မြောက်ကိုရီးယားက နျူကလီးယားဖြင့် တိုက်ခိုက်လာမှုကို တုံ့ပြန်သည့် သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်ခန်းပြုလုပ်

 

မြောက်ကိုရီးယားက နျူကလီးယားဖြင့် တိုက်ခိုက်လာမှုကို တုံ့ပြန်သည့် သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်ခန်းပြုလုပ်

 

    မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားဖြင့် တိုက်ခိုက်လာမှုကို တုံ့ပြန်သည့် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ကြောင်းနှင့် ထိုလေ့ကျင့်ခန်းကို   ကင်ဂျုံအွန်ကိုယ်တိုင် လမ်းညွှန်ခြင်းဖြစ်ကြောင်း KCNA  သတင်းဌာနက ဧပြီလ၂၃ ရက်တွင် ဖော်ပြထားသည်။

အဆိုပါလေ့ကျင့်ခန်းကို ဧပြီလ ၂၂ ရက်တွင် လုပ်ဆောင်ခြင်းဖြစ်ပြီး မြောက်ကိုရီးယားနျူကလီးယား တပ်ဖွဲ့အပေါ် အားကိုးယုံကြည်နိုင်မှု၊ အင်အားသာလွန်မှု၊ စွမ်းအားနှင့် အမျိုးမျိုးသော နည်းလမ်းများကို လက်တွေ့သက်သေပြရန်  ရည်မှန်းခြင်းဖြစ်ကြောင်း သတင်းစာက   ဆက်လက်ဖော်ပြထားသည်။

အရည်အသွေးသာမက အရည်အချင်းပါ ပြည့်စုံစေရန် လုပ်ဆောင်သည့် အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခန်းသည် ရန်သူများကို သတိပေးခြင်းဖြစ်ကြောင်း  သတင်းစာက ရေးသားထားသည်ကို တွေ့ရသည်။

ထိုနေရာတွင်   မြောက်ကိုရီးယား၏ အလွန်ကြီးမားသော  အတွဲလိုက်ဒုံးပစ် လောင်ချာများက  အဓိကကျသောနေရာမှ ပါဝင်ကြောင်းနှင့် နိုင်ငံတော်၏ နျူကလီးယားလက်နက်ဖြင့်    ပေါင်းစပ်စနစ်အတွက် သင့်လျော်မှုရှိကြောင်း  သက်သေပြနိုင်ခဲ့သည်ဟု သတင်းစာတွင် ဆက်လက်ဖော်ပြထားသည်ကို တွေ့ရသည်။

အဆိုပါ   ဇာတ်တိုက်လေ့ကျင့်ခန်းကို နှစ်ပိုင်းခွဲ၍  လုပ်ဆောင်ခြင်းဖြစ်သည်။ ပထမတစ်ပိုင်းမှာ  တပ်ဖွဲ့များအနေဖြင့် နျူကလီးယား တုံ့ပြန်ရေးစနစ်က အသက်ဝင်လာသောအခါ  လုပ်ဆောင်ရမည့် အစီအစဉ်များကို  အကျွမ်းတဝင်ဖြစ်စေ ရန်ဖြစ်သည်။

ဒုတိယတစ်ပိုင်းမှာ နျူကလီးယားတုံ့ပြန် တိုက်ခိုက်မှုစနစ်ကို အသုံးပြုသည့် လေ့ကျင့်မှုဖြစ်ကြောင်း   သတင်းစာက ဖော်ပြထားသည်။

ထိုသို့ဇာတ်တိုက်လေ့ကျင့်ရာ၌ ဒုံးပစ်လောင်ချာများသည်    မြောက်မြားလှစွာသော ဒုံးကျည်များကို    ပင်မရန်သူဆီသို့ ဦးတည်ပစ်ခတ်ခြင်းဖြစ်ပြီး   ထိုဒုံးကျည်များတွင် သဏ္ဌာန်တူနျူကလီးယား ထိပ်ဖူးများ တပ်ဆင်ထားသည်။

ဇာတ်တိုက်လေ့ကျင့်ခန်း လုပ်ဆောင်မှုနှင့် ပတ်သက်၍ ကင်ဂျုံအွန်က စိတ်ကျေနပ်မှုရကြောင်းနှင့်   အကြီးစား အတွဲလိုက် ဒုံးပစ်လောင်ချာများ၏ ပစ်မှတ်ကို  တိကျစွာ ပစ်ခတ်နိုင်မှုစွမ်းရည်ကို ချီးကျူးကြောင်း သိရသည်။