လယ်ဝေးမြို့နယ်တွင် ကောက်စိုက်စက်ဖြင့် နွေစပါးနှိုင်းယှဉ်စိုက်ပျိုးခြင်း သရုပ်ပြပွဲအခမ်းအနားနှင့် လူရည်ချွန်မောင်မယ်များ သြဝါဒခံယူပွဲသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တက်ရောက်

 လယ်ဝေးမြို့နယ်တွင် ကောက်စိုက်စက်ဖြင့် နွေစပါးနှိုင်းယှဉ်စိုက်ပျိုးခြင်း သရုပ်ပြပွဲအခမ်းအနားနှင့် လူရည်ချွန်မောင်မယ်များ သြဝါဒခံယူပွဲသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တက်ရောက်

နေပြည်တော်  ဧပြီ   ၂၃

စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့   ပူးပေါင်းဆောင်ရွက်သည့် ကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ် သစ်ဆိမ့်ပင်ကျေးရွာအုပ်စု ကွင်းအမှတ် ၁၈၂၆ ၌ ကျင်းပရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် ကောင်စီဝင်များ၊ နေပြည်တော် အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ၊ တောင်သူများ တက်ရောက်ကြသည်။

ဦးစွာ   နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သီးနှံများစိုက်ပျိုးထုတ်လုပ် ရာတွင် မျိုးကောင်း မျိုးသန့်သုံးစွဲရေး၊ စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးရေး၊ သတ်မှတ် သွင်းအားစုများ လုံလုံလောက် လောက်ထည့်သွင်းပေးရေးနှင့် ရိတ်သိမ်းရာတွင် အလေအလွင့်အနည်းဆုံးနှင့် ရိတ်သိမ်းနိုင်ရေးအတွက် စက်ကိရိယာများ တွင်ကျယ်စွာအသုံးပြုရေးနှင့် စိုက်ပျိုးရေကို အလေအလွင့်မရှိ စနစ်တကျ သုံးစွဲရေးတို့ကို အလေးထားလိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နွေစပါးနှင့် နွေသီးနှံများကို  လျာထားချက်စိုက်ဧက ပြည့်မီရေး၊ တစ်ဧကပန်းတိုင်အထွက်နှုန်းနှင့် စံအထွက်နှုန်းများထွက်ရှိအောင်  အထူးအလေးထား ကြိုးစားဆောင်ရွက် စိုက်ပျိုးကြရမည်ဖြစ်ကြောင်း ပြောကြားပြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင်များက တောင်သူများအား သဘာဝမြေသြဇာများကို ထောက်ပံ့ ပေးအပ်ကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် တောင်သူများ နှင့်အတူ တောင်သူ ဦးသန်းငွေ၏ လယ်မြေတွင် ကောက်စိုက်စက်ဖြင့် နွေစပါး စိုက်ပျိုးခြင်း သရုပ်ပြသမှုနှင့် ခင်းကျင်းပြသထားသည့် လယ်ယာသုံးစက်ကိရိယာများကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ကျင်းပသည့် နွေရာသီ ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ယဉ်ကျေးလိမ္မာနှင့် ပန်းချီသင်တန်းများ  ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကား ပြောကြားပြီး     ယဉ်ကျေး လိမ္မာသင်တန်းအတွက် (၃၈) ဖြာမင်္ဂလာ၊ ဗုဒ္ဓဝင်၊ ဘုရားရှိခိုးနှင့်ပြည်သူ့နီတိစာအုပ်များကို   ပေးအပ်လှူဒါန်းရာ ဇမ္ဗူသီရိမြို့နယ် ပညာရေးမှူး ဦးဝင်းနိုင် က လက်ခံရယူပြီး နေပြည်တော် ကိုယ်ပိုင်ကျောင်းများအသင်း နာယက ဦးစိုးလှိုင်က ကွန်ပျူတာ၊ အင်္ဂလိပ်စာနှင့် ပန်းချီသင်တန်းများ အတွက် သင်ထောက်ကူစာအုပ်များကို ပေးအပ်လှူဒါန်းရာ အမှတ် (၅) အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာကြီး   ဦးဝင်းမြင့်ဦးက လက်ခံရယူသည်။

ယနေ့ဖွင့်လှစ်သည့် နွေရာသီ ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ယဉ်ကျေးလိမ္မာနှင့် ပန်းချီ သင်တန်းများကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်တွင် ဧပြီလ ၂၃ ရက်မှ မေလ ၉ ရက်အထိ တစ်ပြိုင်တည်း စာတွေ့လက်တွေ့သင်ကြား ပို့ချပေးသွားမည်ဖြစ်ရာ မြို့နယ်များအလိုက် သတ်မှတ်အခြေခံပညာ အထက်တန်းကျောင်းများ၌ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း ၁၅၉၀ ဦး တက်ရောက်သင်ကြားလျက်ရှိသည်။

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ပျဉ်းမနား ခရိုင်  အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပသည့် လူရည်ချွန် မောင်မယ်များ သြဝါဒခံယူပွဲ အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လူရည်ချွန်မောင်မယ်များအနေဖြင့်   မြန်မာနိုင်ငံအတွင်းရှိ အထင်ကရနေရာများ၊ အပန်းဖြေစခန်းများ သွားရောက်လေ့လာရာတွင် ဒေသန္တရ ဗဟုသုတများ၊ အတွေ့အကြုံများကို လေ့လာမှတ်သားခဲ့ပြီး အခြားကျောင်းသား/ကျောင်းသူများအား ပြန်လည်မျှဝေပေးစေလိုကြောင်း၊ လူရည်ချွန်မောင်မယ်များနှင့်အတူ လိုက်ပါကြီးကြပ်ကြမည့် ဆရာ/ဆရာမများအနေဖြင့် မိမိတို့တာဝန်ယူရမည့် လူရည်ချွန်စခန်းများအလိုက် လူရည်ချွန် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေး၊ နေထိုင်စားသောက်ရေး၊ အစစအရာရာ ဘေးကင်း လုံခြုံစေရေးတို့ကို အလေးထားကြီးကြပ် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် လူရည်ချွန် မောင်မယ်များနှင့် ကြီးကြပ်သူများက တစ်ဦးချင်းဂါရဝပြု မိတ်ဆက်ကြပြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌက   လူရည်ချွန်မောင်မယ်များနှင့် ကြီးကြပ်သူများကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ လူရည်ချွန်မောင်မယ်များနှင့် ကြီးကြပ်ဆရာမ တစ်ဦးတို့က လက်ခံရယူကြပြီး လူရည်ချွန် မောင်မယ်များကိုယ်စား လူရည်ချွန်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် လူရည်ချွန် မောင်မယ်များ၊ ကြီးကြပ်ဆရာ/ဆရာမများနှင့်အတူ အမှတ်တရ မှတ်တမ်း တင်ဓာတ်ပုံရိုက်ကြပြီး လူရည်ချွန် မောင်မယ်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)