အမေရိကန်ရှိ နွားနို့များတွင် ကြက်၊ ငှက်တုပ်ကွေးရောဂါပိုး တွေ့ရှိ

 

အမေရိကန်ရှိ နွားနို့များတွင် ကြက်၊ ငှက်တုပ်ကွေးရောဂါပိုး တွေ့ရှိ

 

    အမေရိကန်ပြည်ထောင်စုရှိ နွားနို့များတွင် ကြက်၊ ငှက်တုပ်ကွေးရောဂါပိုး၏ အမှုန်များကို တွေ့ရှိခဲ့ရကြောင်း   အမေရိကန် အစားအစာနှင့်   ဆေးဝါးစီမံကွပ်ကဲရေး အေဂျင်စီ (FDA)က အတည်ပြု ထုတ်ပြန်သည်။

H5N1 ဟုအမည်ပေးထားသည့် ကြက်၊ငှက်တုပ်ကွေး ရောဂါပိုးကို ပြည်နယ်ရှစ်ခု အတွင်းရှိ နို့စားနွားမွေးမြူရေးခြံ ၃၃ မှ မကျိုချက်ရသေးသော  နွားနို့များတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယခုအခါ အဆိုပါနွားနို့များကို ကုန်တိုက်ကြီးများတွင် ရောင်းချ နေခြင်းမှ   ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း၊ ရှာဖွေတွေ့ရှိခဲ့သည့် စားသုံးသူများအား အန္တရာယ်ဖြစ်စေနိုင်အောင် ပြင်းထန်မှုမရှိကြောင်း FDA  က ဧပြီလ ၂၃ ရက်တွင် ပြောသည်။

သို့သော် ရောဂါပိုးတွေ့ရှိမှုနှင့် စပ်လျဉ်း၍ အာဏာပိုင်များက ဆက်လက်စုံစမ်းနေစဉ်  စားသုံးသူများအနေဖြင့်  နွားနို့အား ကျိုချက်ခြင်းမရှိဘဲ  အစိမ်းသောက်ခြင်းမှ ရှောင်ကြဉ်ကြရန် အမေရိကန်စိုက်ပျိုးရေး ဝန်ကြီးဌာနနှင့် FDA တို့က တိုက်တွန်း ထားသည်။

H5N1 ကြက်၊ ငှက်တုပ်ကွေးရောဂါပိုးသည် နို့စားနွားများတွင် ဖြစ်ပွားခြင်းသည် မကြာသေးမီက စတင်ခဲ့ခြင်းဖြစ်ပြီး ဆက်လက် ပြောင်းလဲလျက်ရှိကြောင်း၊   နွားနို့အား ကုန်တိုက်နှင့် ဈေးဆိုင်ကြီးများတွင် မရောင်းချမီ ပိုးသေစေရန်အတွက် လုံလောက်သည့် အချိန်ကာလနှင့် အပူချိန်ဖြင့် ပိုးသတ်ခြင်းသည် စားသုံးသူများ၏ ကျန်းမာရေးအပေါ် ထိခိုက်စေမည် မဟုတ်ကြောင်း အပြည်ပြည်ဆိုင်ရာ  နို့ထွက်စားသောက်ကုန်ပစ္စည်း ထုတ်လုပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ မက်ဟားရစ်က ပြောကြားခဲ့ကြောင်း သိရသည်။

သို့သော်   နွားနို့နမူနာ အရေအတွက် မည်မျှကို စစ်ဆေးခဲ့ကြောင်းနှင့် အဆိုပါ နွားနို့နမူနာများအား   မည်သည့်မွေးမြူရေးခြံများမှ ရယူခဲ့ကြောင်းကို  FDA က အသေးစိတ် ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။