ဟားမတ်တို့၏ တိုက်ခိုက်မှုကို ဟန့်တားနိုင်ရန် ပျက်ကွက်မှုအတွက် အစ္စရေးထောက်လှမ်းရေးမှူးချုပ် နုတ်ထွက်

 

ဟားမတ်တို့၏ တိုက်ခိုက်မှုကို ဟန့်တားနိုင်ရန် ပျက်ကွက်မှုအတွက် အစ္စရေးထောက်လှမ်းရေးမှူးချုပ် နုတ်ထွက်

 

    ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် ဖြစ်ပွား သော   ဟားမတ်တို့၏ တိုက်ခိုက်မှုကိုဟန့်တားနိုင်ရန် ပျက်ကွက်မှုအတွက် အစ္စရေးထောက်လှမ်းရေးမှူးချုပ်က    ရာထူးမှနုတ်ထွက်လိုက်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်တွင် ဟားမတ်တို့တိုက်ခိုက်မည့် ထောက်လှမ်းရေး သတင်းကိုရရှိအောင် ဆောင်ရွက်ရန် ထောက်လှမ်းရေးဌာန အနေဖြင့် တာဝန်ပျက်ကွက်ခဲ့သည့် အတွက် အစ္စရေးတပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးက ဧပြီလ ၂၂ ရက်တွင်  ရာထူးမှ နုတ်ထွက်ခြင်းဖြစ်ကြောင်း အစ္စရေးတပ်မတော်က ထုတ်ပြန်ထားသည်။

     ဟားမတ်တို့သည်  အောက်တိုဘာလ ၇ ရက်တွင် အစ္စရေးနိုင်ငံအတွင်းသို့ ဒုံးများ ဖြင့်ပစ်ခတ်ခြင်း၊   နယ်စပ်ကိုချိုးဖောက် ဝင်ရောက်ခြင်း၊ အရပ်သားများကို တိုက်ခိုက်ခြင်း၊ ပြန်ပေးဆွဲခြင်းများ လုပ်ဆောင်သည့်အတွက် အစ္စရေးနိုင်ငံသား  ၁၂၀၀  ခန့်သေဆုံးခဲ့ရသည်။

   ထို့နောက် အစ္စရေးက လက်တုံ့ပြန် တိုက်ခိုက်မှုများ လုပ်ဆောင်ရာ ဂါဇာကမ်းမြောင်ဒေသ၌ လူပေါင်း ၃၄၀၀၀ ကျော် သေဆုံးသည်။

    အစ္စရေးနှင့်ဟားမတ်တို့ကြား  အပစ်အခတ်ရပ်စဲမှုများ အကြိမ်ကြိမ်ရရှိခဲ့သော်လည်း ယနေ့အချိန်အထိ ဟားမတ်တို့ လက်တွင်း၌   အစ္စရေးဘက်မှ ဓားစာခံ အယောက် ၁၀၀ ခန့်ကျန်ရှိနေသေးသည်။

    ဧပြီလ ၇ ရက်တွင် ကိုင်ရိုမြို့၌ အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးမှုများ လုပ်ဆောင်ရာ  ဟားမတ်တို့က  အစ္စရေး ဓားစာခံအယောက် ၄၀ ကိုလွှတ်ပေးရန်၊   အစ္စရေးဘက်က  ပါလက်စတိုင်း အကျဉ်းသား ၉၀၀ ကို လွှတ်ပေးရန် အဆိုတင်သွင်းမှုအပေါ် ဆွေးနွေးမှုများ လုပ်ဆောင်သည်။

   သို့သော် ဟားမတ်အဖွဲ့က ထိုသို့အဆိုတင်သွင်းမှုကို လက်မခံဘဲ ၎င်းတို့ကိုယ်တိုင်ရေးဆွဲထားသည့် ဒေသတွင်း ထာဝရပဋိပက္ခချုပ်ငြိမ်းရေး အစီအစဉ်ကို သီးသန့်တင်သွင်းမည်ဟုပြောထားကြောင်း သိရသည်။