အီရန်သို့ နိုင်ငံတကာ စီးပွားရေးရာ ဝန်ကြီးဦးဆောင်သည့် မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ သွားရောက်

 

အီရန်သို့ နိုင်ငံတကာ စီးပွားရေးရာ ဝန်ကြီးဦးဆောင်သည့် မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ သွားရောက်

 

    မြောက်ကိုရီးယားနိုင်ငံ၏ နိုင်ငံတကာ စီးပွားရေးရာဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ကြုံတောင့်ကြုံခဲ ခရီးစဉ်အဖြစ် အီရန်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNAသတင်း အေဂျင်စီက ထုတ်ပြန်သည်။

မြောက်ကိုရီးယား နိုင်ငံတကာ စီးပွားရေးရာဝန်ကြီး ယွန်ဂျုန်ဟို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အီရန်သို့ ဧပြီလ ၂၃ ရက်တွင်  ထွက်ခွာလာခြင်းဖြစ်ပြီး အဆိုပါခရီးစဉ်၏ အသေးစိတ်နှင့်စပ်လျဉ်း၍ သတင်းအေဂျင်စီက ဖော်ပြထားခြင်း မရှိပေ။  မြောက်ကိုရီးယားအစိုးရ အဖွဲ့မှ အရာရှိများသည် ၂၀၁၉ တွင် အီရန်သို့ နောက်ဆုံးအကြိမ် သွားရောက်ခဲ့ခြင်း ဖြစ်သည်။

အီရန်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံတို့၏ နျူကလီးယားနှင့် ဒုံးကျည်နည်းပညာ ထုတ်လုပ်မှုတွင် ပူးပေါင်း ဆောင်ရွက်နေခြင်းအပေါ် အမေရိကန်အစိုးရက အလွန်စိုးရိမ်မကင်းဖြစ်လျက်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မက်သယူးမေးလ်လားက အစောပိုင်းတွင် ပြောသည်။ ထို့ပြင် မြောက်ကိုရီးယားနိုင်ငံနှင့် အီရန်တို့သည် ယခင်ကလည်း ဒုံးကျည်ထုတ်လုပ်မှုတွင် ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းကြောင့် မြောက်ကိုရီးယား၏ ဒုံးကျည်နည်းပညာကို အစ္စရေးသို့ ပစ်ခတ်တိုက်ခိုက်သည့် အီရန်၏ ပဲ့ထိန်းဒုံးကျည်များတွင် ထည့်သွင်း အသုံးပြုခြင်း ရှိ၊ မရှိကို စောင့်ကြည့်လျက်ရှိကြောင်း   တောင်ကိုရီးယား အမျိုးသား ထောက်လှမ်းရေး အေဂျင်စီက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း၌  ပြောကြားထားကြောင်း သိရသည်။

သို့ရာတွင် အမေရိကန်နှင့်  တောင်ကိုရီးယားတို့၏  ပြောကြားချက်များသည် အခြေအမြစ်မရှိသော ကောလာဟလများဖြစ်ပြီး   အရှေ့အလယ်ပိုင်း ဒေသတွင် အမေရိကန်ကြောင့်ဖြစ်ပွားသည့် ပဋိပက္ခအတွက် အခြားနိုင်ငံတစ်နိုင်ငံအား အပြစ်ပုံချနေခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားက တုံ့ပြန်ပြောကြားခဲ့ကြောင်း သိရသည်။