၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့စစ်အသုံးစရိတ်က သမိုင်းတစ်လျှောက် အမြင့်ဆုံးအဖြစ် ဒေါ်လာ ၂၄၄၃ ဘီလီယံ အထိရှိ

 

၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့စစ်အသုံးစရိတ်က သမိုင်းတစ်လျှောက် အမြင့်ဆုံးအဖြစ် ဒေါ်လာ ၂၄၄၃ ဘီလီယံ အထိရှိ

 

    ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့စစ်အသုံးစရိတ်က သမိုင်းတစ်လျှောက် အမြင့်ဆုံးအဖြစ် ဒေါ်လာ  ၂၄၄၃  ဘီလီယံအထိရှိကြောင်း စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနဌာနက ဧပြီလ ၂၂ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါစစ်အသုံးစရိတ်သည် ၂၀၂၂ ခုနှစ်ကထက် ၆  ဒသမ  ၈ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း၊ စစ်အသုံးစရိတ်အမြင့်ဆုံး အသုံးပြုသည့်နိုင်ငံများမှာ အမေရိကန်၊ တရုတ်နှင့်ရုရှားတို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထား သည်။

“ကမ္ဘာ့စစ်အသုံးစရိတ်က ကိုးနှစ်ဆက် တိုက်မြင့်တက်လာပြီး ပြီးခဲ့တဲ့နှစ် အသုံးစရိတ်ကတော့ သမိုင်းတစ်လျှောက် စံချိန်တင်လောက်အောင်ကို အမေရိကန်ဒေါ်လာ ၂၄၄၃ ဘီလီယံအထိရှိပါတယ်” ဟု ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်ကိုတွေ့ရသည်။

ထိုစစ်အသုံးစရိတ်များအနက်  အမေရိကန်နိုင်ငံက   ၃၇   ရာခိုင်နှုန်းဖြစ်သော ဒေါ်လာ ၉၁၆ ဘီလီယံကို လည်းကောင်း၊ တရုတ်က ၁၂ ရာခိုင်နှုန်းအဖြစ် ဒေါ်လာ ၂၉၆ ဘီလီယံကို လည်းကောင်း၊ ရုရှားက ၄ ဒသမ ၅ ရာခိုင်နှုန်းအဖြစ် ဒေါ်လာ ၁၀၉ ဘီလီယံကို လည်းကောင်း အသုံးပြုထားခြင်းဖြစ်သည်။

ယူကရိန်းနိုင်ငံကမူ  ကမ္ဘာပေါ်တွင် ရှစ်နိုင်ငံမြောက် စစ်အသုံးစရိတ် အမြင့်ဆုံး အသုံးပြုသူဖြစ်ပြီး ၂၀၂၂ ခုနှစ်ကထက် ၅၁ ရာခိုင်နှုန်းတိုးမြှင့်ကာ ဒေါ်လာ ၆၄ ဒသမ   ၈   ဘီလီယံ အသုံးပြုထားသည်။ အဆိုပါပမာဏသည် အစိုးရအသုံးစရိတ် စုစုပေါင်း၏ ၅၈ ရာခိုင်နှုန်းရှိသည်။

အလားတူ အရှေ့အလယ်ပိုင်းဒေသကလည်း စစ်အသုံးစရိတ် ၉ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲလာသည်။    ၎င်းတို့အနက် အစ္စရေးနိုင်ငံ၏ အသုံးစရိတ်မှာ ဒေါ်လာ ၂၇ ဒသမ ၅ ဘီလီယံရှိသည့်အတွက် ၂၀၂၂ ခုနှစ်ကထက် ၂၄ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲလာကြောင်း တွေ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။