လီဗာပူးအသင်းက နည်းပြအမိုရင်အား ခန့်အပ်မည့် အစီအစဉ်ကို ဖျက်သိမ်းပြီး ဖီယင်နုအသင်း နည်းပြအာနီဆလော့ကို ခန့်အပ်ရန် ဆွေးနွေးနေ

 

လီဗာပူးအသင်းက နည်းပြအမိုရင်အား ခန့်အပ်မည့် အစီအစဉ်ကို ဖျက်သိမ်းပြီး ဖီယင်နုအသင်း နည်းပြအာနီဆလော့ကို ခန့်အပ်ရန် ဆွေးနွေးနေ

 

    လီဗာပူးအသင်းက   ယခုဘောလုံးရာသီ အကုန်တွင် အသင်းမှထွက်ခွာမည့် နည်းပြဂျာဂန်ကလော့၏ နေရာ၌အစားထိုးရန် စပို့တင်းလစ္စဘွန်း အသင်းနည်းပြ   အမိုရင်အားခန့်အပ်မည့် အစီအစဉ်ကို ဖျက်သိမ်းပြီး ဖီယင်နုအသင်းနည်းပြ အာနီဆလော့ကို ခန့််အပ်ရန် ဆွေးနွေးနေကြောင်း သိရသည်။

လီဗာပူးအသင်းသည်  နည်းပြကလော့၏နေရာ၌ အစားထိုးရန်အတွက် အစောပိုင်းက လေဗာကူဆင် အသင်းနည်းပြ   အလွန်ဆိုကိုခန့်အပ်ရန်ကြိုးပမ်းခဲ့ သော်လည်း အလွန်ဆိုက လေဗာကူဆင် အသင်းနှင့်သာ ဆက်လက်လက်တွဲရန် ဆုံးဖြတ်ခဲ့သည့်အတွက် စပို့တင်းလစ္စဘွန်းနည်းပြ အမိုရင်ကိုခန့်အပ်ရန် ထပ်မံကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

သို့သော်   လီဗာပူးအသင်းက  နည်းပြအမိုရင်ကို ခန့်အပ်ရန် ကြိုးပမ်းခဲ့သော်လည်း နည်းပြအမိုရင်ကိုယ်တိုင်ကလည်း ပြောင်းရွှေ့ လိုခြင်း မရှိသည့်အတွက် ခေါ်ယူမည့်အစီအစဉ်ကို ဖျက်သိမ်းပြီးနောက် ဖီယင်နုအသင်းနည်းပြ အာနီဆလော့ကို ခန့်အပ်ရန် ဆွေးနွေးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

အသက် ၄၅ နှစ်အရွယ် နည်းပြ အာနီဆလော့သည် ၂၀၂၀ ပြည့်နှစ်က အယ်လ်ခမာအသင်းနှင့် လမ်းခွဲပြီးနောက်  ၂၀၂၁ ခုနှစ်က ဖီယင်နုအသင်း နည်းပြအဖြစ်   တာဝန်ထမ်းဆောင်ခဲ့ပြီး  ပြီးခဲ့သည့် ဘောလုံးရာသီက နယ်သာလန်လိဂ်ဖလား ဆွတ်ခူးပေးနိုင်သကဲ့သို့ ယခုဘောလုံးရာသီတွင်လည်း ပွဲစဉ် (၃၀) အပြီးတွင် ရမှတ် ၇၂ မှတ်ဖြင့်  အဆင့်(၂) နေရာ၌ ရပ်တည်အောင် စွမ်းဆောင်ထားကာ ချန်ပီယံ လိဂ်ဝင်ခွင့်အတွက်လည်း အခြေအနေ ကောင်းမွန်လျက် ရှိသည်။

ဖီယင်နုအသင်းက    နည်းပြ အာနီဆလော့ကို လက်မလွှတ်လိုသော်လည်း လီဗာပူးအသင်းက ခန့်အပ်ရန် ဆွေးနွေးမှုများ ပြုလုပ်နေသကဲ့သို့ အာနီဆလော့ ကိုယ်တိုင်ကလည်း လီဗာပူးအသင်းသို့ ပြောင်းရွှေ့ လိုနေသည့်အတွက် လက်လွှတ် သွားဖွယ်ရှိကြောင်း သိရသည်။