ယခုနှစ် မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကာလအတွင်း အနယ်နယ်အရပ်ရပ်မှ လာရောက်သူဦးရေ လေးသိန်းကျော်ရှိ

 

ယခုနှစ် မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကာလအတွင်း အနယ်နယ်အရပ်ရပ်မှ လာရောက်သူဦးရေ လေးသိန်းကျော်ရှိ

 

    မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် မန်းရွှေ စက်တော်ရာ ဘုရားပွဲတော်ကို တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း တစ်ရက်နေ့အထိ ကျင်းပခဲ့ရာ ဘုရားပွဲတော်ကာလအတွင်း အနယ်နယ်အရပ်ရပ်မှ လာရောက်သူဦးရေ    လေးသိန်းကျော်ရှိကြောင်း မန်းရွှေစက်တော်ရာ ဘုရားဂေါပကအဖွဲ့မှ သိရသည်။

“ဒီနှစ် မန်းရွှေစက်တော်ရာ ဘုရားပွဲတော် ကာလအတွင်းမှာ အနယ်နယ်အရပ်ရပ်က ဘုရားဖူးလာရောက်သူ ဦးရေ လေးသိန်းကျော်ရှိပါတယ်။ အလှူခံရရှိမှု အနေနဲ့ကတော့  ဘက်စုံအလှူတော်ငွေ ငွေကျပ်သိန်းပေါင်း ၃၇၀၀ ကျော်နဲ့  ရွှေဆိုင်းရောင်းချရငွေ ငွေကျပ်သိန်းပေါင်း ၄၉၀၀   ကျော်အပါအဝင် စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၉၀၀၀ ကျော်ရရှိခဲ့ပါတယ်” ဟု မန်းရွှေစက်တော်ရာ ဘုရားဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသိန်းလှိုင် ကပြောသည်။

ယခုနှစ်   မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကာလအတွင်း  စုစုပေါင်းတည်းခိုဆောင် ၆၀ နီးပါး၌ အခန်းပေါင်း ၁၀၀၀ ကျော်နှင့်   ဈေးဆိုင်ခန်းပေါင်း   ၈၀၀ ကျော်ဖွင့်လှစ်ခဲ့ပြီး  ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်နိုင်စေရန် တည်းခိုဆောင်များ၌ ညအိပ်တည်းခိုခွင့်ပြုကာ  အခန်းငှားရမ်းခများကိုလည်း   သတ်မှတ်ဈေးနှုန်းထက်   ပိုမိုကောက်ခံခြင်း မပြုရန် မန်းရွှေစက်တော်ရာ ဘုရားဂေါပကအဖွဲ့မှ    ကြပ်မတ်ဆောင်ရွက်ခဲ့သည်။

ထို့ပြင် ဘုရားဖူးပြည်သူများ စိတ်ချမ်းမြေ့ပျော်ရွှင်စေရန် မန်းရွှေစက်တော်ရာဘုရား    အဝင်သုံးမိုင်မုခ်ဦးမှ စတင်ပြီး လယ်လယ်ကျွန်းတစ်လျှောက် ပန်းအလှပင် မျိုးစုံစိုက်ပျိုးခြင်း၊  အထက်စက်တော်ရာ အတက်လမ်း၊    လမ်းဘေးဝဲ^ယာနှင့် ဓာတ်လှေကား ပတ်ဝန်းကျင်တို့၌ ပန်းအလှပင်မျိုးစုံ စိုက်ပျိုးခြင်းများအပြင်   တခြား ပြုပြင်မွမ်းမံမှုများကိုလည်း ယခုနှစ် ဘုရား ပွဲတော်မတိုင်မီ    ကြိုတင်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။