ဒလမြို့နယ်နှင့် တွံတေးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဒုတိယမြို့တော်ဝန် ဦးညီညီ ကြည့်ရှုစစ်ဆေး

 

ဒလမြို့နယ်နှင့် တွံတေးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဒုတိယမြို့တော်ဝန် ဦးညီညီ ကြည့်ရှုစစ်ဆေး

 

ရန်ကုန်   ဧပြီ  ၂၃

    ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီသည် ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တွံတေးမြို့ နယ် တွံတေး-ဒလ ကားလမ်းပေါ်ရှိ ရန်ကုန်ပေါက်ကျေးရွာအနီး ဒလမြို့နယ် ရေပေးေ၀ ရေးစခန်းသို့ သွားရောက်၍ 330 kW Solar Power Plant (PV System ) ဆောင်ရွက် ထားရှိမှု၊ Nano Filter   ရေသန့်စင်မှုစနစ်ဖြင့် သုတေသန ဆောင်ရွက်နေမှု၊ ရေတွန်းစက်ရုံ၊ ဂါလန်တစ်သိန်းဆံ့ ရေစုကန်နှစ်ကန်နှင့် ရေသန့်စင်စက်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

အဆိုပါ ရန်ကုန်ပေါက်ရေပေးဝေရေး စခန်းသည် အကျယ် ၁၀ ဒသမ ၇ ဧကပေါ်၌ ၁၂ လက်မ အဝီစိတွင်းလေးတွင်း၊ ၁၀ လက်မ အဝီစိတွင်းရှစ်တွင်း၊ ၈ လက်မ အဝီစိတွင်း တစ်တွင်းနှင့် ၁၀ လက်မ မိုးရေစုတွင်း ခုနစ်တွင်း  စုစုပေါင်းအဝီစိတွင်း ၂၀ တို့မှ ရေဂါလန်တစ်သိန်းဆံ့ ရေစုကန်သို့ပေးပို့ပြီး ၎င်းင်းမှတစ်ဆင့် ရေတွန်းစက်လေးလုံးဖြင့် ဒလမြို့နယ်သို့ နေ့စဉ် ရေဂါလန်တစ်သန်းခွဲ ဖြန့်ဖြူးပေးလျက်ရှိသည်။

ထိုမှတစ်ဆင့် ဒုတိယမြို့တော်ဝန်နှင့် အဖွဲ့သည်  ရန်ကုန်ပေါက်ကျေးရွာအနီး ကျိုက်သလဲ ရေနက်ကွင်းရှိ တွံတေးငါးမွေးမြူရေး စခန်းသို့ သွားရောက်၍ မြေဧရိယာ ၁၀၉ ဒသမ ၉၃ ဧကအပေါ်၌   ဒလမြို့နယ် နောက်ဆုံး စွန့်ပစ်အမှိုက်ပုံ(Final Disposal Site - FDS) တည်ဆောက်ရေး စီမံကိန်းအတွင်းရှိ ကန်ညီနောင်ချောင်းအား Skew Type သံကူကွန်ကရစ်တံတား တည်ဆောက်မှု လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။   

ထို့နောက် ဒုတိယမြို့တော်ဝန်နှင့် အဖွဲ့သည် ဒလမြို့နယ် တာကြီးကျေးရွာသို့ သွားရောက်၍ ဇုန် ၁၀ ရေပေးဝေရေးစခန်း တည်ဆောက်ရေး စီမံကိန်းအတွင်း (ပထမအဆင့်) ရေလှောင်ပမာဏရေဂါလန် ၁ ဒသမ ၅ သန်းဆံ့ ရေစုကန်နှင့် ရေတွန်းစက် တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ 

ယင်းနောက် ဒုတိယမြို့တော်ဝန်နှင့် အဖွဲ့သည် ဒလမြို့နယ် ဒလ-တွံတေးလမ်းတွင် အမှတ်(၂)တံတား တည်ဆောက်နေမှု၊ ဒလမြို့နယ် ဆာပါချောင်ရပ်ကွက် ဆိပ်ကြီး ခနောင်တိုတံတားအဆင်းမှ ဒလကူးတို့ဆိပ်အထိ ၆ ပေအကျယ် လမ်းလယ်ကျွန်း ပါဝင်ပြီး အဆင့်မြှင့်တင်ကွန်ကရစ် ခင်းကျင်းနေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယမြို့တော်ဝန်နှင့် အဖွဲ့သည် ဒလမြို့နယ် ၁၁/၁၄ ရပ်ကွက်နှင့် ၆ နံပါတ်ရပ်ကွက်တို့ကို ဆက်သွယ်သည့် ကမာအောင်ချောင်းကူး တံတားအား သံကူ ကွန်ကရစ်တံတား တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး ကမာအောင်ချောင်းဘေးတစ်လျှောက်   အမှိုက်များ ရှင်းလင်းရန်၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး ဦးစားပေး ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။