ယခုဘောလုံးရာသီ အကုန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ချယ်လ်ဆီး အသင်းမှ ထွက်ခွာရန် သီယာဂိုဆေးလ်ဗား ဆုံးဖြတ်
ချယ်လ်ဆီးအသင်း ဝါရင့်ခံစစ်ကစားသမား သီယာဂို ဆေးလ်ဗားက ယခုဘောလုံးရာသီ အကုန်တွင် အသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
အသက် ၃၉ နှစ်အရွယ် သီယာဂိုဆေးလ်ဗားသည် ၂၀၂၀ ပြည့်နှစ်က ပီအက်စ်ဂျီအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် ချယ်လ်ဆီးအသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ ဘောလုံးရာသီတိုင်းတွင် အဓိကပွဲထွက် ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိခဲ့သူ ဖြစ်သည်။
ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီ အကုန်က သီယာဂိုဆေးလ်ဗားနှင့် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့သော်လည်း နောက်ထပ်တစ်နှစ်သက်တမ်း တိုးစာချုပ်ချုပ်ဆိုခဲ့ကာ ယခုဘောလုံးရာသီတွင် ဆက်လက်လက်တွဲခဲ့ကြောင်း၊ သီယာဂိုဆေးလ်ဗားသည် အသက်အရွယ် အပိုင်းအခြားအပြင် မကြာခဏ ဒဏ်ရာရရှိနေသည့်အတွက် ချယ်လ်ဆီးအသင်းက နောက်ထပ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုတော့မည် မဟုတ်သည့်အတွက် ရာသီအကုန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် အသင်းမှထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သီယာဂိုဆေးလ်ဗားသည် ချယ်လ်ဆီးအသင်းတွင် လေးနှစ်တာ ကာလအတွင်း ချန်ပီယံလိဂ်ဖလား၊ ဥရောပစူပါဖလားနှင့် ကလပ်ကမ္ဘာ့ဖလား ချန်ပီယံ ဆုဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ရာတွင် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး ယခုဘောလုံး ရာသီတွင် အသင်းခေါင်းဆောင်ရာထူးကို ရီစီဂျိမ်းစ် ထံလွှဲပြောင်းပေးခဲ့ရသည်။
ချယ်လ်ဆီးအသင်းနှင့် ယခုဘောလုံးရာသီအကုန် တွင် လမ်းခွဲရန်ဆုံးဖြတ်ခဲ့သည့် သီယာဂိုဆေးလ်ဗားကို လာမည့်နွေရာသီကစားသမား အပြောင်းအရွှေ့ ကာလတွင် ဆော်ဒီထိပ်တန်း ကလပ်အသင်းများက ကမ်းလှမ်းဖွယ်ရှိသော်လည်း ၎င်းကိုယ်တိုင်က ဇာတိဘရာဇီးကလပ်များထံသာ ပြောင်းရွှေ့ဖွယ် ရှိကြောင်း သိရသည်။