၂၀၂၄ ခုနှစ် ပါကစ္စတန်နိုင်ငံ အထွေထွေရွေးကောက်ပွဲ

 

၂၀၂၄ ခုနှစ် ပါကစ္စတန်နိုင်ငံ အထွေထွေရွေးကောက်ပွဲ

 

နိဒါန်း

ပါကစ္စတန်နိုင်ငံတွင် ဝန်ကြီးချုပ်ဟောင်း Shehbaz Sharif  ဦးဆောင်သော အစိုးရအဖွဲ့သည် သက်တမ်းမကုန်ဆုံးမီ ၂၀၂၃ ခုနှစ် သြဂုတ်လ ၈ ရက်နေ့၌ လွှတ်တော် ဖျက်သိမ်းခဲ့ပြီးနောက်  Baluchistan Awami Party (BAP) ပါတီမှ အထက်လွှတ်တော်အမတ် Anwarul Haq Kakar ဦးဆောင်သော အိမ်စောင့်အစိုးရသည် နိုင်ငံတော်တာဝန်ကို လွှဲပြောင်းရယူခဲ့သည်။

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း နိုင်ငံရေး မတည်ငြိမ်မှုများ၊ ပဋိပက္ခများ ပေါ်ပေါက်ခဲ့ပြီး ပါကစ္စတန်နိုင်ငံတစ်ဝန်း ဖိအားမျိုးစုံဖြင့် ရင်ဆိုင်ခဲ့ရသည်။ တာဝန်အရှိဆုံး အဖွဲ့အစည်းဖြစ်သည့် အစိုးရအဖွဲ့အနေဖြင့် ဖြစ်ပေါ်နေသည့်  အခြေအနေ အရပ်ရပ်ပေါ်တွင် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် ဆောင်ရွက်နိုင်စွမ်း မရှိတော့ဘဲ လူမှုစီးပွားဘဝ ကွာခြားမှုများ အလွန်အမင်း ကြီးထွားလာခဲ့ရသည်။ ထိုကဲ့သို့သော နိုင်ငံတစ်ဝန်း အကြမ်းဖက် လှုပ်ရှားမှုများဖြင့် ကြုံတွေ့နေရသည့် ပါကစ္စတန်နိုင်ငံတွင်  ငါးနှစ်ကြာ သက်တမ်းရှိသည့် အစိုးရသစ်တစ်ရပ်အား ဖွဲ့စည်းပေးနိုင်မည့် အထွေထွေရွေးကောက်ပွဲကြီးကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ပြီးစီးခဲ့ပြီ ဖြစ်သည်။

၂၀၁၈ ခုနှစ်  ရွေးကောက်ပွဲမှသည် ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲဆီသို့ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၁)ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲ၌ နာမည်ကျော် နိုင်ငံ့လက်ရွေးစင် ခရစ်ကတ်ကစားသမားဟောင်း   Imran  Khan \  Pakistan Tehreek-e-Insaf (PTI)က ကိုယ်စားလှယ်နေရာ ၁၅၆ နေရာဖြင့် အများဆုံး အနိုင်ရရှိခဲ့ပြီး ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ခဲ့သည်။ ယင်းနောက် ၂၀၁၈ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့တွင်   ဝန်ကြီးချုပ်အဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရပြီး ၂၀၂၂ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင်မူ လွှတ်တော်၌ အယုံအကြည်မရှိ တင်သွင်း၍ ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။

ယင်းနောက် Pakistan Muslim League-Nawaz (PML-N) ပါတီမှ Shahbaz Sharif အား ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခဲ့ကြသည်။ ဝန်ကြီးချုပ် Sharif  သည် ၂၀၂၃ ခုနှစ်  သြဂုတ်လ ၁၂ ရက်နေ့တွင် လွှတ်တော်သက်တမ်း   ပြည့်မြောက်မည်ဖြစ်သည့်အတွက် အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရေး သမ္မတ Arif Alvi  ၏ ခွင့်ပြုချက်ဖြင့် လွှတ်တော်အား ၂၀၂၃ ခုနှစ် သြဂုတ်လ ၉ ရက်နေ့တွင် ဆောလျင်စွာ ဖျက်သိမ်းခဲ့သည်။ လွှတ်တော်ဖျက်သိမ်းပြီးနောက် Baluchistan Awami Party (BAP)  ပါတီမှ အထက်လွှတ်တော်အမတ် Anwarul Haq Kakar  ဦးဆောင်သော အိမ်စောင့်အစိုးရသည် နိုင်ငံတော်တာဝန်ကို လွှဲပြောင်းရယူခဲ့သည်။

လွှတ်တော်ဖျက်သိမ်းပြီးနောက် ရက်ပေါင်း ၉၀ အတွင်း ရွေးကောက်ပွဲ ကျင်းပပြုလုပ်ရမည်ဖြစ်သော်လည်း နောက်ဆုံးကောက်ယူခဲ့သည့်  သန်းခေါင်စာရင်းပေါ် မူတည်၍ မဲဆန္ဒနယ်ခွဲဝေ သတ်မှတ်ရမည် ဖြစ်သည့်အတွက် အချိန်မလုံလောက်၍ ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက်ကို ရွှေ့ဆိုင်းသတ်မှတ်ခဲ့ရသည်။

ပါကစ္စတန်  ရွေးကောက်ပွဲ ကော်မရှင်သည် ရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပရန် ကနဦးကြေညာ ထားခဲ့သော်လည်း နှစ်ကြိမ်တိုင်တိုင် ရွှေ့ဆိုင်းခဲ့ရာ ပထမအကြိမ်အဖြစ် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ပထမပတ်အတွင်းသို့ လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ဖေဖော်ဝါရီလ ၈ ရက်နေ့သို့ လည်းကောင်း ပြောင်းလဲသတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် ကြေညာခဲ့ခြင်းဖြစ်သည်။

ပါကစ္စတန်ရွေးကောက်ပွဲ ကော်မရှင် (ECP)

    ပါကစ္စတန်ရွေးကောက်ပွဲ ကော်မရှင်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ   ဖွဲ့စည်းထားသည့် အစိုးရလက်အောက်ခံ အမြဲတမ်း အဖွဲ့အစည်းတစ်ရပ်ပင် ဖြစ်သည်။ သမ္မတရွေးကောက်ပွဲ အပါအဝင် ပါကစ္စတန်နိုင်ငံတွင် ကျင်းပလျက်ရှိသည့် ရွေးကောက်ပွဲများကို တာဝန်ယူဆောင်ရွက်ပေးရသည်။ ၁၉၅၆ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။

ECP  ကို ဥက္ကဋ္ဌတစ်ဦးနှင့် အငြိမ်းစားတရားသူကြီး ၄ ဦးတို့ဖြင့် ဖွဲ့စည်းထားသည်။ လက်ရှိဥက္ကဋ္ဌမှာ Sikandar Sultan Raja ဖြစ်သည်။ ပါကစ္စတန် ရွေးကောက်ပွဲကော်မရှင်ရုံးကို ညွှန်ကြားရေးမှူးချုပ်က တာဝန်ခံဆောင်ရွက်သည်။

ပါကစ္စတန်လွှတ်တော်

    ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးသော ပါကစ္စတန်နိုင်ငံတွင် ဖက်ဒရယ်ဥပဒေပြု လွှတ်တော်အတွက် အထွေထွေရွေးကောက်ပွဲကို ငါးနှစ်လျှင်တစ်ကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်ပေသည်။

ပါကစ္စတန်လွှတ်တော်ကို ကိုယ်စားလှယ်နေရာ ၃၃၆ နေရာဖြင့် ဖွဲ့စည်းထားပြီး ကိုယ်စားလှယ်နေရာ ၂၆၆ နေရာကို မဲဆန္ဒနယ် တစ်နယ်လျှင် ကိုယ်စားလှယ်လောင်း တစ်ဦးနှုန်းဖြင့်   တိုက်ရိုက်ရွေးကောက် တင်မြှောက်ခြင်းဖြစ်သည်။ ကျန်ကိုယ်စားလှယ် ၇၀ နေရာသည် သီးသန့်သတ်မှတ်ပေးထားသည့် ကိုယ်စားလှယ်နေရာများဖြစ်ပြီး အမျိုးသမီးကိုယ်စားလှယ်များအတွက် ၆၀ နေရာနှင့် မူဆလင်မဟုတ်သူများ အတွက် ၁၀ နေရာတို့ပင်ဖြစ်သည်။ ယင်းသီးသန့်ကိုယ်စားလှယ်နေရာများသည် လွှတ်တော်တွင်း ပါတီတစ်ခုချင်းစီအလိုက်    ရရှိသည့်အင်အား အနည်းအများအပေါ် မူတည်၍ ခွဲဝေရရှိခြင်းဖြစ်သည်။ ရွေးကောက်ပွဲတွင်အနိုင်ရရှိသည့်  တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် များသည်   ရွေးကောက်ပွဲပြီးနောက်  မိမိကြိုက်နှစ်သက်ရာ ပါတီသို့ ဝင်ရောက်နိုင်ခွင့်ရှိသည်။

ဝန်ကြီးချုပ်ရွေးချယ်ခြင်း

    ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များမှ လွှတ်တော်တွင် မဲပေး၍ ဝန်ကြီးချုပ်ကို ရွေးချယ်သည်။

ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းသည် လွှတ်တော်တွင်း ထောက်ခံမဲအနည်းဆုံး ၁၆၉ မဲ လိုအပ်ပေသည်။ လွှတ်တော်တွင်း မည်သည့် ကိုယ်စားလှယ်မျှ လိုအပ်သည့်ထောက်ခံမဲ မရရှိပါက ကိုယ်စားလှယ်အများဆုံး အနိုင်ရရှိထားသည့် ပါတီသည် အခြားသောပါတီများနှင့်ညှိနှိုင်း၍ ညွန့်ပေါင်း ဖွဲ့စည်းရသည်။ ပြည်နယ်အဆင့်၌လည်း အလားတူ ဆောင်ရွက်၍ ပြည်နယ်ဝန်ကြီးချုပ်ရွေးချယ်ကာ ပြည်နယ်အစိုးရ ဖွဲ့စည်းခြင်းဖြစ်သည်။

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ

လူဦးရေ ၂၄၁ သန်းခန့်ရှိသည့် ပါကစ္စတန်နိုင်ငံတွင် အသက် ၁၈ နှစ်ပြည့်မီသည့် မဲပေးပိုင်ခွင့်  ရှိသူပေါင်း ၁၂၈ သန်းခန့်ရှိရာ ၂၀၂၄ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပေါင်း ၆၀ ဒသမ ၆ သန်း ကျော် လာရောက်မဲပေးခဲ့ပြီး မဲပေးသူရာခိုင်နှုန်း ၄၇ ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့သည်။  ၂၀၁၈ ခုနှစ်တွင် မဲပေးသူ  ရာခိုင်နှုန်း ၅၂ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့သည့်အတွက် ၂၀၂၄ ခုနှစ်  ရွေးကောက်ပွဲသည် ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲထက် မဲပေးသူရာခိုင်နှုန်း လျော့ကျခဲ့ပေသည်။ မဲပေးမှုရာခိုင်နှုန်း ၅၀ ရာခိုင်နှုန်း မကျော်လွန်ရခြင်းမှာ နိုင်ငံတစ်ဝန်း ဖြစ်ပွားလျက်ရှိသည့် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် အကြမ်းဖက် ဖြစ်စဉ်များကြောင့်ပင်ဖြစ်သည်။

ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီများ

    ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၄၄ ပါတီမှ ကိုယ်စားလှယ်လောင်း ၅၁၂၁ ဦးတို့သည် ဖက်ဒရယ်လွှတ်တော်အတွက် လည်းကောင်း၊ ကိုယ်စားလှယ်လောင်း ၁၂၆၉၅ ဦးတို့သည် ပြည်နယ်ဥပဒေပြု လွှတ်တော်များအတွက် လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ပါကစ္စတန်နိုင်ငံတွင် အဓိကအင်အားကြီး ပါတီ ၃ ပါတီရှိပြီး Pakistan Muslim League-Nawaz (PML-N)ပါတီ၊   Pakistan People's Party (PPP) ပါတီနှင့်  Pakistan Tehreek-e-Insaf (PTI) ပါတီတို့ပင်ဖြစ်သည်။

Pakistan Muslim League-Nawaz (PML-N)ပါတီ

PML-N ပါတီသည် ရွေးကောက်ပွဲတွင် ရေပန်းအစားဆုံး ပါတီဖြစ်ပြီး အသက် ၇၄ နှစ်အရွယ်ရှိ ဝန်ကြီးချုပ်ဟောင်း Nawaz Sharif  နှင့် ၎င်း၏ ညီဖြစ်သူ ဝန်ကြီးချုပ်ဟောင်း Shehbaz Sharif  တို့၏ပါတီပင်ဖြစ်သည်။ PML-N ပါတီ ကို ၁၉၉၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း  Nawaz  Sharif    သည် ဝန်ကြီးချုပ်အဖြစ် ၃ ကြိမ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး ပါကစ္စတန်နိုင်ငံတွင် ဝန်ကြီးချုပ်တာဝန် အရှည်ကြာဆုံး ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၎င်း၏ ဝန်ကြီးချုပ် တတိယသက်တမ်း ထမ်းဆောင်နေချိန် ၂၀၁၇ ခုနှစ်တွင် ပနားမားပြဿနာနှင့် စပ်လျဉ်း၍ ရာထူးမှဖယ်ရှားခံခဲ့ရပြီး ၂၀၁၈ ခုနှစ်တွင် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံခဲ့ရသည်။ အဆိုပါအကျင့်ပျက် ခြစားမှု စွဲချက်များ၏ ပြစ်ဒဏ်ရှောင်ရှားရန် နိုင်ငံရပ်ခြား၌ ၄ နှစ်ကြာ ထွက်ပြေးတိမ်းရှောင်နေခဲ့ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့တွင် နိုင်ငံသို့ပြန်လည် ရောက်ရှိလာခဲ့ကာ ၎င်းကျခံရမည့်ပြစ်ဒဏ်များကိုလည်း ပယ်ဖျက်ပေးရေး  အသနားခံတင်ပြခဲ့ပြီး အောင်မြင်မှု ရရှိခဲ့သူဖြစ်သည်။

Pakistan People's Party (PPP) ပါတီ

(PPP) ပါတီသည် PML-N ပါတီနှင့် မဟာမိတ်ဖွဲ့ထားသည့် ပါတီဖြစ်ပြီး ပါကစ္စတန်နိုင်ငံ တောင်ပိုင်းတွင် ထောက်ခံမှုအများအပြား ရရှိထားကာ အသက် ၃၅ နှစ်အရွယ်ရှိ နိုင်ငံခြားရေးဝန်ကြီးဟောင်း Bilawal Bhutto-Zardari  ဦးဆောင်သည့် ပါတီပင်ဖြစ်သည်။

၎င်းပါတီအနေဖြင့် ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခံရနိုင်လောက်သည့် မဲအရေအတွက်   ရရှိနိုင်ခြင်းမရှိသည့် ပါတီဖြစ်သည့်အတွက်  PML-N ပါတီ ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းခဲ့ပါက ပါဝင်နိုင်လောက်သည်ဟု ရွေးကောက်ပွဲ မတိုင်မီကပင် ထင်ကြေးပေးခံရသည့် ပါတီဖြစ်သည်။

Bilawal Bhutto-Zardari  သည် ၂၀၀၇ ခုနှစ်က ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ဝန်ကြီးချုပ်ဟောင်း Benazir Bhutto ၏ သားတော်စပ်သူဖြစ်သည်။ ပါကစ္စတန်နိုင်ငံတွင် Sharif မိသားစုနှင့် Bhutto   မိသားစုတို့သည် နိုင်ငံရေး အသိုင်းအဝိုင်းတွင် သြဇာကြီးမားသည့် မိသားစုနှစ်စုပင်ဖြစ်သည်။   

Pakistan Tehreek-e-Insaf (PTI) ပါတီ

Pakistan Tehreek-e-Insaaf (PTI) ပါတီသည် ၂၀၁၈ ခုနှစ်ရွေးကောက်ပွဲ၌ ကိုယ်စားလှယ်နေရာ အများဆုံးအနိုင်ရရှိခဲ့ပြီး ဝန်ကြီးချုပ် တင်မြှောက်နိုင်ခဲ့သည့် ပါတီပင်ဖြစ်သည်။ PTI ပါတီသည် တရားရေးဆိုင်ရာ အမှီအခိုကင်းမှု၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနှင့် သင့်တင့်မျှတသော  အစ္စလမ်လူမှုအဖွဲ့အစည်း ထူထောင်ရေးတို့ကို အားပေးမြှင့်တင်သည့် ပါတီတစ်ခုပင်ဖြစ်သည်။ ၁၉၉၆  ခုနှစ် စတင် တည်ထောင်ပြီးချိန်မှစ၍   အမျိုးသားခရစ်ကတ် အသင်းခေါင်းဆောင်ဟောင်း လူသိများ ထင်ရှားသည့်  Imran Khan က  ဦးဆောင်မှုပြုခဲ့ပြီး ပါကစ္စတန် နိုင်ငံရေးတွင် Bhutto  မိသားစုနှင့် Sharif မိသားစုသာ အစဉ်အဆက်အာဏာရယူ အုပ်စိုးနေမှုကို ပြောင်းလဲပစ်မည်ဟု ကြွေးကြော်ခဲ့သည်။

မည်သည့်ဝန်ကြီးချုပ်မှ ငါးနှစ်သက်တမ်း ပြည့်မီအောင် ထမ်းဆောင်ခွင့် မရရှိခဲ့သည့်ပါကစ္စတန်နိုင်ငံတွင်  Khan  သည် လွှတ်တော်၌ အယုံအကြည်မရှိ အဆိုတင်သွင်း၍   ဖယ်ရှားခံခဲ့ရသည့် ပထမဆုံး ဝန်ကြီးချုပ်ဖြစ်ခဲ့ရသည်။ ထိုကဲ့သို့ဖယ်ရှားခံခဲ့ရသည်မှာ အမေရိကန်ဦးဆောင်သည့် အနောက်အုပ်စုများ၏ ပယောဂကြောင့်ဖြစ်ခဲ့ရကြောင်း Khan က ဝေဖန်ပြောဆိုခဲ့သည်။

လက်ရှိအချိန်တွင် PTI ပါတီခေါင်းဆောင် Imran Khan  သည် ပြစ်မှု ၄ မှုဖြင့် ပြစ်ဒဏ်ကျခံနေရသည့်အတွက် ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ခဲ့ခြင်းမရှိပေ။ ၎င်းသည် အမှုတစ်ခုချင်းစီအတွက် ထောက်ဒဏ် ၃ နှစ်၊ ၁၀ နှစ်၊ ၁၄ နှစ်နှင့် ၇ နှစ်ဖြင့် အသီးသီးပြစ်ဒဏ် ချမှတ်ခံထားရပြီး အခြားသော ဥပဒေပိုင်းဆိုင်ရာ အမှုပေါင်း ၁၅၀ ခန့် ရင်ဆိုင်နေရပေသည်။ 

၂၀၂၄ ခုနှစ် ရွေးကောက်ပွဲတွင် PTI ပါတီမှ ကိုယ်စားလှယ်များသည်  တစ်သီးပုဂ္ဂလအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး  ကိုယ်စားလှယ်နေရာ အများဆုံးအနိုင်ရရှိခဲ့ကြကာ ဝန်ကြီးချုပ် အမည်စာရင်း တင်သွင်းနိုင်ရေး မျှော်လင့်လျက်ရှိကြသည်။

မဲရုံဖွင့်ချိန်နှင့်ပိတ်ချိန်

    မဲရုံများကို ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် ဖွင့်လှစ်ခဲ့ပြီး ညနေ ၅ နာရီတွင် ပိတ်သိမ်းခဲ့သည်။

နိုင်ငံတစ်ဝန်း ဖြစ်ပွားလျက်ရှိသည့် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့်   ရွေးကောက်ပွဲအတွက်  လုံခြုံရေး ဆောင်ရွက်ရန် စစ်တပ်၊ အကူလက်နက်ကိုင်တပ်နှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၆၅၀၀၀၀ ကျော်ကို ဖြန့်ကြက် တာဝန်ပေးခဲ့ရသည်။

ရွေးကောက်ပွဲရလဒ်ကြေညာခြင်း

ပါကစ္စတန်ရွေးကောက်ပွဲကော်မရှင်သည် ကိုယ်စားလှယ်နေရာ ၂၆၆ နေရာအနက် ကိုယ်စားလှယ်နေရာ ၂၆၄ နေရာအတွက် ရွေးကောက်ပွဲရလဒ်များကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် တရားဝင်ထုတ်ပြန်ခဲ့ရာ အဓိကပါတီကြီး ၃ ပါတီအနက် မည်သည့်ပါတီမျှ ဝန်ကြီးချုပ်ရွေးချယ်ရန် လိုအပ်သည့်ကိုယ်စားလှယ်နေရာ ၁၆၉ နေရာအနိုင်ရရှိခြင်း မရှိခဲ့ပေ။

ကျန်ရှိသည့် ကိုယ်စားလှယ်နေရာ ၂ နေရာမှာ ကိုယ်စားလှယ်လောင်း  သေဆုံးသွားသည့်အတွက် ရွေးကောက်ပွဲရွှေ့ဆိုင်းခဲ့ရသည့် မဲဆန္ဒနယ်တစ်နယ် နှင့် မဲပြန်လည်ရေတွက်နေရသည့် မဲဆန္ဒနယ်တစ်နယ်တို့ပင်ဖြစ်ပါသည်။

ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်နေရာ အများဆုံး အရေအတွက်အဖြစ် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများက ၁၀၁ နေရာဖြင့်  အနိုင်ရရှိခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း  Imran Khan  ကျောထောက်နောက်ခံ ပြုထားသည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၉၀ ကျော်ခန့် ပါဝင်ခဲ့သည်။

ပါကစ္စတန်လွှတ်တော်တွင်းရှိ ကိုယ်စားလှယ် ၃၆၆ နေရာအနက် သီးသန့်သတ်မှတ်ထားသည့် ကိုယ်စားလှယ် ၇၀ နေရာသည်  ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီများအား ၎င်းတို့ အနိုင်ရရှိမှုအပေါ်မူတည်၍   ခွဲဝေခြင်းဖြစ်ရာ  Imran Khan ၏ မဟာမိတ်တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များသည် အဆိုပါခွဲဝေနေရာများ ရရှိနိုင်ရေးအတွက် ပါတီငယ်ဖြစ်သော  SIC သို့ ဝင်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းရန် ကြိုးပမ်းလျက်ရှိသည်။

အလားတူ ဒုတိယနှင့်တတိယမဲ အများဆုံး ရရှိခဲ့သည့် PML-N ပါတီနှင့် PPPပါတီတို့သည်လည်း  ညွန့်ပေါင်းဖွဲ့စည်း ဆောင်ရွက်သွားရေး သဘောတူညီမှု ရရှိခဲ့ပြီး Shehbaz Sharif  အား ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းမည်ဖြစ်ကြောင်း သိရှိရသည်။လွှတ်တော်တွင်း ဝန်ကြီးချုပ် ရွေးချယ်ခြင်းကို မတ်လ ၃ ရက်နေ့ အစည်းအဝေးတွင် ဆောင်ရွက်သွားမည်ဖြစ်သည်။

ရွေးကောက်ပွဲအကြမ်းဖက်မှုများ

    ရွေးကောက်ပွဲကျင်းပချိန်တွင် ပါကစ္စတန် အနောက်တောင်ပိုင်းရှိ နိုင်ငံရေးရုံး ၂ ရုံး၌ ဗုံးပေါက်ကွဲခဲ့ပြီး အနည်းဆုံး လူပေါင်း ၃၀ ဦး အသက်ဆုံးရှုံးခဲ့ရသည်။

အလားတူ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးသည့် ကာလအတွင်း တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၂ ဦးဖြစ်သော  Malik Kaleem Ullah နှင့် Rehan Zaib Khan  တို့သည် ဇန်နဝါရီလ ၁၀ ရက်နေ့နှင့် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် သေနတ်ဖြင့် ပစ်ခတ်

သတ်ဖြတ်ခံခဲ့ရသည်။ Islamic State - Khorasan Province (ISIS-K) အဖွဲ့မှ လုပ်ကြံသတ်ဖြတ်ခြင်း ဖြစ်ကြောင်း ဝန်ခံပြောဆိုခဲ့သည်။

ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး ကာလအတွင်း ယင်းအဖြစ်များ ကြုံတွေ့ခဲ့ရသည့် အတွက် ဖေဖော်ဝါရီလ ၈ ရက်ရွေးကောက်ပွဲနေ့၌  တရားဥပဒေ စိုးမိုးမှုကို ထိန်းသိမ်းရန် နိုင်ငံတစ်ဝန်း မိုဘိုင်းဖုန်း ဆက်သွယ်ရေး ကွန်ရက်များအား မဲရုံမဖွင့်မီ ၁၀ မိနစ်အလိုတွင် ယာယီဖြတ်တောက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။ထို့ပြင် ရွေးကောက်ပွဲနေ့တွင် အီရန်နှင့်အာဖဂန် နစ္စတန်နယ်စပ်၌ လုံခြုံရေးတိုးမြှင့်စေရေး နယ်စပ်ဂိတ်များ ပိတ်ထားခဲ့သည်။

ရွေးကောက်ပွဲ မဲမသမာမှုစွပ်စွဲချက်

    ရွေးကောက်ပွဲအပြီး တစ်ပတ်အကြာ ဖေဖော်ဝါရီ လ ၁၇ ရက်နေ့တွင် Rawalpindi ခရိုင်ရွေးကောက်ပွဲကော်မရှင် အကြီးအကဲဖြစ်သူ  Liaquat Ali Chattha သည်  သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ပြီး ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲ၌ ၎င်းင်းအနေဖြင့် မဲမသမာမှုများ ဆောင်ရွက်ခဲ့သည်ဟု ဝန်ခံထွက်ဆိုခဲ့သည်။ awalpindi ခရိုင်သည် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်နေရာ ၁၃ နေရာ ရှိသည့်အနက်  PML-N ပါတီက ကိုယ်စားလှယ်နေရာ ၁၁ နေရာအထိ အနိုင်ရရှိခဲ့သည့် ခရိုင်ပင် ဖြစ်သည်။ သတင်းစာရှင်းလင်းပွဲတွင် ၎င်းအနေဖြင့် ရွေးကောက်ပွဲ၌ အနိုင်အရှုံးရလဒ် ပြောင်းလဲစေ

ရေး ကိုယ်စားလှယ်လောင်း တစ်ဦးလျှင် မဲအရေအတွက် ၇၀၀၀၀ ခန့်ကို ဆန္ဒပြုတံဆိပ်တုံးအတုများ အသုံးပြုဆောင်ရွက်ခဲ့သည်ဟုလည်း ပြောဆိုခဲ့သည်။ ထိုကဲ့သို့ဆောင်ရွက်ရာတွင် ပါကစ္စတန် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ Sikandar Sultan Raja  နှင့် တရားသူကြီးချုပ် Qazi Faez Isa တို့ပါ ပါဝင်ပတ်သက်ခဲ့သည်ဟု Liaquat Ali Chattha  က စွပ်စွဲပြောဆိုခဲ့သည်။   ၎င်းနောက် Chatthaသည်  စစ်ဆေးမေးမြန်းရန်  ထိန်းသိမ်းခံခဲ့ရသည်။

ထွက်ဆိုချက်များနှင့် စပ်လျဉ်း၍ ပါကစ္စတန် ရွေးကောက်ပွဲကော်မရှင်က ငြင်းဆိုခဲ့ပြီး  ခရိုင် ရွေးကောက်ပွဲကော်မရှင် အကြီးအကဲများအနေဖြင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် တိုက်ရိုက် ပါဝင်ပတ်သက်ခွင့် မရှိကြောင်း၊ ၎င်းထွက်ဆိုခဲ့သည့် မဲမသမာမှုစွပ်စွဲချက်ကိုလည်း စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

မဲမသမာမှုဖြစ်စဉ် ဖြစ်ပွားခဲ့သည်ဟု စွပ်စွဲခဲ့သည့် အဆိုပါခရိုင်တွင် ထိန်းသိမ်းခံ ဝန်ကြီးချုပ်ဟောင်း Imran Khan  ၏ PTI  ပါတီမှ မိတ်ဖက်တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ အနေဖြင့် ကိုယ်စားလှယ်နေရာများ ဆုံးရှုံးခဲ့ရသည့်အတွက် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် တရားသူကြီးချုပ်တို့အား ရာထူးမှ နုတ်ထွက်ပေးရေး တောင်းဆိုခဲ့သည်။

သတင်းစာရှင်းလင်းပွဲပြီးနောက် ထိန်းသိမ်းခံခဲ့ရသည့် Chattha  သည် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်ထံသို့ ၎င်းင်းအနေဖြင့် မဲမသမာဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်ဟု မှားယွင်းစွပ်စွဲချက်အား ရုပ်သိမ်းပါကြောင်းနှင့်  ထိုကဲ့သို့ စွပ်စွဲခဲ့မိသည့်အတွက် ဝန်ချတောင်းပန်ပါကြောင်း စာရေးသားပေးပို့ခဲ့သည်။ မှားယွင်းစွပ်စွဲချက်များ ပြုလုပ်ရန် PTI ပါတီမှ အတင်းအကျပ ်ခိုင်းစေခဲ့ကြောင်း ထည့်သွင်း ရေးသားခဲ့သည်။

နိဂုံး   

၂၀၂၄ ခုနှစ် ပါကစ္စတန်ရွေးကောက်ပွဲသည် (၁၂)ကြိမ်မြောက် ကျင်းပသည့် ရွေးကောက်ပွဲဖြစ်ပြီး စီးပွားရေး ကပ်ဘေးပြဿနာများ၊ နိုင်ငံရေးပြဿနာများ ပေါ်ပေါက်နေသည့်အချိန်တွင် အဟန့်အတား မျိုးစုံကြားမှ ကျင်းပခဲ့ရသည့် ရွေးကောက်ပွဲဖြစ်သည်။ ရွေးကောက်ပွဲမတိုင်မီ ကာလ၊ ရွေးကောက်ပွဲ ကာလနှင့်   ရွေးကောက်ပွဲရလဒ်ကြေညာပြီး နောက်ပိုင်းကာလများ၌ပါ အကြမ်းဖက်မှုများ၊ ရွေးကောက်ပွဲမသမာမှု စွပ်စွဲချက်များ ပေါ်ပေါက်ခဲ့သော်လည်း သတ်မှတ်မဲဆန္ဒနယ် အားလုံးနီးပါး၌ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ပြီး အနိုင်ရ ကိုယ်စားလှယ်လောင်းများ ထွက်ပေါ်လာခဲ့ပြီးဖြစ်၍ လွှတ်တော်ပထမအကြိမ် အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် လွှတ်တော်တွင်းမှ တစ်ဆင့် နိုင်ငံရေး ရပ်တည်ချက် တူညီသည့်ပါတီများ အချင်းချင်းစုဖွဲ့၍ နိုင်ငံရေး နည်းလမ်းဖြင့် ပါကစ္စတန်နိုင်ငံအား  ငါးနှစ်တာ ဦးဆောင်ဦးရွက်ပြုသွားမည့် ညွန့်ပေါင်းအစိုးရသစ်

တစ်ရပ်ပေါ်ထွက်လာမည်မှာ မလွဲဧကန်ပင်ဖြစ်ပေတော့သည်။

ရည်ညွှန်းကိုးကား

-        https://www.hindustantimes.com/world-news/pakistan-general-electi-ons-20...

-        https://apnews.com/article/pakistan-election-imran-khan-nawaz-sharif-1d6...

-        https://www.livemint.com/news/world/yearender-2023-pakistan-economy-cris...

-        https://english.news.cn/20240211/8a87f49640774169930170f1ba0d64ed/c.html

-        https://edition.cnn.com/2024/02/10/asia/pakistan-election-results-releas...

-        https://www.bbc.com/news/world-asia-22167511

-        https://en.wikipedia.org/wiki/Election_Commission_of_Pakistan

-        https://www.aa.com.tr/en/asia-pacific/-pakistan-parliament-speaker-likel...