လမ်းဘေး အစားအစာနှင့် သတိပြု စရာ

လမ်းဘေးအစားအစာမရှောင်နိုင်သေးတဲ့ လူ့အဖွဲ့အစည်းမှာ အစားအသောက်က ဖြစ်ပွားတဲ့၊ ကူးစက် နိုင်တဲ့ ရောဂါ များ အသင့်စောင့်ကြို နေမှာပဲဖြစ်တယ်။

ဘယ်စားသောက်ဆိုင်ကမှ အင်အော်ဂဲနစ်၊ အော်ဂဲနစ် ရွေးမနေပါဘူး။ အသားလတ်ဆတ်သလား။ ခေါက်ဆွဲ ဖတ်၊ မုန့်ဟင်းခါးဖတ် ဖော်မလင်သုံးသလား။ ဓာတု ဆိုးဆေးနဲ့၊ အရောအနှောကင်းသလား။ အကြော်ခံဆီ၊ ပြည့်ဝဆီ သုံးသလား။ မပြည့်ဝဆီသုံးသလား ဘယ်သူမှ စစ်ဆေးပေးနေတာမျိုးမရှိသလို၊ သန့်ရှင်းစင်ကြယ်မှု၊ ပတ်ဝန်း ကျင်သန့်ရှင်းရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး (Hygiene) တို့ အာမခံချက်မရှိဘဲ ကြုံသလို ချက်ပြုတ်ထားတာ များပါတယ်။

လမ်းဘေးဆိုင်မှ ချက်ပြုတ်စီမံသူများမှာ ဟိုတယ် စားသောက်ဆိုင်ကြီးတွေလို လစဉ် နှာခေါင်းတို့ဖတ်၊ လက်တို့ဖတ် ရယူခြင်း၊ စစ်ဆေးခြင်း၊ အစားအစာနှင့် ဆေးဝါးကွပ်ကဲမှုဌာန (FDA) က လစဉ်နဲ့ရှောင်တခင် စစ်ဆေးခြင်း တို့မှ ကင်းဝေးနေတတ်တယ်။ လမ်းဘေး ဆိုင်အချို့ရဲ့မသန့်ရှင်းတဲ့အစားအသောက်တွေကြောင့် ဝမ်းရော ဂါနဲ့ အစာ အဆိပ်သင့်မှုများ မကြာခဏဖြစ်ပွားလျက်ရှိပါတယ်။

လမ်းဘေးဆိုင်တွေမှာ သန့်ရှင်းရေးနဲ့ပတ်သက်လို့ လိုက်နာရမယ့်စည်းကမ်းချက်များကို အသိပညာပေးမှု အလွန်အားနည်းနေကြောင်းတွေ့ရပါတယ်။ အရေးယူ ဆောင်ရွက်ခြင်းလည်းမရှိလို့ အစားအစာမသန့်ရှင်းမှု ကြောင့်ဖြစ်တဲ့ရောဂါဖြစ်ပွားရမှုနှုန်းလည်း ပိုပြီးမြင့်တက် လာပါတယ်။

စီးပွားရေးဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ   သူတို့နိုင်ငံရဲ့ အစားအစာနှင့်   ဆေးဝါးကွပ်ကဲမှုဌာန (FDA) က  သတ်မှတ်ပြ ဋ္ဌာန်း ထားတဲ့ စည်းကမ်းချက်တွေနဲ့ဖွင့်လှစ် ရောင်းချတာဖြစ်လို့  ပြည်သူ့ကျန်းမာရေးအတွက် ပြဿနာ ကြီးကြီး မားမား မရှိ ပေမယ့် မြန်မာနိုင်ငံအပါ အဝင်  ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ  ပြဿနာအဖြစ်တွေ့ရှိ နေရကြောင်း  ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) နဲ့ အိန္ဒိယနိုင်ငံ  ကျန်းမာရေးဝန်ကြီးဌာနတို့ပူးပေါင်းပြုလုပ်တဲ့ လမ်းပေါ်မှာ ရောင်းချတဲ့ အစားအသောက် များရဲ့အရည်အသွေးစစ်ဆေးချက်စာတမ်းမှာ ဖော်ပြထားပါတယ်။

လမ်းဘေးဆိုင်ဆိုတာ လူသွားလမ်းပလက်ဖောင်း စင်္ကြံများ၊  မြေကွက်လပ်များ၊ တိုက်ကြိုတိုက်ကြားများမှာ    အစားအစာ ပြင်ဆင် တည်ခင်းရောင်းချတဲ့ စားသောက်ဆိုင်များကို ဆိုလိုတာဖြစ်တယ်။ အဆိုပါ ဆိုင်တွေဟာ အခြေခံ လူတန်းစား လက်လုပ် လက်စားတို့အတွက် တန်ဖိုးသင့် စားသောက်နိုင်တယ်။

ဆိုင်များအစားအစာပြင်ဆင်ခြင်း၊  ကိုင်တွယ်ခြင်း၊   ထားသိုခြင်းတို့မှ  ရောဂါပိုးမွှားများနဲ့ဓာတု အဆိပ် အတောက် များ  အစားအသောက်များမှာ ပါဝင်တတ်ပြီး  ကျန်းမာရေးအတွက်ပြဿနာဖြစ်စေ တယ်။

မြန်မာနိုင်ငံမှာ အစားအသောက် ဥပဒေပြဋ္ဌာန်းထားပြီး အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးကော်မတီ (FDA) ကိုဖွဲ့စည်းထားတယ်။ ပြည်သူတို့စားသုံးတဲ့ အစားအစာတွေမှာ အန္တရာယ်ရှိ၊ မရှိကို ကြီးကြပ်စစ်ဆေးပြီး ဖျက်ဆီး ပစ်ခြင်းများ လုပ်ဆောင်ဖို့ လိုအပ် နေကြောင်း ကျန်းမာရေးအဖွဲ့တွေကဆိုတယ်။ အသိ ပညာပေး မှုများပြုလုပ်ဖို့လည်း အထူးလိုအပ်လှတယ်။အရေးယူခြင်းထက် သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာများ ရောင်းချ ဝယ်ယူ နိုင်ရေး အသိပညာပေးမှုအပိုင်းက  အရေးတကြီး လိုအပ်နေတယ်။

လမ်းဘေးဆိုင်တွေဟာ   တရားဝင်လိုင်စင်နဲ့ လုပ်ကိုင်နေတဲ့ လုပ်ငန်း မဟုတ်တာကြောင့်   စံနှုန်းသတ်မှတ်ကာ စည်းကမ်း ချမှတ်ပေးနိုင်ခြင်း မရှိသေးဘဲ  အစားအစာနဲ့ပတ်သက်လို့ သန့်ရှင်းမှုရှိရေးအသိပညာ ပေးလုပ်ငန်း များသာ  လုပ်နိုင်သေးကြောင်း  သိရပါတယ်။

စင်ကာပူစက်မှုဖွံ့ဖြိုးပြီးနိုင်ငံမှာ သန့်ရှင်းတဲ့ လမ်းဘေး စားသောက်ဆိုင်များ ဖြစ်စေရေးအတွက် အစိုးရက ဆိုင် များကို ပုံမှန် စစ်ဆေးဖို့ အဆင့်သတ်မှတ်ကာ ပြည်သူတို့ထဲ  အသိပညာပေးထုတ်ပြန်ခြင်းများ ပြုလုပ်ထားတယ်။  လမ်းဘေး စားသောက်ဆိုင်တွေကြောင့် စားသုံးသူတစ်ခုခုဖြစ်ပွားခဲ့ရင် ဆိုင်ကိုပိတ်သိမ်း တဲ့ထိ၊ ဒဏ်ရိုက်တဲ့ ထိပြုလုပ်ကြောင်း  သိရပါတယ်။

မြန်မာနိုင်ငံမှာလည်း အစားအသောက်များ  ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အစားအသောက် စစ်ဆေးဖို့ တာဝန်ရှိသူများက အန္တရာယ်ရှိတဲ့အချက် များရှာဖွေဖော်ထုတ်ကာ ဖယ်ရှားရှင်းလင်းပေးခြင်း၊ တားမြစ်ခြင်း၊ အရေးယူခြင်း၊ ရောင်းချသူများကိုအသိ ပညာပေးသင်တန်းများပို့ချပေးခြင်း၊ သန့်ရှင်းမှုဆိုင်ရာ များစစ်ဆေးခြင်း၊  ဘေးအန္တရာယ် ကင်းဝေးစေရေး အသိပညာပေးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်ပေးခြင်းတို့ လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။

လမ်းဘေးမှာ ကြော်လှော်တဲ့ပြည့်ဝဆီ၊ ပြန်ကြော်ဆီ၊ တိရစ္ဆာန်အဆီတွေက မကောင်းတဲ့ကိုလက်စထရော (LDL- Low Density Lipoprotein) က နှလုံးသွေး ကြောပိတ်စေကာ လူကိုဝစေတယ်။ ဟင်းသီးဟင်းရွက် ကရတဲ့ မပြည့်ဝဆီ (Unsaturated Fat) က ကျန်းမာရေးနဲ့ ကိုက်ညီပါတယ်။ လမ်းဘေးမှာရောင်းတဲ့ အစား အစာတွေနဲ့ သီးနှံတွေမှာ  ဓာတ်မြေသြဇာ၊  ဓာတု ပိုးသတ်ဆေး အကြွင်းအကျန်များရှိနေတယ်။ ဈေးကွက် ထဲက ရရှိတဲ့ အသားစိမ်း၊ ငါးစိမ်း၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကို ဆားရည်မှာ ၁၅ မိနစ်ကြာစိမ်ပြီး ရေစင်စင် ဆေးကြော ကာ အသုံးပြုထားသိုသုံးဆောင် နိုင်တယ်။ ဓာတုပိုးသတ်ဆေး၊ ဓာတ်မြေသြဇာအကြွင်း အကျန်တို့ ပါဝင်တဲ့ အစားအစာကြောင့် ဝမ်းလျှော ဝမ်းပျက်၊ အထက်လန်အောက်လျှောရောဂါဖြစ်စေပါတယ်။

အစားအသောက်ကိုင်တွယ်ချက်ပြုတ်သူများအနေနဲ့ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေး (FDA) ရဲ့ ထောက် ခံချက်ရရှိ ထားသင့်သလို  FDA ကလည်း လစဉ်  သို့မဟုတ် နှစ်စဉ် သို့မဟုတ် ရှောင်တခင် နှာခေါင်း တို့ဖတ်၊ လက်တို့ဖတ် ရယူစစ်ဆေးခြင်း၊ အစားအသောက်စစ်ဆေးခြင်းများ  လုပ်ဆောင်ပေးသင့်ပါ တယ်။ ရက်လွန် အစားသောက်များ ဖျက်ဆီး ပစ်သင့်သလို   ဓာတုဆေးဝါး၊  ဓာတ်မြေသြဇာကင်းစင်တဲ့ အော်ဂဲနစ်ထွက် သီးနှံ၊ သစ်သီးဝလံများ ဖြစ်စေသင့်ပါတယ်။

လူတို့ရဲ့မတော်လောဘကြောင့် အင်အော်ဂဲနစ် ထွက်သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်၊ အစားအစာ တို့ဟာ ဈေးကွက်မှာ နေရာယူနေတယ်။ စားသောက် ဆိုင်ပိုင်ရှင်တွေအနေနဲ့ တွက်ခြေကိုက်အောင် တရုတ် နိုင်ငံက ထုတ်တဲ့ ရေမြောင်းဆီ သို့မဟုတ် အကြော်ခံဆီများ သုံးလာကြတယ်။ တရုတ်နိုင်ငံထွက်ရေမြောင်းဆီ ဆိုတာ စားသောက်ဆိုင် ရေမြောင်းတွေကနေကျလာတဲ့ ဆီကြွင်း ဆီကျန်ရရှိအောင်ခံယူပြီး ဓာတုပစ္စည်းနဲ့ ကြေးချွတ်ကာ အနံ့ ထည့်ထားတာကြောင့် စားသုံးဖို့ မသင့်ပါဘူး။ ခန္ဓာကိုယ်အတွက်မလိုအပ်တဲ့ မကောင်းတဲ့ ကိုလက်စထရော LDL-Low Density Lipoprotein တက်ကာ ဝလာစေနိုင်သလို နှလုံးသွေးကြောရောဂါများ ဖြစ်စေနိုင်တယ်။ အဆီပြန် ဟင်းလျာတွေက အသည်း အဆီဖုံးရောဂါဖြစ်စေတယ်။ အချိုမှုန့်၊ ကြက်သားမှုန့် (ဆိုဒီယမ်မိုနိုဂ လူကိုနိတ်- Sodium Mono Gluconate)နဲ့ ဆားဓာတ်လွန်ကဲစေတဲ့ အစားအစာတွေက သွေးတိုး လေဖြတ် ရောဂါ၊ ဆီးချိုသွေးချိုနဲ့ ကင်ဆာ ရောဂါဖြစ်စေပါတယ်။

လမ်းဘေးအစားအစာနဲ့ တစ်ဆက်တည်း စာသင်ကျောင်းက မုန့်ဈေးတန်းတွေမှာ တရုတ်နိုင်ငံက အမျိုး အမည် မသိတဲ့မုန့်ထုပ်တွေ နေရာယူနေကြပြန်တယ်။အချိုကဲကဲ၊ အငန်ကဲကဲ ဓာတုဆိုးဆေးများတဲ့ စားစရာတွေမှာ ထုတ်လုပ်ရက်၊ ကုန်ဆုံးရက်၊ စားသုံးနိုင်တဲ့ အကောင်းဆုံးရက်၊ ထုပ်ပိုးပစ္စည်းအလေးချိန်၊ ပါဝင်တဲ့ ပစ္စည်း အမျိုးအမည်၊  ထုတ်လုပ်ရာဒေသ နိုင်ငံမပါဝင်ဘဲ ဈေးကွက်တွင်း ရောက်ရှိလာကာ အသင့် အမြန်စားများ အနေနဲ့ ရောင်းချလို့နေတယ်။ စားသုံးသူ အတွက် ဘယ်လိုမှအာဟာရမဖြစ်ဘဲ ဓာတုဆိုးဆေးကြောင့် ရောဂါဝယ်စား နေသလို ဖြစ်နေတယ်။

ဈေးကွက်ထဲမှာဝယ်ယူရရှိတဲ့   ပဲပြား၊ ပဲသွေး၊  ခေါက်ဆွဲဖတ်၊ မုန့်တီဖတ်၊ တိုဟူးတို့မှာ ဖော်မလင် ပါဝင်နေ တတ်တယ်။ ဖော်မလင်ဟာ လူသေ မပုပ်သိုး အောင်ဆေးထိုးတဲ့ ဓာတု ဆေးရည်ဖြစ်ပြီး အစားအစာ များမှာ ပါဝင် နေတာ ကြောင့် ခန္ဓာကိုယ်ဆဲလ်များ ပျက်စီး ဆွေးမြည့်စေနိုင်တယ်။ ကင်ဆာရောဂါလည်းဖြစ်ပွား နိုင်ပြီး အခြားရောဂါ မျိုးစုံကိုရရှိစေလို့ ကန့်သတ်သင့် ပါတယ်။

ဈေးကွက်ထဲမှာ   ကော်ဖီမစ်၊ တီးမစ်တွေဟာ ငွေကျပ် ၁ဝဝ တန်နဲ့တန်အောင် မန်ကျည်းခေါက်၊ အုန်းခွံမှုန့်တို့ကို အသုံးပြုကာ တရုတ်က လာတဲ့ခရင် (Cream) နဲ့ ကော်ဖီအနံ့၊ လက်ဖက်အနံ့ ပေးထားတာဖြစ်တယ်။ တရုတ်က ခရင်တွေဟာ မလေးရှားနိုင်ငံမှ ဆီအုန်းကြိတ်ဖတ်များကိုဝယ်ယူကာ ဆေးသကြားထည့် အနံ့သွင်းကာ စီမံထား တာဖြစ်လို့ ကျန်းမာရေးနဲ့ မသင့် လျော်ပါဘူး။ ကင်ဆာရောဂါဖြစ်စေနိုင်တယ်။ ဈေးကွက် ထဲမှ အရက်ဆိုရင် လည်း မြန်မာဒေသထွက် အရက် ဖြစ်ကာ  ပလတ်စတစ်၊ ရော်ဘာ၊ ဓာတ်မြေသြဇာ၊ အင်ဒရင်း စတဲ့လူသောက် သုံးရန် မဖြစ်နိုင်တဲ့   ဓာတု ပစ္စည်းများနဲ့ထုတ်လုပ်ထားလို့   ရှောင်ကြဉ်သင့်တယ်။ အရက်၊ ဘီယာများက အသည်း အဆီဖုံးရောဂါ၊ အသည်းရောင်ရောဂါ၊ အသည်းအမာရွတ်စွဲထင်ခြင်း၊ အသည်းကြွပ်ဆတ်နာ၊ အသည်း ကင်ဆာတို့ဖြစ်စေကာ အသက်တိုစေနိုင်တယ်။

အန္တရာယ်ကင်းရှင်းတဲ့အစားအစာများ ရွေးချယ် စားသုံးဖို့ အလွယ်တကူဝယ်ယူရရှိစေရေး၊ တန်ဖိုးနည်းပြီး ဝင်ငွေနဲ့ ချင့်ချိန်ဝယ်ယူနိုင်ဖို့ ဆိုတဲ့ အချက် သုံးချက်နဲ့ပြည့်စုံတဲ့  အစားအသောက်များဖြစ်ဖို့  လိုအပ်ပါတယ်။    ရောင်းချသူများ ဘက်မှသန့်ရှင်း လတ်ဆတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားအစာများ ထုတ်လုပ်ရောင်းချဖို့ လိုအပ်သလို စားသုံးသူများ ဘက်ကလည်း  သန့်ရှင်းမှုရှိ၊  မရှိစစ်ဆေးဖို့လိုပါတယ်။ သို့မှသာ ဘေးအန္တရာယ် ကင်းရှင်းပြီး အာဟာရ ပြည့်ဝတဲ့   အစားအစာများစားသုံးနိုင်မှာဖြစ်တယ်။  

အစားအသောက်စစ်ဆေးရေးတာဝန်ရှိသူများအဖွဲ့ ကလည်း   စစ်ဆေးကြပ်မတ်ကာ  လမ်းညွှန်သင့် တယ်။

ရောင်းချသူ၊ စားသုံးသူ၊ အစားအစာထုတ်လုပ်သူ သုံးရပ်မှာ ကျန်းမာရေးအသိနဲ့ ဆောင်ရွက်ပါက သန့်ရှင်း လတ်ဆတ် သော အစားအစာများကိုရရှိစေ နိုင်တယ်။  ညှိနှိုင်းမရပါက ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်နေဦး မှာဖြစ်တယ်။  တာဝန်ရှိသူများက ပုံမှန် စစ်ဆေးခြင်း၊ ရှောင်တခင်စစ်ဆေးခြင်း၊ စားသောက် ဆိုင်ပိုင်ရှင်များ ကလည်း သန့်ရှင်းသန့်ပြန့်မှုကို အလေး ထားလိုက်နာကာ အရေးယူခြင်း၊ ဒဏ်ရိုက်ခြင်း၊  ဈေးကွက်မှ ဖယ်ရှား ခြင်းတို့ ပြုလုပ်ကြပ်မတ် ဆောင်ရွက်ပေးရင် ပြည်သူများ အနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများ စားသုံး နိုင်မှာပဲ ဖြစ်ပါတယ်။   ။