အောင်ရဲ့အောင်

အောင်ရဲ့အောင်

ယမန်နေ့မှအဆက်

အိမ်ရှေ့ထွက်လာသောအချိန်တွင် သူပြောသလို ဘောက်ချာလည်းမရှာဘဲ “လူရွှန်းဝတ္ထုတိုများ”  ဆိုသည့် အင်္ဂလိပ်ဘာသာနှင့် စာအုပ်တစ်အုပ် အေးအေးဆေးဆေး ထိုင်ဖတ်နေသော ကိုအောင့်ကို လှမ်းမြင်လိုက်တော့ အောင်သည် ကိုအောင့်ကျောကိုရိုက်ရင်း...

“ကိုအောင်နော်...ကိုအောင်၊ ခင်ဗျား ဘာလုပ်တာလဲ၊ တော်တော်လည်တာပေါ့၊ ပညာပြတယ်ဟုတ်လား၊ ပညာ ဒါအကုန် ပဲလား၊ ပညာကုန်ပြီလား”

အောင်က    ဆူဆူညံညံအော်ဟစ်  ရန်ထောင်နေသည်။ ကိုအောင်က တသော သော ရယ်လို့မဆုံး။

ပြီးတော့ အောင်အသည်းယားအောင် အောင့်ကိုမကြည့်ဘဲ    ဆေးလိပ်ကိုသာ တွင်တွင်ဖွာရှိုက်နေသည်။ သိပ်ဆိုးတဲ့ကိုအောင်။

ကိုလတ်နဲ့ ထူးမခြားနားပဲလို့ အောင်က မကျေနိုင်မချမ်းနိုင်ပြောပြီး ကိုအောင့်ကို စားပွဲက ဆေးလိပ်တို တွေကိုကောက်ကာ တစ်လိပ်ပြီးတစ်လိပ် ပစ်ပေါက်နေလိုက်သည်။

ကိုလတ်ကတော့ သူ့သူငယ်ချင်း ကိုအောင့်ကို ပြုံးပြီးငေးကြည့်နေသည်။ ကိုအောင့်ညာလက်မှာတော့ ကိုလတ် ရဲ့ ဖေဗာလူဝါနာရီကို ပတ်ထားဆဲပဲ၊ အမှန်ကတော့ ကိုလတ်ပြန်လာတာ မနေ့က မနက် ကတည်းကပဲ။

နာရီပြန်လည်းမပေးဘဲ ဒီမနက် အောင့် ဆီလာတော့ ယုတ္တိယုတ္တာနှင့် ပတ်လို့နေ လေရဲ့။

အောင့်ကို မလိမ့်တပတ်နဲ့ ပညာပြဖို့ ဒီအထိ ကြိုးစားတာ။

ကိုအောင် တော်တယ်။ တကယ်တော်တယ်။

မနက်စာကို ကိုအောင့်အိမ်မှာပဲ ဝယ် စားကြသည်။

ကိုအောင်က ဒံပေါက်ကို သူ့အိမ်နားက ကလေးတစ်ယောက်ကို ဝယ်ခိုင်းလိုက်သည်။

အခန်း (၃၂)

ဒံပေါက်သုံးထုပ်ကိုဖြေလျက် ပန်းကန် ဆေးနေရမယ်ဆိုကာ ဇလုံကြီးတစ်ခုထဲ စုပြုံထည့်လိုက်သည်။

အောင် တားနေသည့်ကြားထဲက သူ့စိတ်ကူးနှင့်သူ ဇွန်းသုံးချောင်းစိုက်ပြီး သုံးယောက်သားစု စားကြ သည်။

“ဒါ ကောင်းပါတယ်”

ကိုလတ်က သူ့သူငယ်ချင်းကို အားပေးအားမြှောက် ပြုလေသည်။

စားရင်း ကိုအောင်က အသည်းတစ် ဖက်ကို တစ်ဝက်စီခွဲကာ အောင်တစ်ဝက်၊ ကိုလတ် တစ်ဝက် ပေးလိုက်သည်။ အောင် က နည်းနည်းရှက်သွားပြီး မျက်လွှာချကာ အသည်းဖတ်ကို ကိုအောင့်ဘက် ဇွန်းနှင့် ကော်ပြီး ပစ်ပေးလိုက်သည်။

အသည်းဖတ်လေးမှာ အရှိန်လွန်ကာ ဇလုံနှုတ်ခမ်းကကျော်ပြီး ကြမ်းပြင်ပေါ် ကျသွားလေသည်။

ဒါကို ကိုအောင်က နှမြောပါတယ်လေ ဟုပြောပြီး သူပဲကောက်စားလိုက်သည်။

ကိုလတ်က သူ့အသည်းဖတ်ကိုလည်း ကိုအောင့်ဘက်ပေးလိုက်တော့ ကိုအောင် က...

“စားရကံကြုံ မုတ်ဆိတ်ပျားစွဲတာ ငါပဲ စားလိုက်ပါမယ်လေ” လို့ပြောပြီး သူချည်းပဲ စားလိုက်သဖြင့်   အောင်က တသောသော ရယ်မောနေသည်။

ထို့နောက် ကိုအောင်သည် သူဦးအောင် အပြီးစားပြီး ထိုင်ရာမှ ထလိုက်သည်။

သိသားပဲ။

အစားစားရင် ကိုအောင်က ဆိတ်ဝါး သလို မြန်မြန်စားတတ်တာ။

ကိုလတ်က အစာကို ကျေညက်နေ အောင်ဝါးပြီးမှ မျိုချတတ်သည်။

အောင်ကလည်း အစားနှေးသည်။ ဒါကြောင့် နှစ်ယောက်တည်းကျန်ရစ်တာ ပေါ့။

သူ စကတည်းက ဒီအကွက်ကို ထွင်နေတာ အောင်သိတာပေါ့။

သူသာ ကျန်ရစ်ပြီး ကိုအောင်နှင့်အောင်၊ ဒေဝနှင့်အောင် အဲဒီလိုမျိုး နှစ်ယောက်တည်းကျန်ရင်   အောင်ရှက်မှာ မဟုတ်။ ကိုလတ်လည်း အရင်သိစတုန်း ကဆိုရင် အောင်မဖြုံ။ ယခုတော့ အောင် မှာ ရှက်ရပြန်ချေပြီ။

သည်ကြားထဲ ကိုအောင်က ကက်ဆက်မှ တိပ်တွေကို ဟိုကလိ သည်ကလိလုပ်ပြီးမှ သူဖွင့်လိုက်တဲ့ နေရာကို ကြည့်ပါဦး။

သီချင်းက တစ်ပိုင်းတစ်စတွင်...

စက္ကန့်တစ်ရွေးသားတောင်မှ အဝေး မခံနိုင်သလို ပန်းကန်တစ်ချပ်ကို နှစ်ယောက်အတူစား၊ တစ်လံ မှတ်သလို ဒီလောက်အပူပွား... မှန်တမ်းနော် မရှက်နိုင်တော့သကို...   ပန်းကန် နှုတ်ခမ်းပေါ် တက်ထိုင် တော့မလို...ကျွန်မတို့ တူနှစ်ကိုယ်...  အစစ တစ်မူပို...  တူနှစ်ကိုယ် တွေ့ကတည်းကဆို...    တစ်သက်နောင် မမှားအောင် မျက်တောင်များတောင် မခတ်မိသလိုပဲဆို။

ကိုလတ်က ထမင်းကို တအိအိစားနေ ရာက အောင့်ကို စိုက်ကြည့်ပြီး ပြုံးနေတာကို အောင်မှာ မကြည်နူးနိုင်ဘဲ စားနေရာမှ ကပျာကယာထပြီး လက်ဆေးပြီးတာနဲ့ တစ်ပြိုင်နက် အောင့်မှာ ကက်ဆက်ဆီကို ကမန်းကတန်းပြေးလာပြီး ပိတ်လိုက်သည်။    

ဆက်လက်ဖော်ပြပါမည်။