်ပင်အနီး၌ ဇွန်းကြီးတစ်ဇွန်းစာထည့် ပေးရသည်။   ကျင်းတစ်ခုနှင့်တစ်ခုကို  ၆ လက်မခန့်ကွာရသည်။ မြေသြဇာထည့်ပြီးလျှင် မြေကိုပြန်ဖို့ပေးရသည်။ အပင်ရင်း၌လည်း မြေဖို့ပေး ရသည်။ မြေမဖို့ပေးပါက မိုးရွာလျှင် အပင်ကျိုးကျသွားတတ်သည်။ ထို့နောက် တန်းသုံးတန်းစီပါ သောတိုင် များကိုစိုက်ထူကာ စင်ပြုလုပ်ပေးရသည်။ လေတိုက်လျှင် လွင့်ကျမသွားစေရန် နှီးဖြင့် ချည်ပေးထားရသည်။

သခွားပင်သည် စတင်စိုက်ပျိုးသည်မှ ရက်ပေါင်း ၄၀ အတွင်း ဆွတ်ခူးနိုင်သည်။ သခွားတစ်ပင်လျှင် ပျမ်းမျှ ၁၀ လုံးခန့်သီး သည်။ ယင်းကျေးရွာတွင် မောင်ရင်ပျို မျိုးနှင့် ရေသွန်းမျိုးဆိုသည့် သခွားနှစ်မျိုး ကို စိုက်ပျိုးကြသည်။ မောင်ရင်ပျိုမျိုးက အလုံးထွားပြီး အသီးနည်းသည်။ ရေသွန်း မျိုးက အရွယ် အစားသေးပြီး အသီးများသည်။ သခွားသီးကို တစ်ရက်ခြား၊ နှစ်ရက် ခြားဆွတ်ခူးပေးရသည်။ မောင်ရင် ပျိုမျိုးက  တစ်ဧကလျှင်   အလုံးရေတစ်သောင်းခန့် သီးသည်။   ရေသွန်းမျိုးက  တစ်ဧကလျှင်  အလုံးရေ နှစ်သောင်းကျော်သီးသည်။

သခွားပင်တစ်ဧကစိုက်၍ ငွေကျပ်တစ်သောင်းကုန်ကျလျှင် သခွားသီးဖိုး ငွေကျပ်ငါးသောင်းခန့်   ပြန်လည်ရရှိသဖြင့် ဝင်ငွေတိုးစေသော သီးနှံတစ်မျိုးဖြစ်သည်။

သခွားသီးကို ကုန်အောင်ဆွတ်ခူး ရောင်းချပြီးသည်နှင့် ခဝဲသီးကို စတင် ဆွတ်ခူး၍ ရောင်းနိုင်သည်။ ခဝဲတွင် အတိုနှင့်အရှည်မျိုးဟူ၍ နှစ်မျိုးရှိသည်။ အရှည်မျိုးက နှစ်ပေခွဲရှိ၍ အတိုမျိုးက တစ်ပေခန့် ရှိသည်။  ခဝဲအရှည်မျိုးက  ဈေးကောင်းရ သော်လည်း အသီးနည်းသည်။ ခဝဲအတို မျိုးက အသီးများသော် လည်း ဈေးကောင်း မရပေ။

ပဲတောင့်ရှည်မျိုးအနေဖြင့် ဆင်လည်ပတ်ပဲနှင့် ဆံတောက်ပဲဟူ၍ မျိုးနှစ်မျိုးရှိ သည်။ ဆင်လည်ပတ်ပဲမှာ ပဲတောင့်ရှည်မျိုး ဖြစ်ပြီး ဆံတောက်ပဲမှာ ပဲတောင့်တိုမျိုးဖြစ်သည်။ တစ်ရက်ခြားနှုန်းဖြင့် ရက် ၂၀ ခန့် ဆွတ်ခူးကြရသည်။

သခွား၊ ခဝဲ၊ ပဲတို့ကို တန်ခူးလတွင် မြေ ပြုပြင်ပြီး ကဆုန်လတွင် စိုက်ပျိုး၍ ဝါခေါင်လတွင် ဆွတ်ခူး နိုင်သည်။ တော်သလင်းလတွင် အပင်ဟောင်းနှင့် မြက်များကိုရှင်း လင်းပြီး မြေကိုပြန်လည်ပြုပြင်၍ ပုံရသည်။ ပုလဲဓာတ်မြေသြဇာနှင့် လချေးကျောက် မှုန့်တို့ကို နှစ်ချိုးတစ်ချိုးရောပြီး ကြဲဖြန့်ရ သည်။

ယင်းအချိန်တွင် စိမ်းစားဥစိုက်ပျိုးကြသည်။ စိမ်းစားဥတွင် နတ်ရွာမျိုး၊ ပြည်မျိုး၊ မုံရွာမျိုး စသည်ဖြင့်  မျိုးကွဲများရှိသည်။ နတ်ရွာမျိုးက အလုံးဝိုင်းပြီး ပုပြားသည်။ ပြည်မျိုးက အလုံးရှည်သည်။ မုံရွာမျိုးက မလုံးမရှည်ဘဲ စောင်းထသည်။

စိမ်းစားဥမျိုးစေ့ကို မြေတစ်ဧကလျှင် နှစ်တင်းခန့်ထည့်ရသည်။ တစ်နေရာနှင့် တစ်နေရာ ၆ လက်မစီ ခြားပြီး သုံးစေ့စီ ချသွားရသည်။ သည့်နောက် အပေါ်မှချဉ် ပေါင်စေ့နှင့် မုန်လာစေ့ကို ခပ်ပါးပါးကြဲရ သည်။ ကောက်ရိုးရိုးပြတ်တို့ဖြင့် အပေါ်မှ လုံအောင်ဖုံးပေးထားရသည်။ မိုးကျလျှင် မျိုးစေ့များ  ဘေးသို့ လွင့်စဉ်မသွား စေရန်ဖြစ်သည်။ ရှစ်ရက်ခန့်ကြာလျှင် အပင်များ ပေါက်လာသည်။ စစိုက်ပြီး ရက်  ၂၀  ကြာလျှင် မုန်လာပင်များကို နုတ်ရောင်းရသည်။ မြေတစ်ဧကလျှင် မုန်လာပင် အစည်းတစ်သောင်း ခန့်ရသည်။ မုန်လာပင်ကို လေးငါးရက်နုတ်ရောင်း၍ ကုန်သည်နှင့် ချဉ်ပေါင်ပင်ကို နုတ်ရောင်း နိုင်သည်။

မုန်လာပင်နှင့် ချဉ်ပေါင်ပင်ရောင်းရငွေ က မုန်လာ၊ ချဉ်ပေါင်၊ စိမ်းစားဥမျိုးစေ့ဖိုး ကို ပြန်ရစေသည်။ သီတင်းကျွတ်လကုန် လျှင် စိမ်းစားဥတူးနိုင်ပြီဖြစ်သည်။ တစ်ဧကလျှင် စိမ်းစားဥပိဿာငါးထောင်ခန့် ထွက်ရှိ သည်။  

ရာသီပေါ်သီးနှံများကို အချိန်အခါကို လိုက်၍ စနစ်တကျဖြစ်ထွန်းအောင် စိုက်ပျိုးလျှင် တစ်ဆရင်းလျှင် ငါးဆခန့်ပြန်ရ သည်။ လုပ်အားတန်ဖိုးကို အပြည့်အ၀ ခံစားရသည်။ စိုက်ပျိုးရေးလုပ်ငန်းသည် လုပ်အားနှင့် စိုက်ပျိုးရေးနည်းပညာကို စနစ်တကျအသုံးချပါက မိသားစုဝင်ငွေ တိုးပွားစေပြီး စားဝတ်နေ ရေး အဆင်ပြေစေသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။      ။

 

ဝင်းဇော်(သုံးဆယ်)