မိုးရာသီကာလတွင်ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအန္တရာယ်များအတွက် ကျန်းမာရေးကဏ္ဍ ကြိုတင် ပြင်ဆင်မှုအစည်းအဝေးကျင်းပ

မိုးရာသီကာလတွင်ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအန္တရာယ်များအတွက် ကျန်းမာရေးကဏ္ဍ ကြိုတင် ပြင်ဆင်မှုအစည်းအဝေးကျင်းပ

နေပြည်တော် ဧပြီ ၂၃

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့ နံနက်ပိုင်း တွင် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄)၌ ကျင်းပသည့် မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအန္တရာယ်များအတွက် ကျန်းမာရေးကဏ္ဍ ကြိုတင်ပြင်ဆင်မှု အစည်းအဝေးသို့ တက် ရောက်သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက   မိုးရာသီကာလတွင် သဘာဝဘေးအန္တရာယ်များအနေဖြင့် ရေကြီးမှု၊ မုန်တိုင်းတိုက်ခတ်မှု၊ လေပြင်းတိုက်ခတ်မှု၊ မြေပြိုမှုစသည်တို့ ဖြစ်ပွားနိုင်သကဲ့သို့ ကြိုတင် ခန့်မှန်းသိရှိနိုင်ခြင်းမရှိသော မြေငလျင်ဘေးအန္တရာယ်လည်း ဖြစ်ပွားနိုင်ပါကြောင်း၊ ထိုသို့ သဘာဝ ဘေးအန္တရာယ်များကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများ၊ သဘာဝဘေးအန္တရာယ်ပြီးနောက်တွင်လည်း  ကူးစက်ရောဂါများအပါအဝင် ကျန်းမာရေးပြဿနာများ ဖြစ်ပွားနိုင်သဖြင့် မိမိတို့အနေဖြင့် ကြိုတင် ပြင်ဆင်မှုများဆောင်ရွက်ခြင်းဖြင့် အဆိုပါကျန်းမာရေးပြဿနာများကို လျှော့ချနိုင်ပါကြောင်း၊ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင်လည်း ယခုကဲ့သို့ ကြိုတင်ပြင်ဆင်မှုအစည်း အဝေးပြုလုပ်ခြင်းနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်သကဲ့သို့ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းစဉ်များ ချမှတ်ကာ လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း။

လုပ်ငန်းများသည် လုပ်ရိုးလုပ်စဉ် ဆောင်ရွက်မှုများဖြစ်သော်လည်း ယခင်လုပ်ဆောင်ခဲ့မှုများမှ   အတွေ့ အကြုံနှင့်သင်ခန်းစာများကိုရယူကာ ပိုမိုကောင်းမွန်စေရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လက်ရှိ အချိန်တွင် ပြည်ထောင်စုနယ်မြေ  နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်   ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများ၌ အပူဒဏ်အန္တရာယ်နှင့်ပတ်သက်သည့် သတင်းပေးပို့စနစ်နှင့် စီမံခန့်ခွဲမှုအား   ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိုးရာသီအချိန်တွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ၊   ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် အခြားကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်စေလိုပါကြောင်း၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် များအနေဖြင့် သက်ဆိုင်ရာဒေသအလိုက် ဖြစ်ပွားနိုင်သည့် သဘာဝဘေးအန္တရာယ် အမျိုးအစားများ မတူညီသည့်အတွက် မိမိတို့တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ဖြစ်ပွားနိုင်သည့် သဘာဝဘေး အန္တရာယ်များအတွက်   ကြိုတင်ပြင်ဆင်ထားသင့်ပါကြောင်း။

လုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတို့ကျန်းမာရေးဌာန တာဝန်ရှိသူများအနေဖြင့် ဒေသဆိုင်ရာ အစိုးရ အဖွဲ့များ၊ နှီးနွှယ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် လိုအပ်သလို ပူးပေါင်းညှိနှိုင်း ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုများအတွက် ထပ်မံလိုအပ်သည်များရှိပါက ဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ နေ့စဉ်မိုးလေဝသ သတင်းထုတ်ပြန်ချက်များကိုလည်း မျက်ခြည်မပြတ်စောင့်ကြည့်ရမည် ဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာ ပေါ်တွင် သဘာဝဘေးအန္တရာယ်များ ထူးခြားစွာ ဖြစ်ပေါ်မှုသတင်းများကို စောင့်ကြပ်ကြည့်ရှုကာ ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအပါအဝင်   ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ပိုမိုကောင်းမွန်ထိရောက်စွာဖြင့် အားထုတ် ကြိုးပမ်းကာ ဆက်လက်ဆောင်ရွက်စေလိုပါ ကြောင်း၊ ယနေ့အစည်းအဝေး တက်ရောက်လာသူများအနေဖြင့် မိမိတို့၏ အတွေ့အကြုံများ ပေါ်မူတည်ပြီး   သဘာဝဘေးအန္တရာယ်များ ကျရောက်ပါကလည်း အကောင်းဆုံး တုံ့ပြန်ဆောင်ရွက်နိုင်ကြစေရေး ဝိုင်းဝန်းဆွေးနွေး အကြံပြုကြစေလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ သဘာဝဘေးနှင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေတုံ့ပြန် ဆောင်ရွက်ရေး ဌာနခွဲက ၂၀၂၃ ခုနှစ်အတွင်းနှင့် ၂၀၂၄ ခုနှစ် ဧပြီလအထိ ဆောင်ရွက်ခဲ့မှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနများမှ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူးများနှင့် တာဝန်ရှိသူများက ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ် ဖြစ်စဉ်များ တွင် ကျန်းမာရေးကဏ္ဍ ဆောင်ရွက်ခဲ့မှုများ၊ အတွေ့အကြုံကောင်းများနှင့် လာမည့်မိုးရာသီ ကာလ အတွက် ကြိုတင်ပြင်ဆင်ထားမှုနှင့် လိုအပ်ချက်များအား ဆွေးနွေးပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက လုပ်ငန်းများအတွက် ဆွေးနွေးအကြံပြု ဆောင်ရွက်ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။           

(သတင်းစဉ်)