အီရတ်က ဆီးရီးယားရှိ အမေရိကန်တို့၏ စစ်စခန်းတစ်ခုကို ဒုံးများဖြင့် တိုက်ခိုက်
အီရတ်က ဆီးရီးယားနိုင်ငံရှိ အမေရိကန် စစ်စခန်းတစ်ခုကို ဒုံးများဖြင့် တိုက်ခိုက်ကြောင်း အီရတ်နှင့် အမေရိကန်တာဝန်ရှိ သူများက ပြောသည်။
အီရတ်တို့က အဆိုပါတိုက်ခိုက်မှုကို ဧပြီလ ၂၁ ရက်တွင် လုပ်ဆောင်ခြင်းဖြစ်ကြောင်းနှင့် ဆီးရီးယားနှင့်နယ်စပ်ရှိ ဇွန်မာမြို့မှနေ၍ တိုက်ခိုက်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် မဟာမိတ်တပ်များ အခြေစိုက်ရာ စစ်စခန်းမှ မည်သူမျှ ထိခိုက်ဒဏ်ရာရခြင်းမရှိကြောင်း အမည် မဖော်လိုသူ အမေရိကန်တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုတိုက်ခိုက်မှုသည် ဖေဖော်ဝါရီလအတွင်း အမေရိကန်စစ်စခန်းများ တိုက်ခိုက် ခံရမှုပြီးနောက် ပထမဆုံး အကြိမ်လည်းဖြစ်သည်။
ဒုံးဖြင့်ပစ်ခတ်သည်ဟု ယူဆရသောနေရာတစ်ဝိုက်တွင် ရှာဖွေရေး အဖွဲ့များက အသေးစား ထရပ်ကားတစ်စီးကို တွေ့ရှိကြောင်း၊ ထိုထရပ်ကား၏နောက်တွင် ဒုံးပစ်လောင်ချာတစ်ခုတပ်ဆင်ထားကြောင်း တာဝန်ရှိသူများက ပြောသည်။
အီရတ်ဝန်ကြီးချုပ် မိုဟာမတ်ရှီယာအယ်ဆူဒါနီက အမေရိကန်နိုင်ငံသို့ သွားကာ သမ္မတဂျိုးဘိုင်ဒင်နှင့် တွေ့ဆုံ၍ ပြန်လာပြီးနောက်တစ်ရက်တွင် ယခုကဲ့သို့ တိုက်ခိုက်မှုဖြစ်ပွားခြင်း ဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုပြီးနောက် ဧပြီလ ၂၂ ရက်တွင် တယ်လီဂရမ်ရှိ ဟစ်ဇဘိုလာ ဘက်တော်သားများက ထိုတိုက်ခိုက်မှုသည် အစပိုင်းသာ ရှိသေးကြောင်း မှတ်ချက်ပြုပြောထားသည်ကိုတွေ့ရသည်။
အမေရိကန်က အီရတ်နိုင်ငံအတွင်း စစ်ဆင်ရေးပြီးဆုံးကြောင်း ကြေညာသည့် ၂၀၂၁ ခုနှစ်နောက်ပိုင်း အီရတ်စစ်သည်များကို လေ့ကျင့်ပေးရေးနှင့် ကူညီပေးရေးဟုဆိုကာ စစ်သည် ၂၅၀၀ ကို ဆက်လက်တပ်စွဲထားသေးကြောင်း သိရသည်။