အောင်ရဲ့အောင်

အောင်ရဲ့အောင်

ယမန်နေ့မှအဆက်

နောက်ပြီး အိမ်ရှေ့က စားပွဲနားက စင်ပေါ်က ရမိရရာ Le Point (The Period) လို့ အဓိပ္ပါယ်ထွက်တဲ့  ပြင်သစ်မဂ္ဂဇင်းတစ်စောင်ကို  ကောက်ယူပြီး ကိုအောင့်ကျောပြင်ကို အဲဒီစာအုပ်နဲ့ တဖျပ်ဖျပ် ရိုက်လိုက် တယ်။ 

သည်သီချင်းဟာ အောင့်ရင်ထဲမှာ လှုပ်ရှားစေတာ တော့ အမှန်ပါပဲ။

ဒါပေမဲ့ အကြောင်းသိနေကြတော့ အောင် အနေရခက်နေမယ်ဆိုတာ သူတို့ သူငယ်ချင်းနှစ်ယောက်    နည်းနည်းမှ မစဉ်းစားမိကြဘူးလား။

ဒါကို ကိုအောင်က ရယ်လို့မဆုံးဘူး။

နောက် ကိုလတ်ရော၊ ကိုအောင်ရော နှစ်ယောက် ပြိုင်တူ တဟားဟားနဲ့ ရယ်နေကြလေရဲ့။

အခန်း (၃၃)

အမျိုးအစားချင်းတူသော မိန်းကလေးအချင်းချင်း တော့ နောက်ချင်ရာနောက် ဘာရှက်စရာရှိသလဲ။ သည်ညနေက အောင် အဆောင်ပြန်ဝင်တော့ ညနေ ၅ နာရီ ထိုးနေပေပြီ။

သူတို့သုံးယောက်သား မွန်းလွဲ ၁ နာရီခွဲပွဲ ကြည့် ဖြစ်ကြသေးသည်။ အစက ကိုအောင်က ရှောင်ဖယ်ဖယ် လုပ်နေသည်။ သူ မအားလို့လိုလို ဘာလိုလိုနှင့်။

ကိုလတ်နှင့် အောင် နှစ်ယောက်တည်းကြည့်ရန် အတင်းတွန်းလွှတ်သည်။

ဒီလိုဆို ကျွန်တော် မကြည့်တော့ဘူးလို့ အောင်က ပြောတော့ ကိုအောင်က မကြည့်ချင်နေတဲ့။ ကိုလတ် က ပြောတော့ တစ်ခွန်းပဲ။

“လိုက်ခဲ့စမ်းပါဗျာ၊ အရင်တုန်းကလိုပေါ့” ဆိုတာ လေး တစ်ခွန်းတည်းနှင့် ပြန်အငြင်းပွားမနေတော့ဘဲ လိုက်လာတော့သည်။

လက်စသတ်တော့ ကိုလတ်ရဲ့ ချစ်သူက “အောင်” မှ မဟုတ်ဘဲ၊ ကိုအောင်ပဲ။

ကိုအောင်ရဲ့ ချစ်သူကလည်း ကိုလတ်ပဲ။

ရဲရင့်ရုပ်ရှင်ရုံက ရုပ်ရှင်ကားကို ကြည့်ဖြစ်ကြသည်။

ခါတိုင်း ကြေးစားသေနတ်ပစ်သမား “ဂျင်းမား” ဆိုတဲ့ စပိန်မင်းသားကို ယခုကားတွင် တော်လှန်ရေး သမား၊ လက်ဖြောင့် သေနတ်ပစ်သမားအဖြစ် တွေ့ရသည်။

ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ်လက်အောက်တွင် ဖက်ဆစ်တပ်တွေကို သေနတ်နှင့် တဒိုင်းဒိုင်း ပစ်ဟန်မှာ ခါတိုင်းလို မျက်စိနောက်စရာ မကောင်း တော့။

ကားနာမည်ကိုတော့ အောင် မမှတ်မိတော့။

ကားက မဆိုးပါဘူး ကျွန်တော်ကြိုက်တယ်။

ယောက်ျားလေးများသာ ကြိုက်တတ်သော ရုပ်ရှင် ကားမျိုးကို အောင်က ကြိုက်သည်တဲ့။

လမ်းတွင် တစ်လမ်းလုံး ကိုလတ်နှင့် ကိုအောင်တို့ ရုပ်ရှင်ကားကို ဆွေးနွေးလာကြသည်။ စိတ်ဝင်စားဖွယ် လည်း ကောင်းရဲ့။

စိတ်ဓာတ်တက်ကြွဖွယ်လည်း ဖြစ်ရဲ့။ နိုးလည်း နိုးကြားလာရဲ့။ စိတ်အားထက်သန်မှုနှင့် ဝင်းပြောင် နေသော သူတို့ နှစ်ယောက်စလုံးမျက်နှာကို အောင်မှာ အကြောင်းလည်း  သိနေပါလျက်နှင့်  တအံ့တသြ ငေးမောလို့မဆုံး။

အပြင်သို့ ခုမှ စထွက်လာသော ကိုလတ်သည် အဆောင်ထိ လိုက်လာပြီး မမစံရော၊ ဆန်းဆန်းမြင့်ရော၊ ပဲခူးမှ ပြန်ရောက်လာသော ချောစုရော လာနှုတ်ဆက်လေသည်။ ချောစုက ဝမ်းသာအယ်လဲဖြစ်ပြီး မျက်ရည်များပင် လည်နေသည်။

“ကိုလတ်ကြီး ပိန်တယ်တော့”

ချောစုကပြောတော့ ကိုအောင်က...

“ဘယ်တုံးက ဝဖူးလို့လဲ”

နောက်နေသေးသည်။

ချောစုက ကိုအောင့်ကျောကို လှမ်းထုပြီး...

“ဟင်း...အကျည်းတန် ချစ်သူကြီးနော်”

ကိုလတ်က ရယ်လျက်...

“တို့သူငယ်ချင်းက အကျည်းမတန်ပါဘူးဟာ၊ နာမည် မဖျက်စမ်းပါနဲ့”

“အဲဒီ နာမည်လေးကျ တကယ်ချစ်စရာကောင်းတယ်”

အောင်က ရယ်ရင်း ဝင်ပြောတော့ ကိုအောင်က သူ့လက်ထဲမှ စာရွက်လိပ်နှင့် အောင့်ခေါင်းကို လှမ်း ရိုက်ရင်း...

“သွားစမ်းပါဟာ၊ ရှုပ်မနေနဲ့၊ နင်တို့ ကောင်မလေး တွေ စုစုပီး ကွယ်ရာ တို့ အတင်းမပြောကြနဲ့၊ ပြောရဲ ပြောကြည့် အကြောင်းသိသွားမယ်”

“ပြောတော့ ကိုအောင်က ဘာလုပ်မှာလဲ”

“ငါတို့လည်း လူစုပြီး နင်တို့အကြောင်းတွေ ပြောပစ် မှာပေါ့၊ အထူးသဖြင့် မိအောင်အကြောင်း” အောင်သည် သူ့ခေါက်ထီးလေးကို ထောင်ပြရင်း ကိုအောင့်အား...

“မလုပ်နဲ့နော်၊ ကျွန်တော် အဟုတ်စိတ်ဆိုးမှာ၊ ကျွန်တော့်ကို ဒါလောက် နှိပ်စက်ရတော်ရောပေါ့၊ ဟောဒီ ကိုလတ်လည်း အတူတူပဲ၊ ကျွန်တော့်ဆိုရင် သိပ်အနိုင်ကျင့်တာပဲ”

“ဟုတ်လား၊ ဘယ်တုံးကလဲ”

ကိုလတ်က ကြောင်လိုက်သည်။

ဆက်လက်ဖော်ပြပါမည်။