နိုင်ငံတော်အတွက်အဖိုးတန် ဝေဟင်လူငယ်တို့အားမာန်

နိုင်ငံတော်အတွက်အဖိုးတန် ဝေဟင်လူငယ်တို့အားမာန်

ဆောင်းအကုန် နွေအကူး လတန်ခူးသို့ ရောက်ပြန်လေတော့သည်။  စတင် ပူပြင်းလာသော နွေနေပူ၏ အရှိန်ကြောင့် အိမ်ရှေ့တွင်စိုက်ပျိုးထားသော ပိန္နဲပင်မှသစ်ရွက်တို့သည် တဖြုတ်ဖြုတ် ကြွေကျလျက် ရှိသည်။ အိမ်ရှေ့လမ်းမပေါ်တွင် လက်ကြား၌ စီးကရက်ကိုယ်စီညှပ်၍ လမ်းလျှောက်နေသော  အထက်တန်းကျောင်းနေအရွယ် လူငယ်လေးနှစ်ဦးအား တွေ့မြင်လိုက်ရသည်။ မိုက်မဲလှပေသည်။ မိဘများသိပါက မည်မျှပင်စိတ်မကောင်း ဖြစ်ရပေမည်နည်း။ စာမေးပွဲများပြီးဆုံး၍ နွေရာသီ ကျောင်းပိတ်ရက်များ ဖြစ်သောကြောင့်  အချိန်များ ပိုနေကြပုံရသည်။ ထိုလူငယ်လေးနှစ်ဦးအားကြည့်၍ သက်ပြင်းချရင်း မိမိခေါင်းထဲသို့ အတွေးတစ်ရပ် ဝင်လာခဲ့လေတော့သည်။

ရပ်ကွက်တစ်ခုတွင် ထိုကဲ့သို့သောလူငယ်လေးများ မည်မျှရှိမည်နည်း။ မြို့နယ်မှစ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ဆိုပါမူ မည်မျှရှိနေ မည်နည်း။ တွေးရင်းဖြင့် ထပ်မံ ရင်မောလာရသည်။ ကျောင်းဖွင့်ရက်ကာလများတွင် ကျောင်းနေအရွယ်ကလေးများ၊ လူငယ်များသည်  အတန်းပညာများကြိုးစားသင်ကြားကြရင်း ပင်ပန်းခဲ့ကြပေလိမ့်မည်။ နွေရာသီကျောင်းပိတ်ရက် ကာလ အတွင်း ကျောင်းသား၊ ကျောင်းသူလေးများအနေဖြင့် အနားယူသင့်သည်ဆိုသော်လည်း အဖိုးတန် လှသည့် အချိန်တို့အား နည်းလမ်းမကျသည့်ပုံစံဖြင့် ဖြုန်းတီးခြင်းမျိုးမှာ  ဖြစ်သင့်သည်ဟုမယူဆမိ။ ကျောင်းသား၊  ကျောင်းသူ လူငယ်မောင်မယ်လေးများအနေဖြင့် အဆိုပါ  ကျောင်းပိတ်ရက် ကာလ လေးများတွင် အနားယူအပန်းဖြေရင်း မိမိကိုယ်တိုင်အတွက်၊ ပတ်ဝန်းကျင်အတွက်၊ နိုင်ငံတော်အတွက် အစရှိသဖြင့် အချိန်များကို   အကျိုးရှိစွာအသုံးချကြပါမူ  အလွန်ပင်အကျိုးရှိပေလိမ့်မည်။

တစ်ဆက်တည်းထပ်မံစဉ်းစားမိလျက်ရှိသည်။ မိမိတို့အမိမြန်မာနိုင်ငံသည် ၂၆၁၂၂၈ ဧရိယာစတုရန်းမိုင် ကျယ်ဝန်းပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၅ ခုနှင့် ဖွဲ့စည်းတည်ထောင်ထားကာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသားညီအစ်ကိုမောင်နှမ အမျိုးနွယ်စုစုပေါင်း ၁၃၅ မျိုး မှီတင်း နေထိုင်လျက်ရှိကာ သဘာဝသယံဇာတနှင့် တွင်းထွက်ရတနာများ ပေါကြွယ်ဝ၍ လူ့စွမ်းအား အရင်းအမြစ် အနေဖြင့် ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံဖြစ်သည်။ နိုင်ငံတစ်နိုင်ငံသည် သဘာဝသယံဇာတနှင့် တွင်းထွက်ရတနာများ မည်မျှပင်ပေါကြွယ်ဝစေကာမူ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုမရှိလျှင် နိုင်ငံမှာလည်း ဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်ပေ။ မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ ဖွံ့ဖြိုးဆဲနိုင်ငံတိုင်းတွင် တွေ့ကြုံရမြဲဖြစ်သည့် ပြည်တွင်းပြည်ပအဖျက်အမှောင့်များအား ရင်ဆိုင် ရသကဲ့သို့ မိမိတို့နိုင်ငံတိုးတက်ရေးအတွက် နိုင်ငံ၏ အခြေခံလိုအပ်ချက်များထဲမှ နိုင်ငံသားတိုင်း   စာတတ်မြောက်ရေးမှစ၍ ဘက်စုံထူးချွန်ထက်မြက်သည့် လူ့စွမ်းအားအရင်းအမြစ်များ  ပေါ်ထွက် လာရေး ဆိုသည့်အချက်သည် နိုင်ငံတော်နှင့် နိုင်ငံသားတိုင်းအတွက် မဖြစ်မနေ နားလည် သဘောပေါက် ထားရမည့်အချက်ဖြစ်ပြီး သို့မှသာ မိမိတို့ချစ်မြတ်နိုးလှသည့် အမိနိုင်ငံတော်အား မိမိတို့ဉာဏ်ပညာ ခွန်အား တို့ဖြင့် တိုးတက်အောင်ဆောင်ရွက်နိုင်မည်။ ရန်စွယ်မှန်သမျှ ကာကွယ်နိုင်မည်ဖြစ် ပေသည်။

ပညာရေးနှင့်ပတ်သက်၍ မည်မျှအရေးကြီးသနည်းဟုဆိုပါမူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ် ဆောင်ရွက်ထားသည့် ဦးတည်ချက်(၉)ရပ်ထဲမှ လူမှုရေးဦးတည်ချက်တွင်ပါရှိသည့် “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို   မြှင့်တင်ဆောင်ရွက်ရေး” ဆိုသည့် ဦးတည်ချက်အား ထည့်သွင်းထားသည်ကိုကြည့်ခြင်းဖြင့် အတိုင်းသားသိရှိနိုင်ပေသည်။ “ယနေ့လူငယ် နောင်ဝယ်လူကြီး” ဆိုသည့်အတိုင်း  လူငယ်များအနေဖြင့် ကောင်းသည့်အရာကို  အတုယူမိပါက လူ့ဘောင်လောက အကျိုးအတွက် ကောင်းမွန်သော်လည်း မကောင်းသောအရာတွင် စူးစမ်းမိပါက  မိမိ၏ အနာဂတ်နှင့်ဘဝကို ဖျက်ဆီးနင်းခြေပစ်လိုက်သကဲ့သို့ လူ့ဘောင်လောကအတွက် တန်ဖိုးမဲ့ အမှိုက်တစ်စတိုးလာမည်ဖြစ်သည်။

ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကဏ္ဍအသီးသီးတွင်  အကောင်းဆုံး လုပ်ဆောင်ပေးလျက်ရှိပေသည်။ လူငယ်မျိုးဆက်သစ် များ အနေဖြင့် နိုင်ငံတကာကို ရင်ပေါင်တန်းနိုင်ရန်အတွက် အရာရာတွင် စဉ်ဆက်မပြတ် လေ့လာ ဆည်းပူးသိရှိနေဖို့လိုပေသည်။ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် မိမိတို့လူကြီး များအနေဖြင့်  တာဝန်များ ပခုံးပြောင်းထမ်းဆောင်ကြမည့် လူငယ်များအား ပြုစုပျိုးထောင်ပေး ကြရမည်ဖြစ်သကဲ့သို့ လူငယ်များကိုယ်တိုင်ကလည်း ကြိုးစားအားထုတ်ရမည်ဖြစ်သည်။ ပညာဆို သည်မှာ လေ့လာလေနက်ရှိုင်းကျယ်ပြန့်လေဖြစ်သည်။  မိမိကိုယ်တိုင်စိုက်ထုတ်သော ကာယ၊ ဉာဏ စွမ်းအားအပေါ်မူတည်၍ ပိုင်ဆိုင်ရမြဲသာဖြစ်သည်။ အသိပညာနှင့် အတတ်ပညာနှစ်မျိုးပေါင်းစပ်ပြီး ကမ္ဘာ့နိုင်ငံ အသီးသီးနှင့် ရင်ပေါင်တန်းနိုင်သည်အထိ ကျွမ်းကျင်တတ်မြောက်ထားမှသာ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်အား ဆက်လက်တည်ဆောက်နိုင်ပေမည်။

ကမ္ဘာပေါ်ရှိနိုင်ငံအသီးသီးသည် နည်းပညာများ ထွန်းကားသည်နှင့်အညီ နိုင်ငံတော် ကာကွယ်ရေး အတွက် အရေးပါလှသည့် နည်းပညာနယ်ပယ်များထဲမှ လေကြောင်းနှင့် အာကာသသိပ္ပံဆိုင်ရာ နည်းပညာများမှာလည်း အပြိုင်အဆိုင်တီထွင် ဖန်တီးယှဉ်ပြိုင် လျက်ရှိနေကြပေသည်။ မိမိတို့နိုင်ငံ အနေဖြင့်လည်း ကမ္ဘာ့နိုင်ငံများနည်းတူ လေကြောင်းနှင့် အာကာသသိပ္ပံဆိုင်ရာ နည်းပညာများအား စဉ်ဆက်မပြတ် လေ့လာဆည်းပူးလျက် နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ တာဝန်များအား အပြည့်အဝ ကာကွယ်စောင့်ရှောက် ထမ်းဆောင်လျက်ရှိပြီး နောင်အနာဂတ်တွင်လည်း ဆက်လက်၍ ကျေပွန်စွာ ထမ်းဆောင်စေနိုင်ရန်အတွက် မျိုးဆက်သစ်လူငယ်များအား မွေးထုတ်ပေးလျက်ရှိပေသည်။

မိမိတို့မြန်မာနိုင်ငံအနေဖြင့် အနာဂတ်လူငယ်မောင်မယ်များ လေကြောင်းနှင့်အာကာသသိပ္ပံဆိုင်ရာ ပညာရပ်များကို စိတ်ပါဝင်စားမှု ရှိလာစေရေး၊ လေ့လာသင်ယူနိုင်စေရေးအတွက် တပ်မတော်(လေ)မှ အထူးစီမံ ဆောင်ရွက်ပေးလျက်ရှိပေသည်။ ၁၉၅၄ ခုနှစ်မှစတင်၍ လေကြောင်းကင်းထောက်၊ လူငယ် (လေကြောင်း)၊ လေကြောင်းမျိုးဆက်သစ်၊ လေကြောင်းရဲညွန့်လောင်းနှင့် လေကြောင်း လူငယ် အစရှိသဖြင့် သင်တန်းများ အသီးသီးဖွင့်လှစ်ပေးခဲ့ကာ လေကြောင်းနှင့် အာကာသသိပ္ပံဆိုင်ရာ လက်ဆင့်ကမ်း ပညာအမွေများ ပေးအပ်လျက်ရှိပေသည်။ မကြာမီကာလတွင်လည်း အခြေခံ လေကြောင်း လူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၄)ကိုတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် သင်တန်းစခန်းများအလိုက် မျိုးဆက်သစ်လူငယ်မောင်မယ်များအား လေကြောင်းနှင့် အာကာသ သိပ္ပံဆိုင်ရာ ပညာရပ်များ လေ့လာဆည်းပူးခွင့်ရရှိနိုင်ရန်အတွက် တပ်မတော်(လေ)မှ ယခင်ရှိခဲ့ပြီးသော အစဉ်အလာကောင်းများအတိုင်း ဆက်လက်ဖွင့်လှစ်ပေးမည်ဆိုသည့် သတင်းကောင်းအား ကြည်နူးစွာ သိရှိရပြန်ပေသည်။

တပ်မတော်(လေ)မှအခြေခံလေကြောင်း လူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၄)အား  “ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များအနေဖြင့် လေကြောင်းနှင့်အာကာသသိပ္ပံ ဘာသာရပ်များတွင် စိတ်ဝင်စားမှု တိုးပွားလာစေရန်၊ လေယာဉ်ပျံသန်းမှုနှင့် သက်ဆိုင်သော  ပညာရပ်များကို တတ်သိ နားလည်ခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်လာစေရန်၊ စိတ်ဓာတ်၊ စည်းကမ်းနှင့် ကိုယ်လက်ကြံ့ခိုင်မှု ကောင်းမွန်မြင့်မားပြီး စည်းလုံးညီညွတ်စွာ စုပေါင်းဆောင်ရွက်မှု အလေ့အကျင့်ရရှိစေရန်၊ လူငယ်များ၏ ဝါသနာပါရာလေ့ကျင့်မှု တစ်ရပ်အနေဖြင့် မြှင့်တင်ပေးရန်နှင့် မျိုးဆက်သစ် လူငယ်မောင်မယ်များကို ယုံကြည်ချက်၊ ခံယူချက်မြင့်မားမှန်ကန်စေပြီး အနာဂတ် တပ်မတော်နှင့် နိုင်ငံတော်တည်ဆောက်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ် ပေးနိုင်ရန်” ဟူသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ဖွင့်လှစ်သွားမည်ဟု သိရှိရပေသည်။ ဖြူစင်သည့် ရိုးရှင်းသည့် ကောင်းမွန်လှပ၍ စေတနာပါလှသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ပို့ချပေးသည့် သင်တန်းများအား လူငယ်မောင်မယ်များအနေဖြင့် ယခုကဲ့သို့ နွေရာသီကျောင်းပိတ်ရက် ကာလများ အတွင်း တက်ရောက်လေ့လာခြင်းဖြင့် လေကြောင်းနှင့်အာကာသသိပ္ပံဆိုင်ရာပညာရပ်များအား  ထိတွေ့ လေ့လာသိရှိနိုင်သည်သာမက အထွေထွေဗဟုသုတများ၊ ဒေသန္တရဗဟုသုတများ ရရှိသည့်အပြင် လူမှုပေါင်းသင်းဆက်ဆံရေးဆိုင်ရာများ၊ အဖွဲ့အစည်းဖြင့် လုပ်ဆောင်ရသောကိစ္စရပ်များ၊ အတွေ့အကြုံ ကောင်းများ ပိုင်ဆိုင်ကြရမည့် အခွင့်အရေးကြီးတစ်ရပ် ဖြစ်ပေသည်။ သင်တန်းတက်ရောက်ကြမည့်  လူငယ်မောင်မယ်များအနေဖြင့် အဓိပ္ပာယ်ရှိလှသော၊ အဖိုးတန်လှသော  နွေရာသီကျောင်းပိတ်ရက် ကာလများ ဖြစ်ပေလိမ့်မည်။ နောင်တစ်ချိန် အနာဂတ်နိုင်ငံတော်၏ အရေးပါသည့် အခန်းကဏ္ဍများမှ တစ်ခုဖြစ်သည့် လေကြောင်းနှင့် အာကာသသိပ္ပံဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတော်ကာကွယ်ရေးတာဝန် များတွင် မြင့်မားမှန်ကန်သည့် ခံယူချက်၊ ဆုံးဖြတ်ချက်များဖြင့် ဦးဆောင်နိုင်ကြပေမည်။ အလွန် အဖိုးတန်လှသော လူသားအရင်းအမြစ်များဖြစ်ကြပေတော့မည်။

မိမိအနေဖြင့် အနာဂတ်အတွက်ကြိုတင်မြော်တွေး၍ ရည်ရွယ်ချက်ကြီးမားစွာလူငယ်မောင်မယ်များအား လေကြောင်းနှင့် အာကာသသိပ္ပံဆိုင်ရာ ပညာရပ်များအား ဆည်းပူးလေ့လာခွင့်ရရန်အတွက်  အခြေခံ လေကြောင်းလူငယ် သင်တန်းများအား ဖွင့်လှစ်ပို့ချပေးလျက်ရှိသော တပ်မတော်(လေ)အား အထူး ကျေးဇူး ဥပကာရတင်ရှိရပါသည်။ “တိုင်းကားပြည်ရွာ သာကြီးသာအောင် ပညာသတိ လက်ကိုင်ရှိတိုင်း ပြည်ကြီးအကျိုး ဆောင်ရွက်ကြိုး၍ ကျင့်ရိုးအစဉ် မြဲစေယှဉ်လော့” ဟူသည့် မဃဒေဝလင်္ကာအတိုင်း နောင်တစ်ချိန်တွင် “နိုင်ငံတော်အတွက်အဖိုးတန် ဝေဟင်လူငယ်တို့အားမာန်” များဖြစ်လာမည့်  အခြေခံ လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၄)မှ လူငယ်မောင်မယ်သင်တန်းသား၊ သင်တန်းသူလေး များ အား ကြိုဆိုဂုဏ်ပြုလျက်။   ။

ဝသုန်ကျော်ဆွေ