ကိုဗင်ထရီအသင်းကို ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရရှိပြီး မန်ယူအသင်း အက်ဖ်အေဖလားပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်

 

ကိုဗင်ထရီအသင်းကို ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရရှိပြီး မန်ယူအသင်း အက်ဖ်အေဖလားပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်

 

    အက်ဖ်အေဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ် အဖြစ် မန်ယူအသင်းနှင့် ကိုဗင်ထရီအသင်းတို့ကစားရာ  မန်ယူအသင်းက ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် ပွဲစကတည်းက မန်ယူအသင်းက ခြေစွမ်းပိုင်း အသာစီးဖြင့် ကစားနိုင်ခဲ့ပြီး ပွဲချိန် ၂၃ မိနစ်တွင် တွမ်မီနေးက ဦးဆောင်ဂိုး စတင်သွင်းယူနိုင်ကာ ပွဲချိန် ၄၅ မိနစ်တွင် မက်ဂွိုင်ယာက  ဒုတိယဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့သည့်အတွက် ပထမပိုင်းပြီးဆုံးချိန်တွင်  မန်ယူအသင်းက ၂ ဂိုး-ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ဒုတိယပိုင်းပြန်လည် စတင်ချိန်တွင်လည်း မန်ယူအသင်းက     ဆက်လက်ဖိအားပေး ကစားနိုင်ခဲ့ကာ ပွဲချိန် ၅၈ မိနစ်တွင် ဖာနန်ဒက်စ်က  မန်ယူအသင်း အတွက်  တတိယဦးဆောင်ဂိုး သွင်းယူနိုင်ပြီးနောက် မန်ယူအသင်းအနေဖြင့် ပွဲကို ထိန်းချုပ်ကစားရန် ကြိုးပမ်းခဲ့သည်။

မန်ယူအသင်းက ပွဲကိုထိန်းချုပ် ကစားရန် ကြိုးပမ်းခဲ့သည့်အချိန်တွင်     ကိုဗင်ထရီအသင်းက  တရစပ်တိုက်စစ်မြှင့် ဖိအားပေးကစားခဲ့ရာမှ  ပွဲချိန်  ၇၁ မိနစ်တွင် ဆီမက်၊ ပွဲချိန် ၇၉ မိနစ်တွင် အိုဟာရာနှင့် ပွဲချိန်   ၉၅   မိနစ်တွင်   ပယ်နယ်တီမှတစ်ဆင့်   ဝီရိုက်တို့က ကိုဗင်ထရီအသင်းအတွက် သွင်းဂိုးများ သွင်းယူနိုင်ခဲ့ပြီး  ပွဲပြီးဆုံးချိန်တွင် သုံးဂိုးစီ သရေရလဒ် ဖြစ်နေခဲ့သည်။

ဆက်လက်၍  အချိန်ပို  မိနစ်  ၃၀  ကစားရာ နောက်ဆုံးမိနစ်တွင် ကိုဗင်ထရီအသင်းက အနိုင်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း လူကျွံဘောကြောင့် မန်ယူအသင်း သက်သာရာရခဲ့ပြီး    ပယ်နယ်တီကန်သွင်းခဲ့ရာတွင် မန်ယူအသင်းက  တစ်ကြိမ်လွဲချော်ခဲ့ကာ ကိုဗင်ထရီအသင်းက နှစ်ကြိမ်လွဲချော်ခဲ့သည့်အတွက် မန်ယူ အသင်းက အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။

မန်ယူအသင်းသည် ဗိုလ်လုပွဲတွင်  မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းနှင့် မေလ ၂၅ ရက်တွင် ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်း သိရသည်။