မြိတ်မြို့ရှိ ကျောက်ဖြူတောင်/နတ်စင်ကုန်း ကုန်ထုတ်စခန်း၊ မြိတ်အကျဉ်းထောင်၊ အမျိုးသမီး သက်မွေးအတတ်ပညာ သင်ကျောင်း၊ မြို့မရဲစခန်း အချုပ်ခန်းနှင့် တရားရုံး အချုပ်ခန်းတို့ကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ကြည့်ရှုစစ်ဆေး

 

မြိတ်မြို့ရှိ ကျောက်ဖြူတောင်/နတ်စင်ကုန်း ကုန်ထုတ်စခန်း၊ မြိတ်အကျဉ်းထောင်၊ အမျိုးသမီး သက်မွေးအတတ်ပညာ သင်ကျောင်း၊ မြို့မရဲစခန်း အချုပ်ခန်းနှင့် တရားရုံး အချုပ်ခန်းတို့ကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဧပြီ  ၂၄

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးတင်အောင် ဦးဆောင်သော အဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ တနင်္သာရီတိုင်း ဒေသကြီး  မြိတ်မြို့ရှိ ကျောက်ဖြူတောင်/နတ်စင်ကုန်း ကုန်ထုတ်စခန်းကို ဧပြီလ ၂၂ ရက်တွင် လည်းကောင်း၊ မြိတ်အကျဉ်းထောင်နှင့် အမျိုးသမီး သက်မွေးအတတ် ပညာသင်ကျောင်းတို့ကို ဧပြီလ ၂၃ ရက်တွင် လည်းကောင်း၊ မြို့မရဲစခန်းအချုပ်ခန်းနှင့် ခရိုင်/ မြို့နယ်တရားရုံး အချုပ်ခန်းများကို ယနေ့တွင်လည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ကော်မရှင်အဖွဲ့သည် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ကျောက်ဖြူတောင်/နတ်စင်ကုန်း ကုန်ထုတ်စခန်းနှင့် မြိတ်အကျဉ်းထောင်တို့ကို ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများကို   အိပ်ဆောင်များတွင် တွေ့ဆုံ၍ အကျဉ်းသား၊   အချုပ်သားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ သန့်ရှင်းသော သောက်ရေနှင့်သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှု၊ မိသားစုနှင့် တွေ့ဆုံခွင့်ပေးနေမှု၊ လွတ်လပ်စွာ ကိုးကွယ်နိုင်မှု၊ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးမှု၊    စာရိတ္တပြုပြင် ပြောင်းလဲပေးမှု၊ စာကြည့်တိုက်သုံးစွဲမှု၊  လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ထားရှိမှု၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိမှု၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိမှုအခြေအနေများ၊ ညှဉ်းပန်းနှိပ်စက်မှု ရှိ၊မရှိ အခြေအနေနှင့် အချုပ်ခန်းများအတွင်း သန့်ရှင်းမှု အခြေအနေစသည်တို့ကို မေးမြန်းခဲ့ပြီး သီးခြားလွတ်လပ်စွာ တွေ့ဆုံခွင့် တောင်းခံသူ အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများကိုလည်း သီးခြားတွေ့ဆုံမေးမြန်း မှတ်တမ်းတင်ခဲ့သည်။

ယင်းနောက် အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများ၏ အိပ်ဆောင်များ၊ ဆေးရုံဆောင်၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုဒေါင်၊ ရေသန့်စက်၊ သုံးရေကန်များ၊ အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ၊ မရှိ စသည်တို့ကိုကြည့်ရှုစစ်ဆေးပြီး အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ် စာအုပ်များကို ကော်မရှင်မှလှူဒါန်းခဲ့သည်။

ထို့နောက် ကော်မရှင်အဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီး ဌာနအောက်ရှိ အမျိုးသမီး သက်မွေးအတတ်ပညာ သင်ကျောင်းကို ကြည့်ရှုစစ်ဆေးစဉ် သင်တန်းကျောင်းတွင် အမျိုးသမီးငယ်များအား ကျန်းမာရေးစောင့်ရှောက်မှု၊ အစားအစာ ကျွေးမွေးမှု၊ အိပ်ဆောင်များထားရှိမှု၊ နိုင်ငံသား စိစစ်ရေးကတ်ပြားရရှိမှု၊ သန့်ရှင်းသော သောက်ရေနှင့်သုံးရေ ရရှိစေရန် ဆောင်ရွက်ပေးနေမှု၊ စိတ်ပိုင်းဆိုင်ရာ၊  ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာစေရန်  လေ့ကျင့်ပြုစု စောင့်ရှောက်ပေးမှု အခြေအနေများနှင့် အတန်းပညာ သင်ယူခွင့် ဆောင်ရွက်ပေးနေမှု၊ အသက်မွေးဝမ်းကျောင်း အတတ်ပညာများ    လေ့ကျင့်သင်ကြား ဆောင်ရွက်ပေးနေမှု၊   မိသားစုနှင့်ဆက်သွယ်ခွင့်၊  မိသားစုနှင့်ပြန်လည် ပေါင်းစည်းခွင့်နှင့် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်  စသည့် အခြေခံလူ့အခွင့်အရေးများ ရရှိစေရန်ဆောင်ရွက်ပေးနေမှု အခြေအနေတို့ကို   ကြည့်ရှုစစ်ဆေးသည်။

အဆိုပါအဖွဲ့သည် မြို့မရဲစခန်း အချုပ်ခန်းနှင့် တရားရုံးအချုပ်ခန်းတို့ကို ဝင်ရောက် ကြည့်ရှုစစ်ဆေးစဉ် ရမန်ကာလအခြေအနေ၊ အချုပ်ခန်းများတွင် နေထိုင်စဉ် ကာလအတွင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ၊ မရှိ ၊ မိသားစုနှင့်တွေ့ဆုံနိုင်မှု၊   တရားရုံးတွင် ရုံးထုတ်ချိန်ကာလအတွင်း စားသောက်ရေး စီစဉ်ပေးမှု၊ အချုပ်ခန်းအတွင်း မိလ္လာသုံးစွဲမှုနှင့် အချုပ်ခန်းများအတွင်း သန့်ရှင်းမှု၊ တရားရုံးထုတ်စဉ် မိသားစုဝင်များ၊  အကျိုးဆောင်ရှေ့နေများနှင့်    တွေ့ဆုံခွင့်ရရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ကော်မရှင်အဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများသို့ အကြံပြု ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။