နေပြည်တော်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တက်ရောက်

 

နေပြည်တော်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တက်ရောက်

 

နေပြည်တော်  ဧပြီ  ၂၂

    ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး  အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင်   နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြည်သူများယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို စနစ်တကျလိုက်နာ ဆောင်ရွက်ရေးအတွက်  အသိပညာပေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားကြစေလိုကြောင်း၊ လမ်းညွှန်လမ်းအမှတ်အသားများနှင့်  အချက်ပြများကို ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ  စနစ်တကျ လိုက်နာဆောင်ရွက်ကြစေရေး ဌာနဆိုင်ရာများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက  နေပြည်တော်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေ၊ လမ်းညွှန်လမ်းအမှတ်အသားများနှင့် အချက်ပြများ စိုက်ထူထားမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့် ပတ်သက်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍  နေပြည်တော်ကောင်စီ ဥက္ကဋ္ဌသည်  နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် နွေစပါး၊ နွေသီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေး   လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တက်ရောက်အမှာစကား ပြောကြားသည်။

ယင်းနောက် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌများက နေပြည်တော်အတွင်း နွေစပါး၊ နွေသီးနှံ ထုတ်လုပ်မှုတိုးတက် မြင့်မားရေးဆောင်ရွက်နေမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေ၊ စိုက်ပျိုးရေပေးဝေနေမှု အခြေအနေနှင့် တောင်သူများအား အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို   သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့် ပတ်သက်၍ လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် MSME လုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ပြီး အမှာစကား ပြောကြားသည်။

ယင်းနောက် နေပြည်တော် MSME အေဂျင်စီ ဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက နေပြည်တော်အတွင်း MSME  လုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍ   ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို လည်းကောင်း၊ ဌာနဆိုင်ရာများက နေပြည်တော်အတွင်း MSME  လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို လည်းကောင်း ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။