မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးတို့အား ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ သွားရောက်ဖူးမြော် ကြည်ညို

 

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးတို့အား ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ သွားရောက်ဖူးမြော် ကြည်ညို

 

နေပြည်တော် ဧပြီ ၂၄

    ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် ရွေးချယ်ခံရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ   လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ  မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးတို့ကို သွားရောက်ဖူးမြော်ကြသည်။

    ရှေးဦးစွာ  လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများသည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော် အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့်    မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ ရောက်ရှိကြရာ ရှင်းလင်းဆောင်၌ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့ တာဝန်ရှိသူက မာရဝိဇယဘုရားကြီး  တည်ထားကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊  ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု၊ လက်ရှိ ထိန်းသိမ်း ဆောင်ရွက်နေမှု၊ ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ကျောက်စာတော်များ တည်ထားဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှု အခြေအနေတို့ကို ရှင်းလင်းပြောကြားပြီး မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။

    ထို့နောက် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများက ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု အခြေအနေများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များ ကို မေးမြန်းကြရာ  တာဝန်ရှိသူများက အသေးစိတ်ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

    ယင်းနောက် မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော် ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့်  ဂန္ဓကုဋိတိုက်များ၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း အံ့မခန်းဗိသုကာ လက်ရာများဖြင့် ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသည့် ကျောက်စာရုံစေတီတော်နှင့်  အခြားသာသနိက အဆောက်အအုံများကို  ဆက်လက်ဖူးမြော် လေ့လာ ကြည်ညိုခဲ့ကြသည်။

    ဆက်လက်၍ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများသည် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ ရောက်ရှိကြကာ စေတီတော်မြတ်ကြီး လှိုဏ်တော်အတွင်းရှိ ကျောက်စိမ်းရုပ်ပွားတော်များနှင့် စေတီတော်ရင်ပြင်အတွင်း လှည့်လည်ဖူးမြော်ကြည်ညိုကြပြီး စေတီတော် အရှေ့ဘက်မုခ်ရှိ ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေး ဥယျာဉ်သို့ သွားရောက်၍ ဆင်ဖြူတော်များကို လေ့လာကြည့်ရှုကြသည်။ 

    အဆိုပါ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအဖွဲ့တွင် ကချင်ပြည်နယ်မှ ၃၂ဦး၊ ကရင်ပြည်နယ်မှ ၈ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၄၀၊   တနင်္သာရီတိုင်းဒေသကြီးမှ ၂၂ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၄၈ ဦး၊ မကွေးတိုင်းဒေသကြီးမှ ၄၆ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၆၄ဦး၊ မွန်ပြည်နယ်မှ ၂၄ ဦး၊ ရခိုင်ပြည်နယ်မှ ၃၀ ၊ ရန်ကုန်တိုင်းဒေသကြီးမှ ၈၀ ၊ ရှမ်း ပြည်နယ်မှ ၈၀၊ ဧရာဝတီတိုင်း ဒေသကြီးမှ ၆၄ ဦး နှင့် နေပြည်တော်မှ ၁၆ ဦး စုစုပေါင်း ၅၅၄ ဦးနှင့် ကြီးကြပ်သူ ၆၄ ဦး ပါဝင်ကြောင်း သိရသည်။