​​​​​​​ဘူးသီးတောင်မြို့ရှိ ယာယီခိုလှုံရာစခန်းများတွင် နေထိုင်လျက်ရှိသော နေရပ်စွန့်ခွာသူ များအား ဆန်အိတ်များထောက်ပံ့

ဘူးသီးတောင်မြို့ရှိ ယာယီခိုလှုံရာစခန်းများတွင် နေထိုင်လျက်ရှိသော နေရပ်စွန့်ခွာသူ များအား ဆန်အိတ်များထောက်ပံ့

နေပြည်တော်၊ ၂၀၂၄ ဧပြီ - ၂၂

AA အကြမ်းဖက်သောင်းကျန်းသူများက ဧပြီလ ၁၂ ရက်နေ့တွင် ကွန်တိုင် ကျေးရွာ၊ ရွက်ညိုတောင်ကျေးရွာနှင့် ဦးလှဖေ ကျေးရွာအတွင်းသို့ အကြောင်းမဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ခြင်းများကြောင့် ကြောက်ရွံ့၍ ရှောင်တိမ်း လာသော ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ ယာယီခိုလှုံရာစခန်း ၃ ခုတွင် ခေတ္တ ခိုလှုံနေထိုင်လျက်ရှိသည့် အိမ်ထောင်စုဝင် ယာယီနေရပ်စွန့်ခွာသူများအား ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါမြို့ရှိ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း၌ ပြုလုပ်ရာ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ယာယီနေရပ် စွန့်ခွာသူ အိမ်ထောင်စုဝင်များ တက်ရောက်ကြသည်။

ထို့နောက် တာဝန်ရှိသူများက ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေး အပ်သည့် အိမ်ထောင်စုတစ်စုလျှင် ဆန်တစ်အိတ်နှင့် တစ်ပြည်နှုန်းဖြင့် အိမ်ထောင်စု ၉၅၅ စုအတွက် ဆန်အိတ် ၁၀၀၀ အိတ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း  သတင်းရရှိသည်။